India (Kolkata)

အိန္ဒိယနိုင်ငံသည် မိုဘိုင်းဖုန်းနှင့် ဆက်စပ်အစိတ်အပိုင်းများတင်သွင်းမှုအတွက် သွင်းကုန်ခွန် လျှော့ချသတ်မှတ်

Last Updated:

အိန္ဒိယနိုင်ငံသည် မိုဘိုင်းဖုန်းဘက်ထရီများ၊ ကင်မရာမှန်ဘီလူးများနှင့် အခြားဆက်စပ်အစိတ်အပိုင်းများကို ပြည်ပမှတင်သွင်းမှုအတွက် သွင်းကုန်ခွန် ၁၅ ရာခိုင်နှုန်းမှ ၁၀ ရာခိုင်နှုန်းသို့ လျှော့ချသတ်မှတ်လိုက်ကြောင်း အိန္ဒိယဘဏ္ဍာရေးဝန်ကြီးဌာနမှ ၃၀-၁-၂၀၂၄ ရက်စွဲဖြင့် အမိန့်ကြော်ငြာစာတစ်ရပ် ထုတ်ပြန်ကြေညာခဲ့သည်။ ထို့အပြင် ပြည်တွင်း၌ မိုဘိုင်းဖုန်းနှင့် ဆက်စပ်အစိတ်အပိုင်းများထုတ်လုပ်မှုမြှင့်တင်ရန်အတွက် အဆိုပါအစိတ်အပိုင်းများထုတ်လုပ်ရာတွင် အသုံးပြုသည့် သွင်းအားစုများအပေါ် စည်းကြပ်ကောက်ခံသော သွင်းကုန်ခွန်များကိုလည်း ပယ်ဖျက်ခဲ့ကြောင်း သိရသည်။

အိန္ဒိယပြည်တွင်း၌ မိုဘိုင်းဖုန်းများ ထုတ်လုပ်လျက်ရှိသော Apple နှင့် Dixon Technologies ကဲ့သို့ကုမ္ပဏီများအနေဖြင့် အကျိုးအမြတ်ရရှိနိုင်ဖွယ်ရှိသည်။ ယင်းသို့ အစိုးရမှ သွင်းကုန်ခွန်များ လျှော့ချသတ်မှတ်ခဲ့သည့်အတွက် ပြည်တွင်းရှိ လူအများဝယ်ယူအသုံးပြုနိုင်မည့်(entry-level)လက်ကိုင်ဖုန်းများ၏ ဈေးနှုန်းများ ၃ ရာခိုင်နှုန်းမှ ၅ ရာခိုင်နှုန်းအထိ လျော့ကျသွားဖွယ်ရှိကြောင်း သိရသည်။ သို့သော် အဆိုပါအကောက်ခွန်လျှော့ချသတ်မှတ်လိုက်သည့် မိုဘိုင်းဖုန်းအစိတ်အပိုင်းစာရင်းတွင် အဓိကဆက်စပ်အစိတ်အပိုင်းများ မပါဝင်သေးသည့်အတွက် အကျိုးသက်ရောက်မှုမှာ အကန့်အသတ်ရှိနိုင်သည်ဟု ဈေးကွက်ဆန်းစစ်လေ့လာရေးကုမ္ပဏီ International Data Corporation (IDC)က ယူဆသည်။

အိန္ဒိယနိုင်ငံသည် ယခင်က မိုဘိုင်းဖုန်းနှင့်ဆက်စပ်အစိတ်အပိုင်းများအပေါ် ပျှမ်းမျှအကောက်ခွန် ၈ ဒသမ ၅ ရာခိုင်နှုန်းစည်းကြပ်ကောက်ခံခဲ့သည့်အတွက် တရုတ်နိုင်ငံနှင့် ဗီယက်နမ်နိုင်ငံတို့နှင့်နှိုင်းယှဉ်လျှင် များစွာမြင့်မားလျက်ရှိကြောင်း အိန္ဒိယဆယ်လူလာနှင့် အီလက်ထရောနစ်အသင်း (India Cellular and Electronics Association-ICEA)က ဖော်ပြခဲ့သည်။ ယင်းသို့အကောက်ခွန် နှုန်းထားမြင့်မားလျက်ရှိသည့်အတွက် ပြည်တွင်းရှိ မိုဘိုင်းဖုန်းထုတ်လုပ်သူများနှင့် စားသုံးသူများအတွက် စရိတ်စကကြီးမြင့်စေကြောင်း ၎င်းက ပြောကြားခဲ့သည်။

အိန္ဒိယအစိုးရအနေဖြင့် ထုတ်လုပ်မှုနှင့်ချိတ်ဆက်သော မက်လုံးပေးမှုအစီအစဉ်(Production Linked Incentive(PLI)Scheme)အရ ပြည်တွင်းရှိ စမတ်ဖုန်းထုတ်လုပ်သော ကုမ္ပဏီများကို ပြည်ပသို့ တင်ပို့ရန်ရည်ရွယ်၍ ထုတ်လုပ်နိုင်ရန်မြှင့်တင်လိုခြင်းဖြစ်သည်။ ယင်းသို့စမတ်ဖုန်းထုတ်လုပ်ရာတွင် အသုံးပြုသည့် သွင်းအားစုများအပေါ် အကောက်ခွန်များ လျှော့ချသတ်မှတ်လိုက်ခြင်းအားဖြင့် ကမ္ဘာ့အမှတ်တံဆိပ်ကုမ္ပဏီများကို အရေအတွက်အမြောက်အများ ပိုမိုထုတ်လုပ်နိုင်မည့် တပ်ဆင်ထုတ်လုပ်ရေးလိုင်းများ(large scale assembly lines)များကို ပြည်တွင်း၌ ပိုမိုတပ်ဆင်လာရန် မက်လုံးပေးစွဲဆောင်နိုင်မည်ဖြစ်သည်။ ယင်းမှတစ်ဆင့် စမတ်ဖုန်းများကို ပြည်တွင်းပြည်ပဈေးကွက်များသို့ ပိုမိုတိုးချဲ့၍ တင်ပို့ရောင်းချလာနိုင်မည်ဖြစ်သည်။

အိန္ဒိယအစိုးရသည် ၂၀၁၈ ခုနှစ်က “အခြား”အမျိုးအမည်အောက်ရှိ မိုဘိုင်းဖုန်းနှင့် ဆက်စပ်ပစ္စည်းများအပေါ် အကောက်ခွန် ၅ ရာခိုင်နှုန်းမှ ၁၅ ရာခိုင်နှုန်းအထိ တိုးမြှင့်ကောက်ခံခဲ့ပြီး၊ ယခုအခါ ၎င်းအား ၁၀ ရာခိုင်နှုန်းသို့ ပြန်လည်ပြင်ဆင်ဖြေလျှော့ပေးခဲ့သည့်အပေါ် ကြိုဆိုကြောင်း ICEA က ပြောကြားခဲ့သည်။ အစိုးရမှ အိန္ဒိယနိုင်ငံအား ယှဉ်ပြိုင်နိုင်စွမ်းရှိသည့် ထုတ်လုပ်မှုဒေသတစ်ခုအဖြစ် ဖန်တီးပေးရန်ရည်ရွယ်၍ ယခုကဲ့သို့ အပြောင်းအလဲများဆောင်ရွက်ပေးခြင်းဖြစ်ကြောင်း သိရသည်။

သုံးသပ်တင်ပြချက်

အိန္ဒိယနိုင်ငံသည် Apple ၊ Motorola၊  Samsung နှင့် Xiaomi တို့ကဲ့သို့ လူကြိုက်များရေပန်းစားလျက်ရှိသော ကမ္ဘာ့အမှတ်တံဆိပ်မိုဘိုင်းဖုန်းနှင့် အခြားကိရိယာပစ္စည်းများကို ပြည်တွင်း၌ ထုတ်လုပ်မှုမြှင့်တင်နိုင်မည့် ခြေလှမ်းတစ်ရပ်ဖြစ်ပါသည်။ ယင်းသို့ဆောင်ရွက်ခြင်းအားဖြင့် ပြည်တွင်းသို့ ရင်းနှီးမြှုပ်နှံမှုများပိုမိုစီးဝင်လာပြီး၊ အိန္ဒိယပြည်သူများအနေဖြင့် အဆိုပါပစ္စည်းများကို ဈေးသက်သက်သာသာဝယ်ယူရရှိနိုင်သလို ပြည်ပသို့ ပိုမိုတိုးမြှင့်တင်ပို့နိုင်မည်ဖြစ်ပါသည်။ သို့ပါ၍ အိန္ဒိယအစိုးရ၏ စမတ်ဖုန်းနှင့် ဆက်စပ်ပစ္စည်းများထုတ်လုပ်မှုအပေါ် မူဝါဒရေးရာ မက်လုံးပေးစွဲဆောင်မှုများနှင့် ကုန်သွယ်ရေးဆိုင်ရာ ပြင်ဆင်ဖြေလျှော့မှုများ အစဉ်တစ်စိုက်ဆောင်ရွက်လျက်ရှိသည့်အပေါ် သိရှိနိုင်ရေး လေ့လာသုံးသပ်တင်ပြလိုက်ရပါသည်။

ရည်ညွှန်းချက်။         India Briefing သတင်းဌာန၊ “India Cuts Import Duty on Mobile Phone Components from 15% to 10%”၊ ၂၀၂၄ ခုနှစ်၊ ဖေဖော်ဝါရီလ ၁ ရက်။

(ကောင်းထွဋ်အောင်၊  စီးပွားရေးသံမှူး၊ ကော်လ်ကတ္တားမြို့)

Category: India (Kolkata)