Russia

ရုရှားက အီကွေဒေါနိုင်ငံရှိ လုပ်ငန်း(၅) ခုမှ ငှက်ပျောသီးများတင်ပို့မှုကို ရပ်ဆိုင်းရန် တောင်းဆို

Last Updated:

ရုရှားနှင့် ဥရောပအာရှစီးပွားရေးသမဂ္ဂ(EAEU)နိုင်ငံများအတွက် အန္တရာယ်ရှိသော Megaselia scalaris(Loew)ပိုးမွှားများတွေ့ရှိမှုကြောင့် ဖေဖော်ဝါရီလ ၅ ရက်မှစတင်၍ အီကွေဒေါနိုင်ငံရှိ ငှက်ပျောသီးတင်ပို့သည့် လုပ်ငန်း(၅)ခုအား ငှက်ပျောသီးတင်ပို့မှုကို ရပ်ဆိုင်းထားရန် အီကွေဒေါကို တောင်းဆိုထားကြောင်း ရုရှားစိုက်ပျိုးရေးဝန်ကြီးဌာန၊ တိရစ္ဆာန်နှင့်အပင်ပိုးမွှားရောဂါကင်းရှင်းရေးကြီးကြပ်ကွပ်ကဲမှုဖက်ဒရယ်အစိုးရဌာန(Rosselkhoznadzor)၏ သတင်းထုတ်ပြန်ချက်အရ သိရှိရသည်။

အဆိုပါဌာနသည် အီကွေဒေါနိုင်ငံ၊ စိုက်ပျိုးရေးနှင့် မွေးမြူရေးဝန်ကြီး Mr. Franklin Danilo Palacios Marquez ထံသို့ စာပေးပို့ခဲ့ပြီး ငှက်ပျောသီးတင်ပို့သည့် လုပ်ငန်း(၅)ခုအား ဖေဖော်ဝါရီလ ၅ ရက်မှစ၍ အသိအမှတ်ပြုလက်မှတ်ကို ရပ်ဆိုင်းထားရန် တောင်းဆိုခဲ့ခြင်းဖြစ်သည်။ သတ်မှတ်စံချိန်စံညွှန်းများအား လိုက်နာရန် ပျက်ကွက်ခဲ့သော ငှက်ပျောသီးတင်ပို့သည့်လုပ်ငန်း(၅)ခုမှာ-Agzulasa Cia, Don Carlos Fruit S.A., Agroaereo Fruit Export S.A., Asociacion de Produccion Agropecuaria de el oro Asoproagroro, Comercializadora de Banano တို့ဖြစ်ပါသည်။

အသိအမှတ်ပြုလက်မှတ်ကိုဆိုင်းငံ့ခြင်းသည် အီကွေဒေါနိုင်ငံ၏လုပ်ပိုင်ခွင့်ဖြစ်ပြီး အသိအမှတ်ပြုလက်မှတ်မရှိလျှင် အီကွေဒေါတင်ပို့သူများသည် ၎င်း၏ကုန်ပစ္စည်းများကို တင်ပို့နိုင်မည်မဟုတ်ကြောင်း၊ အီကွေဒေါနိုင်ငံဘက်က ထိရောက်သော အရေးယူဆောင်ရွက်မှုများမပြုလုပ်ဘဲ ဆက်လက်၍ ငှက်ပျောသီးများတွင် အဆိုပါပိုးမွှားများကို ထပ်မံရှာဖွေတွေ့ရှိခဲ့ပါက Rosselkhoznadzor သည် နောက်တစ်ဆင့်တွင် တင်းကျပ်သောအစီအမံများကို ထပ်မံကန့်သတ်ချမှတ်ရန်လိုအပ်လာမည်ဖြစ်ကြောင်း Rosselkhoznadzor ဌာန၏ သတင်းထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

ရုရှားစတိုးဆိုင်များတွင် ရောင်းချသည့် ငှက်ပျောသီးအများစုသည် အီကွေဒေါနိုင်ငံမှ တင်သွင်းသော သစ်သီးများဖြစ်သည်။ ၂၀၂၃ ခုနှစ်တွင် ရုရှားနိုင်ငံသည် အီကွေဒေါနိုင်ငံမှ ငှက်ပျောသီးတန်ချိန် ၁.၃ သန်း ဝယ်ယူတင်သွင်းခဲ့ပါသည်။ ၎င်းပမာဏသည် ရုရှားလူမျိုးများစားသုံးသော ငှက်ပျောသီးစုစုပေါင်း၏ ၉၇ ရာခိုင်နှုန်းခန့်ရှိသည်။

Megaselia scalaris(Loew)ပိုးမွှားသည် နေရာအနှံ့တွင်ရှိသော အဖျက်ပိုးကောင်ဖြစ်ပြီး ပိတ်ထားသော နေရာများ၊ အထူးသဖြင့် သယ်ယူပို့ဆောင်ရေးကွန်တိန်နာများတွင် မျိုးပွားမှုနှုန်းမြင့်မားသော ပိုးမွှားအမျိုးအစားတစ်မျိုးဖြစ်ပါသည်။ ရေရှည်သိုလှောင်ထားသော အစားအစာများ၊ အထူးသဖြင့် ဂျုံမှုန့်၊ ပဲပိစပ်၊ အာလူး၊ ငှက်ပျောသီး၊ ဖရဲသီး၊ ဒိန်ခဲ၊ ငါးခြောက်၊ မှို၊ ဟင်းသီးဟင်းရွက်နှင့် သစ်သီးဝလံများအများအပြားကို ကူးစက်ညစ်ညမ်းစေပါသည်။ အဆိုပါပိုးမွှားသည် ကာလဝမ်းရောဂါသယ်ဆောင်သူဖြစ်သည်။

ရုရှားနိုင်ငံသို့ လတ်ဆတ်သစ်သီးဝလံများတင်ပို့မည်ဆိုလျှင် EAEU ချမှတ်ထားသည့် ယူရေးရှားအကောက်ခွန်သမဂ္ဂ(Eurasian Customs Union)၏ နည်းပညာဆိုင်ရာ လုပ်ထုံး လုပ်နည်းဖြစ်သည့် TR CU 021/2011 "On safety food products” အစားအသောက်ဘေးကင်းလုံခြုံရေးဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့်အညီ လိုက်နာဆောင်ရွက်ရန်လိုအပ်ပါသည်။

ရုရှားနိုင်ငံသည် ဥရောပသမဂ္ဂ(EU)၏ သစ်သီးဝလံထုတ်ကုန်များတင်သွင်းခွင့်အား ပိတ်ဆို့အရေးယူထားသည့်အပြင် အနောက်နိုင်ငံများမှ ရုရှားနိုင်ငံအား ကဏ္ဍအလိုက်ပိတ်ဆို့အရေးယူမှုများကြောင့် ၎င်းနိုင်ငံအတွက် လိုအပ်သော သစ်သီးဝလံများအား အာရှနိုင်ငံများအပါအဝင် အခြားနိုင်ငံများမှ ပိုမိုတင်သွင်းလျက်ရှိသဖြင့် မြန်မာနိုင်ငံ၌ စိုက်ပျိုးထွက်ရှိသည့် သစ်သီးဝလံများသည် ရုရှားနိုင်ငံသို့ တင်ပို့နိုင်မည့် အလားအလာကောင်းများရှိနေပါကြောင်း သုံးသပ်တွေ့ရှိရပါသည်။

Source :    https://www.interfax.ru/russia/944310

(ခွန်မျိုးသူ၊ စီးပွားရေးသံမှူး၊ မော်စကိုမြို့)

Category: Russia