Japan

OPEC+ က တစ်ရက်လျှင် ရေနံစည် ၁.၁၆ သန်းလျှော့ချထုတ်လုပ်သွားမည်ဖြစ်ရာ ရေနံတစ်စည်လျှင် ၁၀ ဒေါ်လာနှုန်း မြင့်တက်နိုင်ဖွယ်ရှိ

Last Updated:

ရေနံတင်ပို့သည့်နိုင်ငံများအဖွဲ့နှင့် အခြားရေနံထုတ်လုပ်သည့်နိုင်ငံများ(OPEC+)အနေဖြင့်  တစ်ရက်လျှင် ရေနံစည် ၁.၁၆ သန်း လျှော့ချထုတ်လုပ်သွားမည်ဖြစ်ကြောင်း ဧပြီလ ၁ ရက်နေ့က ကြေညာခဲ့ပါသည်။

ထိုသို့လျှော့ချမှုကို ယခုနှစ်မေလမှစတင်၍ နှစ်ကုန်အထိ ပြုလုပ်မည်ဖြစ်ကြောင်း ဖော်ပြထားပါသည်။ ဆော်ဒီအာရေဗျအနေဖြင့် တစ်ရက်လျှင် ရေနံစည် ၅ သိန်း၊ အီရတ်အနေဖြင့် တစ်ရက်လျှင် ရေနံစည် ၂၁၁,၀၀၀ ၊  အာရပ်စော်ဘွားများပြည်ထောင်စုအနေဖြင့် တစ်ရက်လျှင် ရေနံစည် ၁၄၄,၀၀၀၊ ကူဝိတ်အနေဖြင့် တစ်ရက်လျှင် ရေနံစည် ၁၂၈,၀၀၀ နှင့် အိုမန်နိုင်ငံအနေဖြင့် တစ်ရက်လျှင် ရေနံစည် ၄၀,၀၀၀ ၊ အယ်လ်ဂျီးရီးယားနိုင်ငံအနေဖြင့် တစ်ရက်လျှင် ရေနံစည် ၄၈,၀၀၀၊ ကာဇက်စတန်နိုင်ငံအနေဖြင့် ရေနံစည် ၇၈,၀၀၀၊ ရုရှားနိုင်ငံအနေဖြင့် တစ်ရက်လျှင် ရေနံစည် ၅၀၀,၀၀၀၊ ဂါဘွန်အနေဖြင့် တစ်ရက်လျှင် ရေနံစည် ၈,၀၀၀ ထုတ်လုပ်မှု လျှော့ချသွားမည်ဖြစ်ကြောင်း ဖော်ပြထားပါသည်။

ရေနံစည်ထုတ်လုပ်မှုကို ရေနံတင်ပို့သည့်နိုင်ငံများအဖွဲ့နှင့် အခြားရေနံထုတ်လုပ်သည့်နိုင်ငံများက ထုတ်လုပ်မှုလျှော့ချခဲ့မှုမှာ စုစုပေါင်း ရေနံစည် ၃.၆၆ သန်းဖြစ်ပြီး အဆိုပါပမာဏမှာ ကမ္ဘာ့ဝယ်လိုအား၏ ၃.၇ ရာခိုင်နှုန်းဖြစ်ကြောင်း ဖော်ပြထားပါသည်။

မတ်လတွင် ရေနံဈေးနှုန်းမှာ တစ်စည်လျှင် ၇၀ ဒေါ်လာနှုန်းအောက်သို့ ရောက်ရှိခဲ့ပြီး ၁၅ လအတွင်း အနိမ့်ဆုံးနှုန်းသို့ ရောက်ရှိခဲ့ပါသည်။ ရေနံထုတ်လုပ်သူများအနေဖြင့် ကမ္ဘာ့ဘဏ္ဍာရေးအကြပ်အတည်းကြောင့် ရေနံဝယ်လိုအား ကျဆင်းလာနိုင်မည်ကို စိုးရိမ်လျက်ရှိသည့်အတွက် ရေနံဈေးနှုန်းမကျဆင်းစေရန် ထိန်းညှိသည့်အနေဖြင့် ထုတ်လုပ်မှုများလျှော့ချခြင်းဖြစ်ကြောင်း ဖော်ပြထားပါသည်။

OPEC+  က ထိုသို့ထုတ်ပြန်ပြီးနောက် ဧပြီလ ၃ ရက်နေ့တွင် ရေနံဈေးနှုန်းမှာ တစ်စည်လျှင် ၈၆ ဒေါ်လာအထိ မြင့်တက်ခဲ့ပါသည်။

Source : The Guardian , The Japan Times

(စီးပွားရေးသံမှူး၊ တိုကျိုမြို့)

Category: Japan