Singapore

ရုပ်ကြွင်းလောင်စာဆီအစားထိုးရန် ဆီအုန်းမှ ဇီဝစွမ်းအင်ထုတ်လုပ်မည့် အင်ဒိုနီးရှားနိုင်ငံ

Last Updated:

အမျိုးသားသုတေသနနှင့် တီထွင်းဆန်းသစ်မှုဘုတ်အဖွဲ့(National Research and Innovation Board(BRIN)က ဆီအုန်းသည် ရုပ်ကြွင်းလောင်စာဆီအစားထိုးရန်အတွက် ပြန်လည်ပြည့်ဖြိုးမြဲစွမ်းအင်၏ အကောင်းဆုံးကုန်ကြမ်းဖြစ်ကြောင်း၊ BRIN ၏ ဆန်းစစ်ချက်သည် ဆီအုန်းကုန်ကြမ်းရရှိမှု၊ နည်းပညာ၊ ခံစားခွင့်များ၊ ထောက်ပံ့မှုနှင့် ရင်းနှီးမြှုပ်နှံမှုတို့အပေါ် အစိုးရ၏မူဝါဒတို့အပေါ် အခြေခံထားကြောင်း၊ အင်ဒိုနီးရှားနိုင်ငံသည် စာအုန်းဆီကြမ်းထုတ်လုပ်မှုတွင် ကမ္ဘာ့နံပတ်တစ်နိုင်ငံဖြစ်ပြီး တစ်နှစ်လျှင် တန်ချိန် ၄၄.၂ သန်းထုတ်လုပ်ကြောင်း၊ ထို့ကြောင့် အင်ဒိုနီးရှားနိုင်ငံသည် ဇီဝဒီဇယ်ထုတ်လုပ်ရန်အတွက် ကုန်ကြမ်းပေါပေါများများရှိကြောင်း BRIN Crops Research Center ၏ ခေါင်းဆောင်ဖြစ်သူ Yudhistira Nugraha က ပြောကြားခဲ့ပါသည်။

စိုက်ပျိုးရေးဝန်ကြီးဌာန၏ အချက်အလက်များအရ အင်ဒိုနီးရှားနိုင်ငံသည် ဆီအုန်းစိုက်ဧကဟက်တာ ၁၄.၆၈ သန်းရှိပြီး အဆိုပါဧကများ၏ ၄၀ ရာခိုင်နှုန်းကို လုပ်ငန်းငယ်များက ပိုင်ဆိုင်ထားပါသည်။ ထုတ်လုပ်မှုအများစုကို ပြည်ပတင်ပို့ပြီး အင်ဒိုနီးရှားနိုင်ငံအတွက် နိုင်ငံခြားငွေအများဆုံးရှာပေးသည့်လုပ်ငန်းဖြစ်ပါသည်။

အင်ဒိုနီးရှားအစိုးရက B 35 Program ကို အကောင်အထည်ဖော်လျက်ရှိပြီး အနာဂတ်တွင် B 100(Green Diesel)အဆင့်အထိ အဆင့်မြှင့်ဆောင်ရွက်သွားရန် စီစဉ်ထားကြောင်း၊ ဆီအုန်းမှ ဇီဝလောင်စာဆီထုတ်လုပ်သည့် နည်းပညာဖွံ့ဖြိုးတိုးတက်ရန် ရင်းနှီးမြှုပ်နှံမှုများစွာလိုအပ်ပြီး စိန်ခေါ်မှုကြီးတစ်ခုဖြစ်ကြောင်း Yudhistira Nugraha က ပြောကြားခဲ့ပါသည်။ အင်ဒိုနီးရှားနိုင်ငံ၏ B 35 Program မှာ ဇီဝဒီဇယ် ၃၅ ရာခိုင်နှုန်းနှင့် ရေနံစိမ်းဒီဇယ် ၆၅ ရာခိုင်နှုန်းရော၍ အသုံးပြုရန် သတ်မှတ်ချက်ဖြစ်ပါသည်။

ဆီအုန်းမှ ဇီဝဒီဇယ်ထုတ်လုပ်မှုအတွက် အခြားဇီဝစွမ်းအင်ရင်းမြစ်များနှင့်နှိုင်းယှဉ်ပါက ဆီအုန်းစိုက်ပျိုးထုတ်လုပ်မှုနှင့် အစိုးရ၏မူဝါဒများ၏ ထောက်ပံ့မှုပိုမိုရရှိကြောင်း၊ သို့ရာတွင် စိုက်ပျိုးထုတ်လုပ်မှုကုန်ကျစရိတ်ကြီးမြင့်လာမှုကြောင့် ဇီဝဒီဇယ်ထုတ်လုပ်မှုစဉ်ဆက်မပြတ်ဖြစ်စေရေးကို သက်ရောက်မှုရှိနေဆဲဖြစ်ပြီး တိုးတက်မှုများရရှိရန်မှာ စိန်ခေါ်မှုတစ်ခုဖြစ်ကြောင်း LPPM IPB ၏ Surfactant and Bioenergy ရှိ The Coordinator of Research and Development မှ Dwi Setyaningsih က ပြောကြားခဲ့ပါသည်။

မြန်မာနိုင်ငံသည်လည်း ဆီအုန်းစိုက်ပျိုးထုတ်လုပ်သည့်နိုင်ငံတစ်နိုင်ငံဖြစ်ရာ ပြန်လည်ပြည့်ဖြိုးမြဲစွမ်းအင်အသုံးပြုမှုကို အားပေးသည့်အနေဖြင့် ဆီအုန်းကို လောင်စာဆီအစားထိုး ဆောင်ရွက်နိုင်မည့် သီးနှံအဖြစ် ထည့်သွင်းစဉ်းစားနိုင်မည်ဖြစ်ကြောင်း တင်ပြလိုက်ရပါသည်။

ရင်းမြစ်။        The Indonesia Palm Oil Association

(သွယ်သွယ်ဆုတင်၊ စီးပွားရေးသံမှူး၊ စင်ကာပူမြို့)

Category: Singapore