Russia

ရုရှားနိုင်ငံမှ ဆန်တင်ပို့မှုတားမြစ်ချက်ကို ၆ လ သက်တမ်းတိုးရန် စိုက်ပျိုးရေးဝန်ကြီးဌာနမှ အဆိုပြုထား

Last Updated:

ရုရှားစိုက်ပျိုးရေးဝန်ကြီးဌာနသည် ၂၀၂၄ ခုနှစ်၊ ဇန်နဝါရီလ ၁ ရက်မှ ဇွန်လ ၃၀ ရက်အထိ ရုရှားနိုင်ငံမှ ဆန်နှင့်ဆန်စပါးတင်ပို့မှုတားမြစ်ချက်အား သက်တမ်းတိုးရန် အဆိုပြုထားကြောင်း ၎င်းသက်ဆိုင်ရာဥပဒေမူကြမ်းကို အစိုးရ၏တရားဝင် Website ပေါ်တွင် ဖော်ပြထားပါသည်။

အဆိုပါဥပဒေမူကြမ်းတွင် ရုရှားမှ ယူရေးရှားစီးပွားရေးသမဂ္ဂအဖွဲ့ဝင်နိုင်ငံများနှင့် အခြားပြည်ပနိုင်ငံများသို့ လူသားချင်းစာနာထောက်ထားမှုဆိုင်ရာအကူအညီများအတွက် တင်ပို့သည့်ဆန်များအား ပိတ်ပင်မည်မဟုတ်ကြောင်း ဖော်ပြထားသည်။

နိုဝင်ဘာလကုန်တွင် ရုရှားစိုက်ပျိုးရေးဝန်ကြီး Mr. Dmitry Patrushev က ရုရှားနိုင်ငံသည် လက်ရှိစိုက်ပျိုးရာသီတွင် လူမှုရေးအရ အရေးပါသောသီးနှံများဖြစ်သည့် ဆန်နှင့်ဂျုံထုတ်လုပ်နိုင်မှုသည် သိသာစွာတိုးတက်လာခဲ့ကြောင်း ပြောကြားခဲ့သည်။ ဆန်စပါးစုစုပေါင်းရိတ်သိမ်းနိုင်မှုသည် တန်ချိန် ၁.၁ သန်းကျော်လွန်ခဲ့ပြီး ၂၀၂၂ ခုနှစ်နှင့်နှိုင်းယှဉ်ပါက ၂၄ ရာခိုင်နှုန်းပိုများသည်။

ရုရှားတွင် ဆန်နှင့် ဆန်စပါးတင်ပို့မှုယာယီတားမြစ်ချက်ကို ၂၀၂၂ ခုနှစ်၊ ဇူလိုင်လ ၁ ရက်နေ့တွင် စတင်ခဲ့ပြီး ပို့ကုန်ကန့်သတ်ချက်အား ၆ လတစ်ကြိမ် ပုံမှန်သက်တမ်းတိုးခဲ့ရာ ၂၀၂၃ ခုနှစ် နှစ်ကုန်အထိ သက်တမ်းရှိခဲ့သည်။ ယခုအခါ ယင်းနှင့်စပ်လျဉ်း၍ စိုက်ပျိုးရေးဝန်ကြီးဌာနသည် တားမြစ်ချက်ကို ၂၀၂၄ ခုနှစ် ဇန်နဝါရီလ ၁ ရက်နေ့မှ ခြောက်လအထိ သက်တမ်းတိုးရန် အဆိုပြုထားခြင်းဖြစ်ပါသည်။

အဆိုပါတားမြစ်ချက်သည် နိုင်ငံအတွင်း ဆန်စပါးပြတ်လပ်မှုအန္တရာယ်ကို ရှောင်ရှားရန်နှင့် နိုင်ငံ၏ စားနပ်ရိက္ခာဖူလုံမှုရရှိစေရန် ရည်ရွယ်ခြင်းဖြစ်ပြီး အဆိုပါထုတ်ကုန်များအတွက် ပြည်တွင်းစျေးနှုန်းများတည်ငြိမ်စေရန်ဖြစ်သည်။ ထို့အပြင် မွေးမြူရေးနှင့် ပြန်လည်ပြုပြင်ထုတ်လုပ်ခြင်းလုပ်ငန်းများအတွက် ပံ့ပိုးကူညီနိုင်ရန်ဖြစ်ကြောင်း ရှင်းလင်းဖော်ပြထားပါသည်။

ရုရှားကောက်ပဲသီးနှံသမဂ္ဂဥက္ကဋ္ဌ Mr. Arkady Zlochevsky ၏ပြောကြားချက်အရ ရုရှားနိုင်ငံသားများသည် နှစ်စဉ်ဆန်တန်ချိန် ၁ သန်းခန့်စားသုံးကြပြီး ထိုအထဲမှ တန်ချိန် ၂၀၀,ဝဝဝ ခန့်သည် ဆန်လုံးရှည်(Long-grain rice)များဖြစ်ကြောင်း သိရှိရပါသည်။ ရုရှားနိုင်ငံ၌ ဆန်လုံးတို(round - grain rice)သည် ပြည်တွင်းစားသုံးရန်အတွက်သာမက ပြည်ပသို့ တင်ပို့ရန်အတွက်ပါ လုံလောက်မှုရှိသော်လည်း ဆန်လုံးရှည်သည် ပြည်တွင်း၌ စိုက်ပျိုးထုတ်လုပ်နိုင်ခြင်းမရှိကြောင်း သိရှိရပါသည်။ ရုရှားနိုင်ငံသို့ ဆန်လုံးရှည် အဓိကတင်ပို့လျက်ရှိသောနိုင်ငံများမှာ အိန္ဒိယ၊ ဗီယက်နမ်နှင့် ထိုင်းနိုင်ငံတို့ဖြစ်ကြောင်း တွေ့ရှိရပါသည်။

Source :  https://www.kommersant.ru/doc/6365559

(ခွန်မျိုးသူ၊ စီးပွားရေးသံမှူး၊ မော်စကိုမြို့)

Category: Russia