India (Delhi)

Maharashtra ပြည်နယ်တွင် ရွေးကောက်ပွဲအတွက် မဲပေးခြင်းများမပြုမီ ကြက်သွန်နီ တင်ပို့မှုပိတ်ပင်ချက်ကို ရုတ်သိမ်းပေးခဲ့

Last Updated:

ကြက်သွန်နီအဓိကစိုက်ပျိုးထွက်ရှိသည့် ပြည်နယ်တစ်ခုဖြစ်သည့် Maharashtra ပြည်နယ်တွင် တတိယအဆင့်မဲပေးမှုများမစတင်မီ အိန္ဒိယဗဟိုအစိုးရသည် ယမန်နှစ်ဒီဇင်ဘာလက ချမှတ်ထားသော ကြက်သွန်နီတင်ပို့မှုတားမြစ်ချက်ကို ရုတ်သိမ်းရန် စနေနေ့က ကြေညာခဲ့သည်။

နိုင်ငံခြားကုန်သွယ်မှုအထွေထွေညွှန်ကြားမှုဦးစီးဌာန(DGFT)မှ ကြက်သွန်နီများကို အနည်းဆုံးပို့ကုန်ဈေးနှုန်း(MEP)တစ်တန်လျှင် ကန်ဒေါ်လာ ၅၅၀၊ ပို့ကုန်ခွန် ၄၀ ရာခိုင်နှုန်းဖြင့် တင်ပို့ခွင့်ပြုကြောင်း စနေနေ့က ထုတ်ပြန်ခဲ့သည်။

ပြည်ပသို့တင်ပို့မှုပိတ်ပင်လိုက်ခြင်းသည် နိုင်ငံ၏ကြက်သွန်နီထွက်ရှိရာဒေသဟု လူသိများသော Maharashtra နှင့် Marathwada ဒေသရှိ ကြက်သွန်စိုက်တောင်သူများကို ထိခိုက်စေခဲ့ကြောင်း ယင်းဒေသနှစ်ခုသည် တစ်နိုင်ငံလုံးကြက်သွန်ထုတ်လုပ်မှုသည် ၄၀ ရာခိုင်နှုန်းကို ထုတ်လုပ်နိုင်ကြောင်း၊ ကြက်သွန်တင်ပို့မှုတားမြစ်ချက်ဆုံးဖြတ်ချက်အတွက် လယ်သမားများက မကျေမနပ်ဖြစ်ပြီး အချို့သော နေရာများတွင် ယခုနှစ်ဇန်နဝါရီလကတည်းက ကန့်ကွက်မှုများရှိခဲ့ကြောင်း သိရသည်။

အဆိုပါမကျေနပ်ချက်သည် ဂူဂျာရတ်ပြည်နယ်မှထွက်ရှိသော အဖြူရောင်ကြက်သွန်(white onion) တန်ချိန် ၂၀၀၀ အား ပြည်ပသို့တင်ပို့ရန် အစိုးရမှ ဧပြီလ ၂၅ ရက်နေ့တွင် ဖြေလျှော့ပေးပြီးနောက် ပိုမိုမြင့်မားလာကြောင်းနှင့် ဂူဂျာရတ်သည် ပြည်ပဝယ်လိုအားများသော အဖြူ‌ရောင်ကြက်သွန်အများဆုံးထွက်ရှိသည့် ပြည်နယ်တစ်ခုဖြစ်ကြောင်း၊ Bhavnagar နှင့် Amreli တို့သည် ဂူဂျာရတ်၏ထိပ်တန်းကြက်သွန်အထွက်ရှိသောခရိုင်များဖြစ်ပြီး ရွေးကောက်ပွဲတွင် အောက်လွှတ်တော်(Lok Sabha)အတွက် နေရာနှစ်ခုထားရှိကြောင်း သိရသည်။

Maharashtra ပြည်နယ်ရှိ ကြက်သွန်နီစိုက်ပျိုးထုတ်လုပ်ပြီး လယ်သမားများသည် ဂူဂျာရတ်အတွက် ဆောင်ရွက်ပေးမှုကဲ့သို့ ၎င်းတို့အတွက် အလားတူဖြေလျော့မှုများဆောင်ရွက်ပေးရန် ဆန္ဒပြတောင်းဆိုခဲ့ကြသည်။

ယခုကြက်သွန်နီတင်ပို့မှုအား ခွင့်ပြုပေးခြင်းသည် ကြိုဆိုရမည့်ဆောင်ရွက်ချက်တစ်ခုဖြစ်သော်လည်း နောက်ကျသွားပြီဖြစ်ကြောင်း၊ ပထမဦးစွာ ကြက်သွန်နီတင်ပို့မှုပိတ်ပင်ခြင်းမှာ မဖြစ်သင့်ကြောင်း၊ ပို့ကုန်တားမြစ်ချက်ကိုရုတ်သိမ်းမည်ဆိုလျင်လည်း ပြည်နယ်အားလုံးအတွက်ဖြစ်သင့်ကြောင်း ကြက်သွန်စိုက်တောင်သူတစ်ဦးက ပြောကြားထားသည်။

Source: Export ban lifted before voting in Maharashtra onion belt, The Economic Times, May 05, 2024.

(မျိုးမြင့်မောင်၊ စီးပွားရေးသံမှူး၊ နယူးဒေလီမြို့)

Category: India (Delhi)