Japan

ဆီမီးကွန်ဒက်တာထုတ်လုပ်သည့် နည်းပညာမြင့်စက်ပစ္စည်းများအပါအဝင် နည်းပညာမြင့်ကုန်စည် ၂၃ မျိုးကို ပို့ကုန်ထိန်းချုပ်သည့်စာရင်းတွင် ဂျပန်နိုင်ငံ ထပ်မံထည့်သွင်း

Last Updated:

ဂျပန်နိုင်ငံအနေဖြင့် ဆီမီးကွန်ဒက်တာထုတ်လုပ်သည့် နည်းပညာမြင့်စက်ပစ္စည်းများအပါအဝင် ကုန်စည် ၂၃ မျိုးကို ပို့ကုန်ထိန်းချုပ်သည့်စာရင်းတွင် ထပ်မံထည့်သွင်းသွားမည်ဖြစ်ကြောင်း မတ်လ ၃၁ ရက်နေ့တွင် ဂျပန်စီးပွားရေးဝန်ကြီး Yasutoshi Nishimura က ပြောကြားထားပါသည်။

တရုတ်နိုင်ငံအနေဖြင့် အဆင့်မြင့်နည်းပညာများကို စစ်ရေးအတွက်အသုံးပြုလျက်ရှိသည့်အတွက် အမေရိကန်နိုင်ငံအနေဖြင့် ဆီမီးကွန်ဒက်တာထုတ်လုပ်သည့်ပစ္စည်းများအပါအဝင် နည်းပညာမြင့်ကုန်စည်များကို အမေရိကန်နိုင်ငံမှ တရုတ်နိုင်ငံသို့ တင်ပို့မှုကို ၂၀၂၂ ခုနှစ် အောက်တိုဘာလက ကန့်သတ်ခဲ့ပါသည်။ အမေရိကန်နိုင်ငံမှ တရုတ်နိုင်ငံသို့ ထိုသို့တင်ပို့မှုကန့်သတ်ခဲ့ခြင်းမှာ တရားဝင်မှုမရှိကြောင်း ကမ္ဘာ့ကုန်သွယ်ရေးအဖွဲ့သို့ အကြောင်းကြားခဲ့ပြီးဖြစ်ကြောင်း ဖော်ပြထားပါသည်။

ဂျပန်နိုင်ငံနှင့် နယ်သာလန်နိုင်ငံတို့အနေဖြင့်လည်း အမေရိကန်နိုင်ငံနည်းတူ တရုတ်နိုင်ငံအပေါ် အလားတူကန့်သတ်မှုများဆောင်ရွက်ရန် အမေရိကန်မှ တိုက်တွန်းခဲ့ပါသည်။ နယ်သာလန်နိုင်ငံအနေဖြင့် အမေရိကန်နိုင်ငံနှင့်ပူးပေါင်းဆောင်ရွက်သွားမည်ဖြစ်ကြောင်း မတ်လ ၈ ရက်နေ့က ထုတ်ပြန်ခဲ့ပါသည်။ ဂျပန်နိုင်ငံအနေဖြင့် အမေရိကန်နိုင်ငံ၏တိုက်တွန်းချက်အရ ယခုကဲ့သို့ပို့ကုန်ထိန်းချုပ်မှုများ ဆောင်ရွက်ခဲ့ခြင်းဖြစ်သော်လည်း ထုတ်ပြန်ချက်တွင် တရုတ်နိုင်ငံ၏အမည်ကိုဖော်ပြ၍ ကန့်သတ်ခဲ့ခြင်းမျိုးမဟုတ်ကြောင်း ဖော်ပြထားပါသည်။

ပို့ကုန်ထိန်းချုပ်ကန့်သတ်သည့်စာရင်းပါ ကုန်စည်များကို ဂျပန်နိုင်ငံမှ Friendly Countries အဖြစ် သတ်မှတ်ထားသည့်နိုင်ငံ ၄၂ နိုင်ငံ(အမေရိကန်၊ တောင်ကိုရီးယား၊ ထိုင်ဝမ်အပါအဝင်)မှအပ တရုတ်နိုင်ငံအပါအဝင် အခြားနိုင်ငံများသို့ တင်ပို့မည်ဆိုပါက တင်ပို့မည့်အကြိမ်တိုင်းအတွက် ဂျပန်စီးပွားရေးဝန်ကြီး၏ ခွင့်ပြုချက်ရယူတင်ပို့ရမည်ဖြစ်ကြောင်း ဖော်ပြထားပါသည်။ ဂျပန်နိုင်ငံမှ ယခုကဲ့သို့ထုတ်ပြန်ချက်ကြောင့် တရုတ်နိုင်ငံမှ ဂျပန်နိုင်ငံအပေါ် တန်ပြန်ဆောင်ရွက်မှုများရှိလာနိုင်ကြောင်း သုံးသပ်ထားကြပါသည်။

ဂျပန်နိုင်ငံ၏ Foreign Exchange and Foreign Trade Control Law အရ စစ်ရေးအတွက်အသုံးပြုမည့် လက်နက်ပစ္စည်းများနှင့် အခြားသောကုန်စည်များကို ကန့်သတ်ထိန်းချုပ်ထားပါသည်။ ဂျပန်နိုင်ငံ၏ ပို့ကုန်ထိန်းချုပ်မှုကန့်သတ်ချက်ပြင်ဆင်ခြင်းနှင့်စပ်လျဉ်း၍ အများပြည်သူ၏သဘောထားအမြင်ကို မတ်လ ၃၁ ရက်နေ့မှစတင်၍ လက်ခံသွားမည်ဖြစ်ပြီး တရားဝင်ထုတ်ပြန်ချက်ကို မေလတွင် ကြေညာသွားမည်ဖြစ်ကာ ဇူလိုင်လမှစတင်၍ အသက်ဝင်ဆောင်ရွက်သွားမည်ဖြစ်ကြောင်း ဖော်ပြထားပါသည်။

Source: NHK, Nikkei Asia, Asahi Shimbun

(စီးပွားရေးသံမှူး၊ တိုကျိုမြို့)

Category: Japan