Japan

ပြန်လည်ပြည့်ဖြိုးမြဲစွမ်းအင်သုံးစွဲမှုကို မြှင့်တင်နိုင်ရန် ဂျပန်အစိုးရအနေဖြင့် ဟိုက်ဒရိုဂျင် ထုတ်လုပ်မှုကို ၆ ဆ တိုးမြှင့်သွားမည်

Last Updated:

ပြန်လည်ပြည့်ဖြိုးမြဲစွမ်းအင်သုံးစွဲမှုကို မြှင့်တင်အားပေးသည့်အနေဖြင့် ဂျပန်နိုင်ငံတွင် ဟိုက်ဒရိုဂျင်ထုတ်လုပ်မှုကို ၆ ဆတိုးမြှင့်ကာ ၂၀၄၀ ပြည့်နှစ်တွင် တန်ချိန် ၁၂ သန်းအထိ တိုးမြှင့်ထုတ်လုပ်သွားမည်ဖြစ်ကြောင်း ဧပြီလ ၄ ရက်နေ့တွင် ထုတ်ပြန်ခဲ့သည့် Resource Policy မူကြမ်းပြင်ဆင်ချက်တွင် ဖော်ပြထားပါသည်။

အဆိုပါရည်မှန်းချက်ပြည့်မီစေရေးအတွက် လာမည့် ၁၅ နှစ်အတွင်း အစိုးရနှင့်ပုဂ္ဂလိကကဏ္ဍမှ ရင်းနှီးမြှုပ်နှံမှု အမေရိကန်ဒေါ်လာ ၁၁၃ ဘီလီယံ(ဂျပန်ယန်း ၁၅ ထရီလီယံ)လိုအပ်မည်ဖြစ်ကြောင်း ဝန်ကြီးချုပ်ဖူမီအိုခီရှိဒအစိုးရက ပြောကြားထားပါသည်။

ဂျပန်နိုင်ငံအနေဖြင့် ၂၀၅၀ ပြည့်နှစ်တွင် ဖန်လုံအိမ်ဓာတ်ငွေ့ထုတ်လုပ်မှုပမာဏကို သုညရာခိုင်နှုန်းအထိ ရောက်ရှိစေရန် ရည်မှန်းဆောင်ရွက်လျက်ရှိပါသည်။ အစိုးရ၏ အဆိုပါရည်မှန်းချက်ဖြစ်သည့် Green Transition (GX) ပြည့်မြောက်စေရန်အတွက် ဟိုက်ဒရိုဂျင်သည် အဓိကကျသည့်စွမ်းအင်အရင်းအမြစ်ဖြစ်သည့်အတွက် အစိုးရမှ ယခုကဲ့သို့ ရည်မှန်းဆောင်ရွက်ခြင်းဖြစ်ကြောင်း ဖော်ပြထားပါသည်။ 

အစိုးရအနေဖြင့် ၂၀၂၃ ခုနှစ် ဒုတိယနှစ်ဝက်မှစတင်၍ ယန်း ၂၀ ထရီလီယံ တန်ဖိုးရှိ GX Bonds များရောင်းချရန် ဆောင်ရွက်လျက်ရှိပြီး အဆိုပါရောင်းချမှုမှ ရရှိသည့်ငွေကို အသုံးပြု၍ ကာဗွန်ကင်းစင်သည့်ဂျပန်နိုင်ငံဖြစ်စေရေး ပုဂ္ဂလိကကဏ္ဍမှ ရင်းနှီးမြှုပ်နှံမှုများ ဖိတ်ခေါ်သွားမည်ဖြစ်ကြောင်း ဖော်ပြထားပါသည်။

ဝန်ကြီးချုပ်ခီရှိဒအစိုးရအနေဖြင့် ဩစတြေးလျ၊ အရှေ့အလယ်ပိုင်းနှင့် အခြားသောအာရှနိုင်ငံများနှင့်ပူးပေါင်းကာ ဟိုက်ဒရိုဂျင်ပိုမိုထုတ်လုပ်နိုင်ရေးအတွက် နိုင်ငံတကာအဆင့်မီ ထောက်ပံ့ပို့ဆောင်ရေးကွင်းဆက်တည်ဆောက်နိုင်ရေး ဆောင်ရွက်သွားမည်ဖြစ်ကြောင်း ပြောကြားထားပါသည်။

ဂျပန်နိုင်ငံအနေဖြင့် ၂၀၃၀ ပြည့်နှစ်တွင် နေရောင်ခြည်ကို တိုက်ရိုက်အသုံးပြုခြင်းဖြင့် လျှပ်စစ်ဓာတ်အားထုတ်လုပ်နိုင်ရေးအတွက် အဆင့်မြင့်နည်းပညာများ တီထွင်ဆောင်ရွက်သွားမည်ဖြစ်ကြောင်း ပြောကြားထားပါသည်။ အစိုးရ၏ Basic Hydrogen Strategy တွင် ယာဉ်များနှင့် ဘက်စ်ကားများတွင် ဟိုက်ဒရိုဂျင်ကို ကျယ်ပြန့်စွာအသုံးပြုကြရန် တိုက်တွန်းထားပါသည်။

Source : NIKKEI Asia

(စီးပွားရေးသံမှူး၊ တိုကျိုမြို့)

Category: Japan