Japan

ဂျပန်နိုင်ငံတွင် လစာနှုန်းထားတိုးမြှင့်မှုနှုန်းကို ငွေကြေးဖောင်းပွမှုနှုန်းထက် ကျော်လွန်စေရေး ဆောင်ရွက်သွားမည်ဖြစ်ကြောင်း ဂျပန်ဝန်ကြီးချုပ် ကတိပြုပြောကြား

Last Updated:

၂၀၂၄ ခုနှစ်တွင် လစာနှုန်းထားတိုးမြှင့်မှုနှုန်းသည် ငွေကြေးဖောင်းပွမှုနှုန်းထက် ကျော်လွန်ရောက်ရှိစေရေး အစိုးရအနေဖြင့် ဆောင်ရွက်သွားမည်ဖြစ်ကြောင်း ဂျပန်ဝန်ကြီးချုပ် ခီရှိဒက ၃၀-၁-၂၀၂၄ ရက်နေ့တွင် အစိုးရ၏ ဦးစားပေးလုပ်ငန်းစဉ်များကို လွှတ်တော်တွင် မူဝါဒဆိုင်ရာ မိန့်ခွန်းပြောကြားခဲ့ရာ၌ ကတိပြုပြောကြားခဲ့ပါသည်။

အဆိုပါသတင်းတွင် လစာနှုန်းထားတိုးမြှင့်ခြင်းသည် ၁၀ စုနှစ်ကျော်ကြာ ကြုံတွေ့လျက်ရှိသော ငွေကြေးဖောင်းပွမှုမှ ရုန်းထွက်နိုင်ရေး အဓိကကျသည့်လုပ်ငန်းစဉ်ဖြစ်ကြောင်း၊ ၂၀၂၃ ခုနှစ်တွင် နိုင်ငံတကာငွေကြေးရန်ပုံငွေအဖွဲ့က ဂျာမနီနိုင်ငံသည် ဂျပန်ကို ကျော်လွန်သွားကာ GDP အားဖြင့် ဂျပန်နိုင်ငံသည် ကမ္ဘာ့စီးပွားရေးအင်အား စတုတ္ထအကြီးဆုံးနိုင်ငံအဖြစ်သို့ အဆင့်လျော့ကျသွားနိုင်မည်ဟု ခန့်မှန်းခဲ့ကြောင်း ဖော်ပြထားပါသည်။

၂၀၂၃ ခုနှစ်တွင် လုပ်ခလစာဆိုင်ရာ ညှိနှိုင်းအစည်းအဝေးဆုံးဖြတ်ချက်အရ လစာတိုးမြှင့်မှုနှုန်းကို နှစ်ပေါင်း ၃၀ အတွင်း အမြင့်ဆုံးနှုန်းသို့ တိုးမြှင့်ပေးခဲ့သော်လည်း ငွေကြေး ဖောင်းပွမှုနှုန်းကို ကျော်လွန်နိုင်ခြင်းမရှိခဲ့ကြောင်း၊ ငွေကြေးဖောင်းပွမှုနှုန်းကို ထည့်သွင်းတွက်ချက်ထားသည့် ဂျပန်နိုင်ငံ၏ ပျမ်းမျှလစာမှာ ၂၀၂၃ ခုနှစ်၊ နိုဝင်ဘာလတွင် ၂၀ လဆက်တိုက်ကျဆင်းခဲ့ကြောင်း ဖော်ပြထားပါသည်။ ဂျပန်နိုင်ငံ၏ ငွေကြေးဖောင်းပွမှုနှုန်းမှာလည်း ၂၀၂၃ ခုနှစ်တွင် ၃.၁ ရာခိုင်နှုန်းရှိခဲ့ပြီး နှစ်ပေါင်း ၄၀ အတွင်း အမြင့်ဆုံးနှုန်းဖြစ်ခဲ့ကြောင်း ဖော်ပြထားပါသည်။

ဝန်ကြီးချုပ်ခီရှိဒအနေဖြင့် ကျန်းမာရေး၊ လူမှုကူညီရေးနှင့် အများပြည်သူဝန်ဆောင်မှုလုပ်ငန်းများတွင် ဆောင်ရွက်လျက်ရှိသည့် ဝန်ထမ်းများအား လစာနှုန်းထားတိုးမြှင့်ပေးနိုင်ရေးအပြင် အချိန်ပိုင်းလုပ်သားများ၊ အသေးစားနှင့် အလတ်စားလုပ်ငန်းများတွင် အလုပ်လုပ်ကိုင်လျက်ရှိကြသည့် ဝန်ထမ်းများအတွက်လည်း လစာနှုန်းထားတိုးမြှင့်ပေးလိုကြောင်းနှင့် နိုင်ငံ့စီးပွားရေးပြန်လည်ရှင်သန်အားကောင်းလာစေရေးမှာ ၎င်း၏အကြီးမားဆုံးလုပ်ငန်းတာဝန်တစ်ရပ်ဖြစ်သည်ဟု ထုတ်ဖော်ပြောကြားခဲ့ကြောင်း ဖော်ပြထားပါသည်။

လစ်ဘရယ်ဒီမိုကရက်တစ်ပါတီမှ လွှတ်တော်အမတ်များအနေဖြင့် နိုင်ငံရေးလှုပ်ရှားမှုများမှ ရရှိခဲ့သည့် ရန်ပုံငွေများကို ထိမ်ချန်ထားခြင်းကြောင့် အရှုပ်အရှင်းများဖြစ်ပေါ်နေချိန်တွင် ဝန်ကြီးချုပ်၏မူဝါဒမိန့်ခွန်းမှာ ပေါ်ထွက်လာခဲ့ခြင်းဖြစ်ကြောင်း၊ ဝန်ကြီးချုပ်အနေဖြင့် အများပြည်သူ၏ ယုံကြည်မှုပြန်လည်ရရှိစေရေးအတွက် အခြားသောပါတီများနှင့်ဆွေးနွေးကာ နိုင်ငံရေးရန်ပုံငွေနှင့်စပ်လျဉ်းသည့် ဥပဒေများကို ပြင်ဆင်ကာ နိုင်ငံရေးဆိုင်ရာ ပြုပြင်ပြောင်းလဲမှုများ ဆောင်ရွက်သွားမည်ဖြစ်ကြောင်း ရန်ပုံငွေဆိုင်ရာ အရှုပ်တော်ပုံများဖြစ်ပွားရခြင်းနှင့်စပ်လျဉ်း၍ တောင်းပန်စကားပြောကြားရာ၌ ထည့်သွင်းပြောကြားခဲ့ကြောင်း ဖော်ပြထားပါသည်။ Nikkei နှင့် TV Tokyo တို့မှ ကောက်ယူခဲ့သည့် စစ်တမ်းအရ ဝန်ကြီးချုပ်ခီရှိဒအစိုးရကို ထောက်ခံမှုနှုန်းမှာ ၂၇ ရာခိုင်နှုန်းသို့ ရောက်ရှိကျဆင်းခဲ့ကြောင်း ဖော်ပြထားပါသည်။

သုံးသပ်တင်ပြချက်

ဂျပန်အစိုးရအနေဖြင့် စီးပွားရေးဖွံ့ဖြိုးတိုးတက်မှုအပေါ် သိသာထင်ရှားသည့်သက်ရောက်မှုများဖြစ်ပေါ်စေရန်အတွက် အခြေခံလစာတိုးမြှင့်မှုနှုန်းထားအား လူသုံးကုန်ဈေးနှုန်းများ မြင့်တက်မှုနှုန်းနှင့်အညီ တိုးမြှင့်ပေးနိုင်ရေးအတွက် စီးပွားရေးလုပ်ငန်းများအား တိုက်တွန်းဆောင်ရွက်လျက်ရှိပါသည်။ အကြီးစားကုမ္ပဏီများအနေဖြင့် လစာတိုးမြှင့်မှုနှုန်းကို ၅ ရာခိုင်နှုန်းမှ ၇ ရာခိုင်နှုန်းအထိ တိုးမြှင့်ပေးရန်၊ အလတ်စားကုမ္ပဏီများအနေဖြင့် လစာတိုးမြှင့်မှုနှုန်းကို ၃ ရာခိုင်နှုန်းမှ ၄ ရာခိုင်နှုန်းအထိ တိုးမြှင့်ပေးရန်၊ အငယ်စားကုမ္ပဏီများအနေဖြင့် ၁.၅ ရာခိုင်နှုန်းမှ ၂.၅ ရာခိုင်နှုန်းအကြား တိုးမြင့်ပေးရန် တွန်းအားပေးဆောင်ရွက်လျက်ရှိပြီး၊ ထိုသို့လစာတိုးမြှင့်ပေးသည့် ကုမ္ပဏီများအား အစိုးရအနေဖြင့် အခွန်ဆိုင်ရာ ခုနှိမ်ခွင့်အနေဖြင့် အကြီးစားနှင့် အလတ်စားကုမ္ပဏီများအတွက် ၃၅ ရာခိုင်နှုန်းနှင့် အသေးစားကုမ္ပဏီများကို ၄၅ ရာခိုင်နှုန်းအထိ ခုနှိမ်ပေးသွားရန် ဆောင်ရွက်လျက်ရှိပါသည်။

(သူဇာဖြိုး၊ စီးပွားရေးသံမှူး၊ တိုကျိုမြို့)

Source: The Nikkei Asia

Category: Japan