Japan

ဂျပန်နိုင်ငံအနေဖြင့် အိန္ဒိယနှင့်အရှေ့တောင်အာရှနိုင်ငံများမှ နည်းပညာကျွမ်းကျင်လုပ်သားများကို ခေါ်ယူရန် ဆောင်ရွက်လျက်ရှိ

Last Updated:

ဂျပန်အစိုးရအဖွဲ့အနေဖြင့် အိန္ဒိယနိုင်ငံနှင့် အရှေ့တောင်အာရှနိုင်ငံများမှ နည်းပညာကျွမ်းကျင်လုပ်သားများကို ခေါ်ယူနိုင်ရေးနှင့် ဂျပန်နိုင်ငံတွင် ရင်းနှီးမြှုပ်နှံမှုများတိုးမြှင့်ချဲ့ထွင်နိုင်ရေးအတွက် ၁၀-၄-၂၀၂၄ ရက်နေ့တွင် အစည်းအဝေးတစ်ရပ်ကို ပြုလုပ်ခဲ့ကြောင်း ၁၁-၄-၂၀၂၄ ရက်နေ့ထုတ် The Nikkei Asia သတင်းစာတွင် “Japan targets India and Southeast Asia to recruit tech workers” ခေါင်းစဉ်ဖြင့် ဖော်ပြခဲ့ပါသည်။

အဆိုပါသတင်းတွင် အစိုးရအဖွဲ့၏လုပ်ငန်းအဖွဲ့အနေဖြင့် ရင်းနှီးမြှုပ်နှံမှုဆိုင်ရာအခွင့်အလမ်းများတိုးမြှင့်နိုင်ရေး၊ ကျွမ်းကျင်မှုမြင့်မားသော လုပ်သားများအား ထိန်းသိမ်းထားနိုင်ရေး၊ ပြည်ပကုမ္ပဏီများနှင့် ပူးပေါင်းဆောင်ရွက်မှုမြှင့်တင်နိုင်ရေးနှင့် ပြည်တွင်းစီးပွားရေးနှင့် လူမှုပတ်ဝန်းကျင်မြှင့်တင်နိုင်ရေး စသည့်အချက် ၄ ချက်ကို အဓိကထား၍ ဆွေးနွေးခဲ့ကြကြောင်း ဖော်ပြထားပါသည်။

အိန္ဒိယနှင့် အရှေ့တောင်အာရှနိုင်ငံများမှ နည်းပညာကျွမ်းကျင်လုပ်သားများ ဂျပန်နိုင်ငံတွင် အလွယ်တကူနေထိုင်လုပ်ကိုင်နိုင်ရေးအတွက် Residency Status ကိုပြင်ဆင်နိုင်ရေး ဆောင်ရွက်လျက်ရှိကြောင်း၊ ထို့ပြင် ပြည်ပကုမ္ပဏီများအနေဖြင့် ဂျပန်နိုင်ငံတွင် စီးပွားရေးလုပ်ငန်းများ လွယ်ကူအဆင်ပြေစွာ စတင်တည်ထောင်နိုင်ရေး ကူညီဆောင်ရွက်ပေးနိုင်ရန် ကုမ္ပဏီတည်ထောင်မှုဆိုင်ရာလုပ်ငန်းစဉ်များကို အင်္ဂလိပ်ဘာသာဖြင့် ပြောင်းလဲဆောင်ရွက်ပေးနိုင်ရေး စီစဉ်လျက်ရှိကြောင်း ဖော်ပြထားပါသည်။

ဂျပန်နိုင်ငံအနေဖြင့် ၂၀၃၀ ပြည့်နှစ်တွင် နိုင်ငံခြားတိုက်ရိုက်ရင်းနှီးမြှုပ်နှံမှုဝင်ရောက်မှုပမာဏကို ယန်း ၁၀၀ ထရီလီယံ(အမေရိကန်ဒေါ်လာ ၆၅၃.၉ ဘီလီယံ)ရရှိစေရေး ရည်မှန်းဆောင်ရွက်လျက်ရှိကြောင်း၊ ၂၀၂၂ ခုနှစ် နှစ်ကုန်တွင် နိုင်ငံခြားတိုက်ရိုက်ရင်းနှီးမြှုပ်နှံမှု စုစုပေါင်းဝင်ရောက်ခဲ့မှုမှာ ယန်း ၄၆ ထရီလီယံရှိခဲ့ကြောင်း၊ အစိုးရအနေဖြင့် နည်းပညာကျွမ်းကျင်လုပ်သားများနှင့်အခြားသော လုပ်သားများကို နိုင်ငံတွင်း၌ ထိန်းသိမ်းထားနိုင်ခြင်းနှင့် ၎င်းတို့၏လူနေမှုအခြေအနေများ မြှင့်တင်ဆောင်ရွက်ပေးခြင်းဖြင့် နိုင်ငံခြားတိုက်ရိုက်ရင်းနှီးမြှုပ်နှံမှုများကို ပိုမိုဆွဲဆောင်နိုင်ရေးမျှော်မှန်းဆောင်ရွက်လျက်ရှိကြောင်း ဖော်ပြထားပါသည်။

Source: The Nikkei Asia (၁၁-၄-၂၀၂၄)

(သူဇာဖြိုး၊ စီးပွားရေးသံမှူး၊ တိုကျိုမြို့)

Category: Japan