India (Delhi)

အိန္ဒိယသည် စိုက်ပျိုးဧရိယာစာရင်းဇယားများကို သိရှိနိုင်ရန်အတွက် ဒစ်ဂျစ်တယ်ကောက်ပဲသီးနှံ စစ်တမ်းများ ဆောင်ရွက်သွားမည်

Last Updated:

အိန္ဒိယသည် နိုင်ငံတစ်ဝှမ်းရှိ စိုက်ပျိုးဧကများကို တိတိကျကျသိရှိနိုင်ရန်အတွက် ဉာဏ်ရည်တု (AI)နှင့် အဆင့်မြင့်ခွဲခြမ်းစိတ်ဖြာမှုကျောထောက်နောက်ခံပြုထားသော ဒစ်ဂျစ်တယ်ကောက်ပဲသီးနှံစစ်တမ်းများကို ပုံမှန်ဆောင်ရွက်ခြင်းဖြင့် ၎င်း၏လယ်ယာစာရင်းအင်းစနစ်အား ခိုင်မာအားကောင်းစေရန် စီစဉ်နေကြောင်း အကြီးတန်းအရာရှိများက ပြောကြားခဲ့သည်။

ယင်းသို့ဆောင်ရွက်ခြင်းသည် အစိုးရ၏လက်တွေ့ကျသော လယ်ယာစိုက်ပျိုးရေးထွက်ရှိမှု ကြိုတင်ခန့်မှန်းခြင်းများကို ပိုမိုအထောက်အကူဖြစ်စေနိုင်မည်ဟုမျှော်လင့်ကြောင်း၊ ထို့ပြင် ယင်းသည် သင့်လျော်သည့်ကုန်သွယ်မှုဆိုင်ရာမူဝါဒများချမှတ်ဆောင်ရွက်ရန်အတွက် အကူအညီပေးနိုင်မည်ဖြစ်ကြောင်း၊ မမှန်ကန်သော ကိန်းဂဏန်းများသည် အစိုးရ၏ ငွေကြေးဖောင်းပွမှုထိန်းချုပ်ရေးအစီအစဉ်များကို ကမောက်ကမဖြစ်စေနိုင်သကဲ့သို့ကုန်သွယ်မှုကို အနှောင့်အယှက်ဖြစ်စေကြောင်း၊ အားလုံးအဆင်ပြေမှုရှိပါက ဒစ်ဂျစ်တယ်စစ်တမ်းကို လာမည့်နွေရာသီကစပြီး ကျယ်ကျယ်ပြန့်ပြန်စတင်ဆောင်ရွက်သွားမည်ဖြစ်ကြောင်း အမည်မဖော်လိုသည့်အရာရှိတစ်ဦးက ပြောကြားခဲ့သည်။ ဌာနဆိုင်ရာများသည် အများအားဖြင့် သီးနှံမျိုးစေ့ကြဲခြင်းဆိုင်ရာ အချက်အလက်များအတွက် ဒေသဆိုင်ရာတာဝန်ရှိသူများ၏ ကွင်းဆင်းလေ့လာမှုများမှ ရရှိသည့်အချက်အလက်ပေါ်တွင်မှီခိုနေရပြီး ယင်းသည် တစ်ခါတစ်ရံတွင် ယုံကြည်စိတ်ချရမှုမရှိကြောင်း လယ်ယာအချက်အလက်များကို အချိန်နှင့်တစ်ပြေးညီ စုဆောင်းခြင်းသည်လည်း အရေးကြီးကြောင်းလည်း ၎င်းက ပြောကြားထားပါသည်။

ဒစ်ဂျစ်တယ်ကောက်ပဲသီးနှံစစ်တမ်းနှင့် သက်ဆိုင်ရာဝက်ဘ်ဆိုဒ်အက်ပလီကေးရှင်းများ၏ မိုဘိုင်းအက်ပလီကေးရှင်းများအတွက် သီးနှံမျိုးစေ့ကြဲခြင်းဆိုင်ရာအချက်အလက်စုဆောင်းခြင်းများကို ပြည်နယ်များအလိုက် တာဝန်ပေးအပ်ထားသူအရာရှိများက ကောက်ခံဖြည့်သွင်းသွားမည်ဖြစ်ကြောင်း၊  စိုက်ပျိုးရေးနှင့် တောင်သူများသက်သာချောင်ချိရေးဝန်ကြီးဌာနမှသည် စိုက်ပျိုးဧရိယာခန့်မှန်းချက်များကို တိကျမှန်ကန်စေရန်အတွက် GIS-GPS နည်းပညာများနှင့် AI/ML(machine learning)ကဲ့သို့သော နောက်ဆုံးပေါ်နည်းပညာတိုးတက်မှုများဖြစ်သည့် ရှင်းလင်းလွယ်ကူသော ရုပ်ပုံကားချပ်များ၊ အဆင့်မြင့်ခွဲခြမ်းစိတ်ဖြာမှုများနှင့်အတူ ခိုင်မာသောသီးနှံစစ်တမ်းစနစ်တစ်ခုကို ဖန်တီးရန်ရည်ရွယ်ထား‌ကြောင်းနှင့် ရာသီချိန်အတွင်း သီးနှံကျန်းမာရေးစောင့်ကြည့်ရေးစနစ်များ ပိုမိုကောင်းမွန်လာစေရန် ဝန်ကြီးဌာနက လုပ်ဆောင်နေကြောင်း သိရှိရပါသည်။

အိန္ဒိယအစိုးရသည် ယမန်နှစ်တွင် စမ်းသပ်ဆောင်ရွက်မှုအနေဖြင့် ပြည်နယ် ၁၂ ခုတွင် ဒစ်ဂျစ်တယ်ကောက်ပဲသီးနှံစစ်တမ်းကိုစတင်ခဲ့ပြီး ကနဦးရလဒ်များကို အားတက်ဖွယ်တွေ့ရှိခဲ့ကြောင်း၊ယခုစီမံချက်ကို အတိုင်းအတာတစ်ခုအထိတိုးချဲ့ကာ နိုင်ငံတစ်ခုလုံးကိုမလွှမ်းခြုံမီ ပြည်နယ်အများအပြားတွင် ထပ်တိုးဆောင်ရွက်ရန်ရည်ရွယ်ထားကြောင်း တာဝန်ရှိသူ များက ပြောကြားခဲ့သည်။ ပြီးခဲ့သောနှစ်တွင် စမ်းသပ်ဆောင်ရွက်ခဲ့သော ပြည်နယ်များမှာ Madhya Pradesh, Karnataka, Telangana, Andhra Pradesh, Uttar Pradesh, Rajasthan, Tamil Nadu, Maharashtra, Odisha, Assam နှင့် Gujarat တို့ဖြစ်ကြသည်။

အမျိုးသားစာရင်းအင်းကော်မရှင်၏ဥက္ကဋ္ဌဖြစ်သူ ပရိုနာ့ဆန်က "တိကျသောစိုက်ပျိုးဧကအချက်အလက်များကို စုဆောင်းခြင်းသည် ခိုင်မာသောလယ်ယာစာရင်းအင်းစနစ်တစ်ခုတည်ဆောက်ရန်အတွက် အရေးကြီးကြောင်းနှင့် စီစဉ်ထားသောစနစ်သစ်သည် အထောက်အကူဖြစ်နိုင်သော်လည်း အချိန်အနည်းငယ်ပေးရန် လိုအပ်မည်ဖြစ်ကြောင်း ပြောကြားခဲ့သည်။

အိန္ဒိယအစိုးရက ၂၀၂၂ ခုနှစ်တွင် ဂျုံထွက်ရှိမှုကောင်းမွန်မည်ဟုခန့်မှန်းခဲ့ပြီး ကမ္ဘာ့ဈေးကွက်သို့ တင်ပို့ရောင်းချရန်ကတိပြုခဲ့ပြီး ရက်အနည်းငယ်အတွင်း ဈေးကွက်သို့ ဂျုံဝင်ရောက်မှုနည်းသောကြောင့် အစိုးရဝယ်ယူရေးအစီအစဉ်များ ကမောက်ကမဖြစ်ခဲ့သဖြင့် ဂျုံတင်ပို့မှုကို ရုတ်တရတ်ပိတ်ပင်ခဲ့ရမှုနောက်ပိုင်းတွင် ပိုမိုကောင်းမွန်သောလယ်ယာစာရင်းအင်းစနစ်အတွက် အရှိန်အဟုန်ဖြင့် ဆောင်ရွက်ခဲ့ကြောင်းသိရသည်။

Source: Digital crop survey on cards to fine-tune farm statistics, The Economic Times, 02 May 2024.

(မျိုးမြင့်မောင်၊ စီးပွားရေးသံမှူး၊ နယူးဒေလီမြို့)

Category: India (Delhi)