Singapore

ဒေသတွင်းမဟာဓာတ်အားလိုင်းစမ်းသပ်မှုနှင့်စပ်လျဉ်း၍ လွှတ်တော်တွင် မေးမြန်းချက်အပေါ် စင်ကာပူနိုင်ငံ၊ ကုန်သွယ်ရေးနှင့် စက်မှုဝန်ကြီးဌာန၊ ဝန်ကြီး၏ ဖြေကြားချက်

Last Updated:

၂၀၂၂ ခုနှစ်ကဆောင်ရွက်ခဲ့သည့် ဒေသတွင်းမဟာဓာတ်အားလိုင်းစမ်းသပ်မှု၊အဆိုပါစမ်းသပ်မှုအရ အစိုးရအနေဖြင့်အကောင်အထည်ဖော်ဆောင်ရွက်နေမှု၊လာအို-ထိုင်း-မလေးရှား -စင်ကာပူ မဟာဓာတ်အားလိုင်း ပူးပေါင်းမှုစီမံကိန်း(Lao PDR-Thailand-Malaysia-Singapore Power Integration Project–LTMS-PIP) အရ လျှပ်စစ်ဓာတ်အားထုတ်လုပ်မှုအစီအစဉ်များနှင့်စပ်လျဉ်း၍ စင်ကာပူနိုင်ငံ၊ ကုန်သွယ်ရေးနှင့်စက်မှုဝန်ကြီးဌာန၊ ဝန်ကြီးကို လွှတ်တော်တွင် မေးမြန်းခဲ့ပါသည်။

အဆိုပါမေးမြန်းချက်နှင့်စပ်လျဉ်း၍ ကုန်သွယ်ရေးနှင့်စက်မှုဝန်ကြီးဌာန၊ ဝန်ကြီး Mr. Gan Kim Yong က လာအို-ထိုင်း-မလေးရှား-စင်ကာပူမဟာဓာတ်အားလိုင်းပူးပေါင်းမှုစီမံကိန်း(Lao PDR-Thailand-Malaysia-Singapore Power Integration Project–LTMS-PIP) စတင်ခဲ့သည့် ၂၀၂၂ ခုနှစ်၊ ဇွန်လ ၂၃ ရက်နေ့မှ ၂၀၂၃ ခုနှစ်၊ ဩဂုတ်လကုန်အထိ လျှပ်စစ်ဓာတ်အား ၂၇၀ ဂစ်ဂါဝပ်ကို လာအိုနိုင်ငံမှ တင်သွင်းခဲ့ကြောင်း၊ (၄) ကြိမ်မြောက် လာအို-ထိုင်း-မလေးရှား-စင်ကာပူ မဟာဓာတ်အားလိုင်းပူးပေါင်းမှုစီမံကိန်းဝန်ကြီးများအဆင့်အစည်းအဝေးတွင် လျှပ်စစ်ဓာတ်အား ၁၀၀ မီဂါဝပ်အထိ ကုန်သွယ်ကြရန် သဘောတူခဲ့ကြောင်း၊ စင်ကာပူနိုင်ငံအနေဖြင့် လျှပ်စစ်ဓာတ်အား ၁၀၀ မီဂါဝပ်ထက်ကျော်လွန်၍ ကုန်သွယ်မှုပြုရေးအပါအဝင် LTMS-PIP မြှင့်တင်ရေးအတွက် ဆက်လက်ဆွေးနွေးသွားမည်ဖြစ်ကြောင်း၊ LTMS-PIP သည် နယ်စပ်ဖြတ်ကျော်လျှပ်စစ်ဓာတ်အား ကုန်သွယ်ရေးအတွက် ပူးပေါင်းဆောင်ရွက်ခြင်းဖြင့် ၄ နိုင်ငံလုံးအတွက် အပြန်အလှန်အကျိုးဖြစ်ထွန်းစေမည်ဖြစ်ကြောင်း၊ ထို့ပြင် LTMS-PIP သည် ASEAN Power Grid အတွက် အထောက် အကူဖြစ်စေမည့် ဆောင်ရွက်မှုတစ်ခုဖြစ်ပြီး ဒေသတွင်း၌ စွမ်းအင်ဖူလုံရေးနှင့် စဉ်ဆက်မပြတ်ဖြစ်စေရေး၊ အပြန်အလှန်ချိတ်ဆက်မှုအားကောင်းစေရေး ဆောင်ရွက်မှုတစ်ခုလည်းဖြစ်ကြောင်း ဖြေကြားခဲ့ပါသည်။

LTMS-PIP အပြင် စင်ကာပူစွမ်းအင်ဈေးကွက်အာဏာပိုင်အဖွဲ့(Energy Market Authority – EMA)အနေဖြင့် ကာဗွန်နည်းလျှပ်စစ်ဓာတ်အားတင်သွင်းရန် အဆိုပြုလွှာများ ဆောင်ရွက်လျက်ရှိကြောင်း၊ ၂၀၂၃ ခုနှစ်၊ မတ်လတွင် ကမ္ဘောဒီးယားနိုင်ငံမှ စင်ကာပူနိုင်ငံသို့ လျှပ်စစ်ဓာတ်အား ၁ ဂစ်ဂါဝပ်တင်ပို့ရန် အဆိုပြုချက်ကို Conditional Approval (CA) ခွင့်ပြုပေးခဲ့ကြောင်း၊ ၂၀၂၃ ခုနှစ်၊ စက်တင်ဘာလတွင် အင်ဒိုနီးရှားနိုင်ငံမှ စီမံကိန်း ၅ ခု၊ စုစုပေါင်း ၂ ဂစ်ဂါဝပ် ကာဗွန်နည်းလျှပ်စစ်ဓာတ်အားတင်သွင်းရန်  Conditional Approval(CA) ထုတ်ပေးခဲ့ကြောင်း၊ အဆိုပါစီမံကိန်းများအကောင်အထည်ဖော်ပါက ၂၀၃၅ ခုနှစ်တွင် ကာဗွန်နည်းလျှပ်စစ်ဓာတ်အား ၄ ဂစ်ဂါဝပ်အထိ တင်သွင်းနိုင်မည့်ဦးတည်ချက်ကို ပြည့်မီစေမည်ဖြစ်ကြောင်း ဖြေကြားခဲ့ပါသည်။

ရင်းမြစ်။        The Ministry of Trade and Industry, Singapore

(သွယ်သွယ်ဆုတင်၊ စီးပွားရေးသံမှူး၊ စင်ကာပူမြို့)

Category: Singapore