U. A. E

၂၀၂၃ ခုနှစ်တွင် ကမ္ဘာလှည့်ခရီးသွား ၁၇ သန်းကို ယူအေအီးနိုင်ငံ၊ ဒူဘိုင်းမြို့မှ စံချိန်တင်လက်ခံကြိုဆိုနိုင်ခဲ့

Last Updated:

ဒူဘိုင်းအိမ်ရှေ့မင်းသား Sheikh Hamdan က ဒူဘိုင်းမြို့သည် ကမ္ဘာလုံးဆိုင်ရာ ခရီးသွားကဏ္ဍ၏ ရှေ့တန်းတွင် ရောက်ရှိနေကြောင်း ၎င်း၏လူမှုမီဒီယာ X  တွင် ထုတ်ပြန်ခဲ့ပါ သည်။

ဒူဘိုင်းမြို့သည် နိုင်ငံတကာမှကမ္ဘာလှည့်ခရီးသွားပေါင်း ၁၇ သန်းကို ကြိုဆိုနိုင်ခဲ့သောကြောင့် ၂၀၂၃ ခုနှစ်တွင် ခရီးသွားလုပ်ငန်းစံချိန်ကို ချိုးနိုင်ခဲ့ပါသည်။ ဒူဘိုင်းအိမ်ရှေ့မင်းသား Sheikh Hamdan bin Mohammed bin Rashid Al Maktoum သည် X Social Media(Twitter)တွင် ကြေညာချက်ကို ယနေ့ထုတ်ပြန်ခဲ့ကြောင်း သတင်းဌာနမှဖော်ပြထားပါသည်။

ဒူဘိုင်းမြို့သည် ကမ္ဘာလုံးဆိုင်ရာခရီးသွားကဏ္ဍ၏ ရှေ့တန်း၌ ရောက်ရှိနေပြီး ကမ္ဘာပေါ်တွင် ဟိုတယ်တည်းခိုမှုရာခိုင်နှုန်း(Occupancy Rate) ၇၇.၄ ရာခိုင်နှုန်းဖြင့် အမြင့်ဆုံးသောမြို့တစ်မြို့ဖြစ်ကြောင်း၊ တည်းခိုနေထိုင်နိုင်သည့် ဟိုတယ်အခန်းပမာဏသည်လည်း အခန်းပေါင်း ၁၅၀,၀၀၀ ကျော်အထိ တိုးချဲ့ထားကြောင်း ဒူဘိုင်းအိမ်ရှေ့မင်းသားက ထုတ်ပြန်ခဲ့ပါသည်။

ဤအောင်မြင်မှုသည် Dubai Economic Agenda D33 ၏ ဒူဘိုင်းမြို့အား စီးပွားရေးနှင့် ခရီးသွားလာရေးအတွက် ကမ္ဘာ့ထိပ်တန်းမြို့ ၃ မြို့အတွင်း ရောက်ရှိစေရန်ရည်ရွယ်ထားသော ဦးတည်ချက်နှင့် ကိုက်ညီလျက်ရှိကြောင်းကိုလည်း ၎င်း၏အဆိုပါလူမှုမီဒီယာတွင် ဖော်ပြထားကြောင်း သတင်းဌာနမှ ဖော်ပြခဲ့ပါသည်။

သုံးသပ်တင်ပြချက်

ဒူဘိုင်းမြို့သည် ဥရောပ၊ အာဖရိကနှင့် အာရှတိုက်များအကြား မဟာဗျူဟာမြောက်နေရာတွင် တည်ရှိပြီး ယင်းဒေသများသို့ပျံသန်းသော နိုင်ငံတကာခရီးသွားများအတွက် အဆင်ပြေသောရပ်နားရာ ခရီးစဉ်ဒေသတစ်ခုဖြစ်ကာ ဇိမ်ခံဟိုတယ်များ၊ စျေးဝယ်စင်တာများ၊ ဖျော်ဖြေရေးအဆောက်အအုံများ အပြင် ဒူဘိုင်းမက်ထရိုရထားပြေးဆွဲမှုနှင့် ဒူဘိုင်းအပြည်ပြည်ဆိုင်ရာလေဆိပ်တို့ကဲ့သို့ ကမ္ဘာ့အဆင့်မီအခြေခံအဆောက်အအုံများတည်ရှိပြီး မြို့တော်၏ခေတ်မီသာယာလှပအဆင်ပြေမှုများနှင့် ထိရောက်သောဝန်ဆောင်မှုများ သည် နိုင်ငံတကာခရီးသွားများကို ဆွဲဆောင်လျက်ရှိပါသည်။ ကမ္ဘာလှည့်ခရီးသည်များအတွက် Burj Khalifa၊ Palm Jumeirah၊ Dubai Mall နှင့် Dubai Fountain ကဲ့သို့သော အထင်ကရနေရာများအပါအဝင် ခရီးသွားများအတွက်ကျယ်ပြန့်သော အခြားဆွဲဆောင်မှုများစွာကိုလည်း ပေးအပ်ထားပြီး ဒူဘိုင်းမြို့တွင်တစ်နှစ်ပတ်လုံး ယဉ်ကျေးမှုဆိုင်ရာပွဲလမ်း သဘင်များ၊ ပွဲတော်များ၊ နိုင်ငံတကာစီးပွားရေးလုပ်ငန်းပြပွဲများအများအပြားကို ခင်းကျင်းပြသလျက်ရှိပြီး မတူကွဲပြားသော စိတ်ဝင်စားမှုများဖြင့် ဖြည့်ဆည်းထားရှိပါသည်။

ကုန်တိုက်ကြီးများ၊ စျေးများ(ရိုးရာစျေးကွက်များ)နှင့် နိုင်ငံတကာဇိမ်ခံအမှတ်တံဆိပ်များမှစ၍ ဒေသရိုးရာလက်မှုထုတ်ကုန်များကိုရရှိနိုင်သည့် စျေးဝယ်အခွင့်အလမ်းများအတွက်လည်း ထင်ရှားကျော်ကြားကာ ၎င်း၏အခွန်ကင်းလွတ်စျေးဝယ်နိုင်မှုသည် လျှော့စျေးများနှင့် ထူးခြားသောဝယ်ယူမှုများကို ရှာဖွေနေသည့် နိုင်ငံတကာခရီးသွားဧည့်သည်များကို ဆွဲဆောင်လျက်ရှိသလို ကမ္ဘာလုံးဆိုင်ရာ စီးပွားရေးအချက်အချာအဖြစ် လူမှု၊ စီးပွားအဆင့်အတန်းနှင့် အပန်းဖြေနေရာတစ်ခုအဖြစ် ဂုဏ်သတင်းကြီးမားမှုကြောင့် စီးပွားရေးနှင့်အပန်းဖြေလာရောက်ကြသည့် နိုင်ငံတကာခရီးသွားများကိုလည်း ဆွဲဆောင်လျက်ရှိကာ နိုင်ငံတကာစီးပွားရေးလုပ်ငန်းအခွင့်အလမ်းများ၊ ဖျော်ဖြေရေးရွေးချယ်မှုမျိုးစုံနှင့် အပန်းဖြေလှုပ်ရှားမှုများစွာတို့ကို စုံလင်စွာပေါင်းစပ်ဖြည့်ဆည်းပေးထားပါသည်။

ဒူဘိုင်းမြို့သည် ဘေးကင်းမှုနှင့်တည်ငြိမ်အေးချမ်းမှုအတွက် ထင်ရှားလူသိများပြီး ခရီးသွားများစူးစမ်းလေ့လာရန်နှင့် ပျော်ရွှင်စွာလည်ပတ်နိုင်ရန် လုံခြုံသောပတ်ဝန်းကျင်ကို ပေးအပ်ထားပါသည်။ ဒူဘိုင်းမြို့၏ တင်းကျပ်သော ဥပဒေ၊ စည်းမျည်းစည်းကမ်းများနှင့် ထိရောက်သော တရားဥပဒေစိုးမိုးမှုတို့သည် ဘေးကင်းလုံခြုံသော ခရီးစဉ်ဒေသတစ်ခုအဖြစ် ၎င်း၏ဂုဏ်သတင်းကို ကျော်ကြားစေခဲ့ကာ ဒူဘိုင်းအစိုးရမှ နိုင်ငံတကာစျေးကွက်ရှာဖွေရေးလှုပ်ရှားမှုများ၊ လေကြောင်းလိုင်းများနှင့် ပူးပေါင်းဆောင်ရွက်မှုများ နိုင်ငံတကာပွဲလမ်းသဘင်များကို စီစဉ်လက်ခံကျင်းပခြင်းများတို့မှတစ်ဆင့် ခရီးသွားလုပ်ငန်းကို တက်ကြွစွာပူးပေါင်းမြှင့်တင်ဆောင်ရွက်ပေးမှုများသည် ဒူဘိုင်းကိုကမ္ဘာ့ထိပ်တန်း ခရီးစဉ်ဒေသတစ်ခုအဖြစ် ကမ္ဘာတစ်ဝှမ်းမှ ခရီးသွားများအတွက် ဦးစားပေးနေရာတစ်ခုဖြစ်လာစေခဲ့ကြောင်း သုံးသပ်တင်ပြလိုက်ရပါသည်။

Source: khaleejtimes.com

(နန္ဒာစိုးမြင့်၊ စီးပွားရေးသံမှူး၊ ဒူဘိုင်းမြို့)

Category: U. A. E