Japan

ဂျပန်နိုင်ငံမှ လယ်ယာထွက်ကုန်နှင့် ရေထွက်ကုန်တင်ပို့မှုမှာ ယန်း ၁.၄၅ ထရီလီယံရှိခဲ့

Last Updated:

တရုတ်နိုင်ငံသို့ တင်ပို့မှုကျဆင်းခဲ့သော်လည်း အမေရိကန်နှင့် ဟောင်ကောင်သို့ တင်ပို့မှုမြင့်တက်ခဲ့ခြင်းကြောင့် ၂၀၂၃ ခုနှစ်တွင် ဂျပန်နိုင်ငံ၏ လယ်ယာထွက်ကုန်၊ ရေထွက်ကုန်နှင့် သစ်တောထွက်ကုန်တင်ပို့မှုမှာ ၂.၉ ရာခိုင်နှုန်းမြင့်တက်ခဲ့ပြီး ယန်း ၁.၄၅ ထရီလီယံစံချိန်တင် ရရှိခဲ့ပါသည်။

အဆိုပါသတင်းတွင် ဂျပန်နိုင်ငံ၏ လယ်ယာထွက်ကုန်၊ ရေထွက်ကုန်နှင့် သစ်တောထွက်ကုန်တင်ပို့မှုမှာ ၁၁ နှစ်ဆက်တိုက်မြင့်တက်ခဲ့သော်လည်း ၂၀၂၂ ခုနှစ်တွင်ရှိခဲ့သည့် ပို့ကုန်တင်ပို့မှုမြင့်တက်မှုနှုန်း ၁၄.၂ ရာခိုင်နှုန်းနှင့်နှိုင်းယှဉ်ပါက လျော့နည်းလျက်ရှိကြောင်း ဂျပန်နိုင်ငံ စိုက်ပျိုးရေး၊ သစ်တောနှင့် ငါးလုပ်ငန်းဝန်ကြီးဌာန၏ ထုတ်ပြန်ချက်အရ သိရှိရကြောင်း ဖော်ပြထားပါသည်။ ဂျပန်နိုင်ငံ၏ ဖူကူရှီးမားနျူကလီးယားဓာတ်အားပေးစက်ရုံမှ သန့်စင်ပြီးရေများကို ပင်လယ်ထဲသို့ စွန့်ပစ်ခဲ့မှုကြောင့် တရုတ်နိုင်ငံအနေဖြင့် ဂျပန်နိုင်ငံမှ ရေထွက်ကုန်များအားလုံးကို တင်သွင်းမှုပိတ်ပင်ခဲ့ခြင်းသည် ဂျပန်နိုင်ငံမှ ရေထွက်ကုန်တင်ပို့မှုပမာဏလျော့ကျခဲ့ခြင်း၏ အဓိကအချက်ဖြစ်ကြောင်း၊ သို့သော် တရုတ်နိုင်ငံသည် ဂျပန်နိုင်ငံမှ ကုန်စည်များ အဓိကဝယ်ယူလျက်ရှိသည့် ထိပ်တန်းနိုင်ငံတစ်နိုင်ငံအဖြစ် ဆက်လက်ရပ်တည်နေလျက်ရှိကြောင်းနှင့် ၂၀၂၃ ခုနှစ်တွင် ၂၃၇.၆ ဘီလီယံတန်ဖိုးရှိ ကုန်စည်များ ဝယ်ယူခဲ့ကြောင်း ဖော်ပြထားပါသည်။ သို့သော် အဆိုပါပမာဏမှာ ၂၀၂၂ ခုနှစ်နှင့်နှိုင်းယှဉ်ပါက ၁၄.၆ ရာခိုင်နှုန်း ကျဆင်းခဲ့ပြီး၊ ၂၀၁၁ ခုနှစ်မှစတင်၍ ပထမဆုံးအကြိမ် တင်ပို့မှုကျဆင်းခဲ့ခြင်းဖြစ်ကြောင်း ဖော်ပြထားပါသည်။

ဂျပန်နိုင်ငံမှ တရုတ်နိုင်ငံသို့ ရေထွက်ကုန်များတင်ပို့မှုမှာ ၂၉.၉ ရာခိုင်နှုန်းကျဆင်းခဲ့ပြီး၊ ဂုံး တင်ပို့မှုမှာ ၄၃.၆ ရာခိုင်နှုန်းကျဆင်းခဲ့ကြောင်း၊ သို့သော် ၂၀၂၃ ခုနှစ်၊ စက်တင်ဘာလတွင် အမေရိကန်သို့ ဂုံးတင်ပို့မှုမြင့်တက်ခဲ့ကြောင်း၊ ဟောင်ကောင်သို့ ပုလဲတင်ပို့မှုမှာ ၉၂ ရာခိုင်နှုန်းမြင့်တက်ခဲ့ပြီး၊ အမေရိကန်နှင့် ဥပရောပမှ ဝယ်လိုအားများပြားလာမှုကြောင့် Green Tea ရောင်းချမှုမှာ ၃၃.၃ ရာခိုင်နှုန်းမြင့်တက်ခဲ့ကြောင်း ဖော်ပြထားပါသည်။ တရုတ်နိုင်ငံ၏ စီးပွားရေးကျဆင်းမှုကြောင့် ဆာကေးနှင့် ဝီစကီကဲ့သို့သောယမကာထုတ်ကုန်များ တရုတ်နိုင်ငံသို့ တင်ပို့ရောင်းချနိုင်မှုမှာလည်း ကျဆင်းခဲ့ကြောင်း ဖော်ပြထားပါသည်။

ဂျပန်အစိုးရအနေဖြင့် နိုင်ငံ၏နှစ်စဉ်လယ်ယာထွက်ကုန်နှင့်ရေထွက်ကုန်တင်ပို့မှုကို မျှော်မှန်းချက်ပြည့်မီရေး ဆောင်ရွက်လျက်ရှိပြီး၊ ၂၀၂၅ ခုနှစ်တွင် တင်ပို့မှုပမာဏကို ယန်း ၂ ထရီ လီယံနှင့် ၂၀၃၀ ပြည့်နှစ်တွင် ယန်း ၅ ထရီလီယံသို့ ရောက်ရှိစေရေး မျှော်မှန်းဆောင်ရွက်လျက်ရှိပါသည်။ ထို့ကြောင့် ရေထွက်ကုန်နှင့် လယ်ယာထွက်ကုန်လုပ်ငန်းများအား ဈေးကွက်သစ်များချဲ့ထွင်ရောင်းချနိုင်ရေးအတွက် လမ်းကြောင်းသစ်များရှာဖွေနိုင်ရေးနှင့် ထုတ်လုပ်ဖြန့်ဖြူးမှုကွင်းဆက် အားကောင်းစေရေး အစိုးရအနေဖြင့် ကူညီဆောင်ရွက်ပေးလျက်ရှိကြောင်း ဖော်ပြထားပါသည်။

သုံးသပ်တင်ပြချက်

ဂျပန်နိုင်ငံအနေဖြင့် ဖူကူရှီးမားနျူကလီးယားဓာတ်အားပေးစက်ရုံမှ သန့်စင်ပြီးရေများကို ပင်လယ်ထဲသို့ ၂၀၂၃ ခုနှစ်၊ ဩဂုတ်လ ၂၄ ရက်နေ့မှ စက်တင်ဘာလ ၁၁ ရက်နေ့အထိတွင် ပထမအကြိမ်အဖြစ်လည်းကောင်း၊ အောက်တိုဘာလ ၅ ရက်နေ့မှ ၂၂ ရက်အထိတွင် ဒုတိယအကြိမ်အဖြစ်လည်းကောင်း၊ နိုဝင်ဘာလ ၂ ရက်နေ့မှ ၂၀ ရက်နေ့အထိတွင် တတိယအကြိမ်အဖြစ်လည်းကောင်း စွန့်ပစ်ခဲ့ပြီးဖြစ်ပါသည်။ ထိုသို့ဆောင်ရွက်ခဲ့မှုကြောင့် တရုတ်နိုင်ငံအနေဖြင့် ဂျပန်နိုင်ငံမှ ရေထွက်ကုန်များအားလုံးကို တင်သွင်းမှုပိတ်ပင်ခဲ့သည့်အတွက် ဂျပန်နိုင်ငံ၏ ရေလုပ်ငန်းကဏ္ဍအတွက် အကြီးဆုံးဈေးကွက်သို့ တင်ပို့မှုကျဆင်းခဲ့ရပြီး ဂျပန်နိုင်ငံ၏ရေလုပ်ငန်းကဏ္ဍအပေါ်များစွာ ဆိုးကျိုးသက်ရောက်မှုများဖြစ်ပေါ်ခဲ့သည်ကို တွေ့ရှိရပါသည်။

(သူဇာဖြိုး၊ စီးပွားရေးသံမှူး၊ တိုကျိုမြို့)

Source: The Nikkei Asia

Category: Japan