U. A. E

တရုတ်နိုင်ငံ၏၁၃၅ ကြိမ်မြောက်ကန်တုန်ပြပွဲ ဈေးကွက်မြှင့်တင်ရေးညီလာခံကို ယူအေအီးနိုင်ငံ၊ ဒူဘိုင်းမြို့မှအိမ်ရှင်အဖြစ် လက်ခံကျင်းပ

Last Updated:

တရုတ်နိုင်ငံနှင့်ယူအေအီးနှစ်နိုင်ငံအကြား ကုန်သွယ်မှုနှင့်စီးပွားရေးဆက်ဆံမှု ခိုင်မာစေရန်ကြိုးပမ်းရာတွင် ကမ္ဘာ့ထိပ်တန်းနိုင်ငံတကာကုန်သွယ်မှုပြပွဲများထဲမှတစ်ခုဖြစ်သော ကန်တုန်ပြပွဲ(တရုတ်သွင်းကုန်/ထုတ်ကုန်ပြပွဲ)၏ ၁၃၅ ကြိမ်မြောက်ကန်တုန်ပြပွဲအတွက် အရောင်းမြှင့်တင်ရေးညီလာခံကို ဒူဘိုင်းမြို့၌ မနေ့ကစတင်ကျင်းပခဲ့ရာ Emirates လေကြောင်းလိုင်းအပါအဝင် စီးပွားရေးလုပ်ငန်းအဖွဲ့အစည်းများနှင့်ကိုယ်စားလှယ်ပေါင်း ၈၀ ခန့် တက်ရောက်ခဲ့ကြပါသည်။

ကန်တုန်ပြပွဲ၏ လက်ထောက်အထွေထွေအတွင်းရေးမှူး Zhang Sihong က ပြပွဲကိုလာမည့် ၂၀၂၄ ခုနှစ်၊ ဧပြီလ ၁၅ ရက်နေ့တွင် ကျင်းပရန်စီစဉ်ထားပြီး ပြပွဲနေရာကိုစတုရန်းမီတာ ၁.၅၅ သန်းအထိ တိုးချဲ့သွားမည်ဖြစ်ကြောင်း အတည်ပြုပြောကြားခဲ့ပါသည်။ အဆိုပါတိုးချဲ့မှုသည် ဧည့်သည်များနှင့် ပြပွဲပြသသူများအတွက် ပိုမိုကြွယ်ဝပြီး ပြည့်စုံသောအတွေ့အကြုံကို ပေးစွမ်းရန်ရည်ရွယ်ထားပြီး ပြပွဲပြသသူ ၂၈,၀၀၀ ကျော်ပါဝင်လာရန် မျှော်လင့်ထားကာ နိုင်ငံတကာမှဝယ်ယူသူများအတွက် အရင်းအမြစ်နှင့် စီးပွားရေးပူးပေါင်းဆောင်ရွက်မှုကိုတိုးမြှင့်ရန်အတွက် ထူးခြားသောအခွင့်အလမ်းတစ်ခုပေးစွမ်းရန် ရည်ရွယ်ထားကြောင်း ဖော်ပြထားပါသည်။

အာရှဒူဘိုင်းကုန်သည်ကြီးများအသင်း၏ဒေသဆိုင်ရာဒါရိုက်တာ Marwan Al Marri က တရုတ်ကုမ္ပဏီများကိုကြိုဆိုရခြင်းအတွက် ဝမ်းမြောက်မိကြောင်းပြောကြားခဲ့ပြီး ဒူဘိုင်းကုန်သည်ကြီးများအသင်း၏အခန်းကဏ္ဍနှင့် ဒူဘိုင်းစီးပွားရေးအစီအစဉ်(D33)၏ နိုင်ငံခြားကုန်သွယ်မှုကိုမြှင့်တင်ရန် ရည်မှန်းချက်အား အောင်မြင်စေရန် ကတိကဝတ်များအဖြစ် ဒူဘိုင်းကုန်သည်ကြီးများအသင်း၏ အခန်းကဏ္ဍကို အလေးထားပြောကြားခဲ့ပါသည်။

ကန်တုန်ပြပွဲကို ၁၉၅၇ ခုနှစ်၊ နွေဦးပေါက်တွင်စတင်တည်ထောင်ခဲ့ပြီး တရုတ်နိုင်ငံ၊ ဂွမ်ဇု ပြည်နယ်တွင် တစ်နှစ်လျှင် နှစ်ကြိမ်ကျင်းပခဲ့ကာ ၎င်း၏ရှည်လျားသောသမိုင်းကြောင်း၊ မတူကွဲပြားသောပြပွဲများနှင့် ကမ္ဘာတစ်ဝှမ်းမှကုန်သည်များနှင့် ဝယ်ယူသူများ၏ ကျယ်ပြန့်စွာပါဝင်မှုကြောင့် နိုင်ငံတကာကုန်သွယ်မှုပြပွဲများတွင် အရေးပါသောပြပွဲတစ်ခုဖြစ်ပါ သည်။ နောက်ဆုံးပေါ်ထုတ်ကုန်များနှင့် ဆန်းသစ်တီထွင်မှုများကိုပြသရန်နှင့် နိုင်ငံတကာကုန်သွယ်မှုဆက်ဆံရေးကို မြှင့်တင်ရန်အတွက် စံပြလမ်းကြောင်းတစ်ခုအနေဖြင့် အဆိုပါကုန်စည်ပြပွဲသည် ကမ္ဘာ့ကုန်သွယ်မှုနှင့် စီးပွားရေးလုပ်ငန်းကဏ္ဍများအတွက် အရေးပါသောစုစည်းမှုတစ်ခုဖြစ်ကြောင်း သတင်းဌာနမှ ဖော်ပြထားပါသည်။

Source: emirates247.com

(နန္ဒာစိုးမြင့်၊ စီးပွားရေးသံမှူး၊ ဒူဘိုင်းမြို့)

Category: U. A. E