Russia

ရုရှားသည် အနောက်နိုင်ငံများသို့ ရေနံတင်ပို့မှုကို ၁၅ ရာခိုင်နှုန်းအထိ လျှော့ချပြီး အရှေ့နိုင်ငံများသို့ ရေနံတင်ပို့မှုကို ၈၅ ရာခိုင်နှုန်းအထိ တိုးမြှင့်

Last Updated:

ရုရှားနိုင်ငံသည် အနောက်နိုင်ငံများသို့ ရေနံတင်ပို့မှုပမာဏဝေစုကို ၆၀ ရာခိုင်နှုန်းမှ ၁၅ ရာခိုင်နှုန်းသို့ လျှော့ချခဲ့ပြီး အရှေ့ဘက်နိုင်ငံများသို့ ၄၀ ရာခိုင်နှုန်းမှ ၈၅ ရာခိုင်နှုန်းအထိ တိုးမြှင့်ခဲ့ကြောင်း ရုရှားဒုတိယဝန်ကြီးချုပ် Mr. Alexander Novak က ပြောကြားခဲ့သည်။

ယေဘုယျအားဖြင့် ၂၀၂၁ ခုနှစ်တွင် ရုရှား၏ ရေနံပို့ကုန်ပမာဏသည် ယခုလက်ရှိအတိုင်းပင်ဖြစ်ပြီး ရေနံတန်ချိန်သန်း ၂၃၀ ခန့်ဖြစ်သည်။ ၎င်းပမာဏထဲမှ ၆၀ ရာခိုင်နှုန်းခန့်ကို အနောက်နိုင်ငံများသို့ ထောက်ပံ့ပေးပို့ခဲ့ခြင်းဖြစ်ပြီး ၄၀ ရာခိုင်နှုန်းခန့်ကို အရှေ့ဘက်နိုင်ငံများသို့ ထောက်ပံ့ခဲ့ခြင်းဖြစ်သည်။ လက်ရှိအခြေအနေတွင် အနောက်နိုင်ငံသို့ ၁၅ ရာခိုင်နှုန်းသာ ကျန်ရှိတော့ပြီး အရှေ့ဘက်နိုင်ငံများသို့ ၈၅ ရာခိုင်နှုန်းအထိ တိုးတက်လာခဲ့ခြင်းဖြစ်သည်။

ဒုတိယ၀န်ကြီးချုပ်၏ပြောကြားချက်အရ လက်ရှိအခြေအနေသည် အနောက်နိုင်ငံသို့ ရေနံပိုမိုထောက်ပံ့ရန်မဖြစ်နိုင်ကြောင်း၊ ယေဘုယျအားဖြင့် အခြေအနေများတည်ငြိမ်သွားပြီဖြစ်သော်လည်း ပထဝီနိုင်ငံရေးအခြေအနေမှာ မပြောင်းလဲသဖြင့် အနောက်နိုင်ငံများသို့ ရေနံပိုမိုတင်ပို့ရန် မဖြစ်နိုင်ကြောင်း သိရှိရသည်။

၂၀၂၃ ခုနှစ်တွင် ရုရှားနိုင်ငံမှ ရေနံတင်ပို့မှုသည် ပမာဏတန်ချိန် ၂၃၄.၃ သန်းရှိပြီး ၂၀၂၂ ခုနှစ်တွင် ၂၄၂.၂ သန်းတန်ချိန်ရှိသဖြင့် ၃.၃ ရာခိုင်နှုန်း ကျဆင်းခဲ့ကြောင်း၊ ၂၀၂၃ ခုနှစ်တွင် အာရှ-ပစိဖိတ် ဒေသသို့ ရုရှားရေနံတင်ပို့မှုပမာဏသည် တန်ချိန် ၁၉၃ သန်းရှိကြောင်း သိရှိရသည်။ ထို့အပြင် ၂၀၂၃ ခုနှစ်တွင် ရုရှားရေနံထုတ်လုပ်မှုသည် တန်ချိန် ၅၃၀.၆ သန်းရှိပြီး ၀.၈ ရာခိုင်နှုန်းသို့ ကျဆင်းသွားခဲ့ကြောင်း သိရှိရသည်။

ရုရှားနိုင်ငံ၏ နိုင်ငံခြားကုန်သွယ်မှုနှင့် ရင်းနှီးမြှုပ်နှံမှုများသည် အာရှ-ပစိဖိတ်ဒေသသို့ ဦးတည်ဆောင်ရွက်လျက်ရှိသဖြင့် အနာဂတ်တွင်လည်း အာရှ-ပစိဖိတ်ဒေသများနှင့် ကုန်သွယ်မှုနှင့် ရင်းနှီးမြှုပ်နှံမှုပမာဏများသည် ဆက်လက်မြင့်တက်နိုင်ခြေရှိကြောင်း သုံးသပ်ရပါသည်။

Source :    https://tass.ru/ekonomika/19913559

(ခွန်မျိုးသူ၊ စီးပွားရေးသံမှူး၊ မော်စကိုမြို့)

Category: Russia