U. A. E

ရမ်ဇာန်လအတွင်း ယူအေအီးနှင့် ဆော်ဒီအာရေးဗျတို့အကြား အပတ်စဉ်လေယာဉ်ပျံသန်းမှု ၁၃.၃ % တိုးလာပြီး လေကြောင်းခရီးစဉ် ၃၈၃ ကြိမ်အထိ တိုးလာခဲ့

Last Updated:

ရမ်ဇာန်လအတွင်းတွင် အထူးသဖြင့် Umrah ထုံးတမ်းစဉ်လာများဆောင်ရွက်ရန်အတွက် ယူအေအီးနိုင်ငံနှင့် ဆော်ဒီအာရေဗျနိုင်ငံများတို့အကြား လေကြောင်းခရီးသွားလာမှုတိုးတက်လာခဲ့ပါသည်။ ရမ်ဇာန်လ၏နောက်ဆုံးဆယ်ရက်အတွင်းတွင်မူ လေယာဉ်ပျံသန်းမှုလိုအပ်ချက် ကျဆင်းသွားခဲ့ပါသည်။

မတ်လတွင် ယူအေအီးနှင့်ဆော်ဒီအာရေးဗျနိုင်ငံများအကြား လေကြောင်းခရီးစဉ်အရေအတွက်သည် ဖေဖော်ဝါရီလနှင့်နှိုင်းယှဉ်ပါက ၁၃.၃ % တိုးမြင့်လာခဲ့ပါသည်။ ဖေဖော်ဝါရီလတွင် အပတ်စဉ်လေယာဉ် ပျံသန်းမှု ၃၃၈ ကြိမ်ရှိခဲ့ပြီး မတ်လတွင် အပတ်စဉ်လေယာဉ်ပျံသန်းမှု ၃၈၃ ကြိမ်အထိ တိုးမြင့်လာခဲ့ပါသည်။  

Flydubai လေကြောင်းလိုင်းသည် ဖေဖော်ဝါရီလကထက် လေကြောင်းခရီးစဉ်အရေအတွက် ၄၀ %တိုးမြင့်လာခဲ့ပါသည်။ ဖေဖော်ဝါရီလတွင် အပတ်စဉ်လေယာဉ်ပျံသန်းမှု ၉၃ ကြိမ်ရှိခဲ့ပြီး မတ်လတွင် အပတ်စဉ်လေယာဉ်ပျံသန်းမှု ၁၃၀ ကြိမ်အထိတိုးမြင့်လာခဲ့ကာ ဆော်ဒီအာရေးဗျနိုင်ငံ၏ခရီးစဉ်ဒေသအမျိုးမျိုးကို လွှမ်းခြုံပျံသန်းခဲ့ပါသည်။

Etihad Airways လေကြောင်းလိုင်းသည် Dammam၊ Jeddah နှင့် Riyadh ကဲ့သို့သောမြို့များကို လွှမ်းခြုံပျံသန်းခဲ့ကာ ဖေဖော်ဝါရီလတွင် လေယာဉ်ပျံသန်းမှု ၆၃ ကြိမ်မှ မတ်လတွင် ၇၇ ကြိမ်အထိ ၂၂.၂ % ကျော်တိုးမြင့်လာခဲ့ပါသည်။

Dammam၊ Jeddah၊ Madinah နှင့် Riyadh မြို့များအား လွှမ်းခြုံပျံသန်းထားသော Emirates လေကြောင်းလိုင်းသည် မတ်လတွင် ဆော်ဒီအာရေဗျသို့ အပတ်စဉ်ပျံသန်းမှု ၆၇ ကြိမ်ခန့်ရှိခဲ့ပါသည်။

ဈေးနှုန်းချိုသာသော Wizz Air Abu Dhabi လေကြောင်းလိုင်းသည် Dammam နှင့် Madinah မြို့များသို့ အပတ်စဉ်ပျံသန်းမှု ၂၁ ကြိမ်ခန့်ပျံသန်းခဲ့ပြီး Air Arabia လေကြောင်းလိုင်းသည် ဆော်ဒီအာရေဗျနိုင်ငံရှိ မြို့အသီးသီးကို အပတ်စဉ်ပျံသန်းမှု ၈၈ ကြိမ်ခန့်ရှိခဲ့ပါသည်။

ရမ်ဇာန်လနှင့် Umrah ရာသီအတောအတွင်း Etihad Airways လေကြောင်းလိုင်းသည် ခရီးသည် ၄၅,၀၀၀ ခန့်ကို ဆော်ဒီအာရေဗျနိုင်ငံသို့ ပို့ဆောင်ပေးခဲ့ပါသည်။ Jeddah ဆိပ်ကမ်းမြို့သည် ခရီးသွားများအတွက် ထိပ်တန်းရွေးချယ်မှုအများဆုံးခရီးစဉ်ဒေသဖြစ်ပြီး ပျံသန်းမှုနှုန်း ၉၅ %ကျော်အထိ မြင့်မားခဲ့ပါသည်။

ခရီးသွားအများစုမှာ  ယူအေအီး၊ အိန္ဒိယ၊ ပါကစ္စတန်နှင့် အင်ဒိုနီးရှားတို့မှဖြစ်ပါသည်။ Etihad Airways လေကြောင်းလိုင်းသည် မတူညီသောလေယာဉ်များကိုအသုံးပြု၍ ဆော်ဒီအာရေဗျနိုင်ငံရှိ ခရီးစဉ်ဒေသသုံးခုသို့ ပျံသန်းပြေးဆွဲလျက်ရှိပါသည်။

မတ်လ ၁၅ ရက်မှစတင်၍ Etihad Airways လေကြောင်းလိုင်းသည် အပတ်စဉ်ပျံသန်းမှု စုစုပေါင်း ၇၇ ခုဖြင့် Jeddah နှင့် Riyadh သို့ ၎င်း၏ဝန်ဆောင်မှုများကို အမြဲတမ်းပျံသန်းရန် တိုးမြှင့်ခဲ့ကြောင်း သတင်းဌာနမှ ဖော်ပြထားပါသည်။

Source: Emirates News Agency

(နန္ဒာစိုးမြင့်၊ စီးပွားရေးသံမှူး၊ ဒူဘိုင်းမြို့)

Category: U. A. E