Singapore

Asian Development Bank (ADB) ၊ Global Energy Alliance for People and Plant(GEAPP)နှင့် စင်ကာပူငွေကြေးအာဏာပိုင်အဖွဲ့တို့အကြား အာရှတွင် စွမ်းအင်ကူးပြောင်းမှု အရှိန်မြှင့်တင်ရန်အတွက် နားလည်မှုစာချွန်လွှာလက်မှတ်ရေးထိုးခြင်း

Last Updated:

Asian Development Bank(ADB)၊ Global Energy Alliance for People and Plant(GEAPP) နှင့်စင်ကာပူငွေကြေးအာဏာပိုင်အဖွဲ့တို့သည် အာရှတွင် စွမ်းအင်ကူးပြောင်းမှုအရှိန်မြှင့်တင်နိုင်ရေး ဘဏ္ဍာရေးအရ ပူးပေါင်းဆောင်ရွက်မှုတစ်ခုတည်ထောင်ရန်အတွက် နားလည်မှုစာချွန်လွှာကို (၂၈) ကြိမ်မြောက် ရာသီဥတုပြောင်းလဲမှုဆိုင်ရာ ကုလသမဂ္ဂမူဘောင်ကွန်ဗင်းရှင်းပါတီများ၏ ညီလာခံ(28th Conference of the Parties to the United Nations Framework Convention on Climate Change)တွင် လက်မှတ်ရေးထိုးခဲ့ပါသည်။ အဆိုပါနားလည်မှုစာချွန်လွှာအရ ကျောက်မီးသွေးသုံးစွမ်းအင်ထုတ်စက်ရုံများကို ပြန်လည်ပြည့်ဖြိုးမြဲစွမ်းအင်စက်ရုံများအဖြစ် အပိုင်းလိုက်ကူးပြောင်းနိုင်ရေးဆောင်ရွက်ခြင်း၊ ကာဗွန်ထုတ်လွှတ်မှုလျှော့ချရန် နည်းပညာမရှိသည့် သို့မဟုတ် ကုန်ကျစရိတ်ကြီးမားသည့် ကဏ္ဍများ(Hard-to-abate Sectors)တွင် ကာဗွန်ထုတ်လွှတ်မှုလျှော့ချခြင်းတို့ကို ဆောင်ရွက်သွားမည်ဖြစ်ပါသည်။ ပူးပေါင်းဆောင်ရွက်မှုအနေဖြင့် သက်သာသည့်စီးပွားရေးအရ အကျိုးရှိမည့်အရင်းအနှီးကို အမေရိကန်ဒေါ်လာ ၂ ဘီလီယံအထိထားရှိရန် ရည်ရွယ်ထားပါသည်။ မိတ်ဖက်အဖွဲ့အစည်းများအနေဖြင့် အာရှတွင် ကာဗွန်ထုတ်လွှတ်မှုလျှော့ချရေးအတွက် တီထွင်ဆန်းသစ်မှုရှိသည့် ဘဏ္ဍာရေးပုံစံများကို လက်တွေ့အသုံးချနိုင်မည်ဖြစ်ကာ အခွင့်အရေးများလည်း ရရှိလာမည်ဖြစ်ပါသည်။

ADB အနေဖြင့် ဒေသတွင်း၌ ၎င်း၏အဖွဲ့တင်နိုင်ငံများမှတစ်ဆင့် နည်းပညာထောက်ပံ့မှုများ၊ ငွေကြေးလွှဲပြောင်းမှုများကို ဆောင်ရွက်ပေးမည်ဖြစ်ပါသည်။ စွမ်းအင်ကူးပြောင်းမှုအတွက် မူဝါဒပိုင်းဆိုင်ရာ အကူအညီအထောက်အပံ့များ၊ ဂျပန်နိုင်ငံ၊ ဂျာမနီနိုင်ငံ၊ ETM Partnership Trust Fund ၏ အဖွဲ့ဝင်နိုင်ငံများမှ ငွေကြေးထည့်ဝင်မှုများအပါအဝင် ADB ၏ စွမ်းအင်ကူးပြောင်းမှုလုပ်ငန်းစဉ်(Energy Transition Mechanism–ETM)မှ အကျိုးဖြစ်ထွန်းစေမည်ဖြစ်ပါသည်။ GEAPP အနေဖြင့် အများအကျိုးပြုရန်ပုံငွေ ထည့်ဝင်ခြင်း၊ မိတ်ဖက်များအဖွဲ့အစည်း၊ စွမ်းအင်ကူးပြောင်းမှုနှင့်စပ်လျဉ်း၍ ၎င်း၏အတွေ့အကြုံများကို မျှဝေခြင်းတို့ကို ဆောင်ရွက်ပေးမည်ဖြစ်ပါသည်။

စင်ကာပူငွေကြေးအာဏာပိုင်အဖွဲ့အနေဖြင့် အခြေခံအဆောက်အအုံဆိုင်ရာဘဏ္ဍာရေးအဖွဲ့များအပါအဝင် စင်ကာပူနိုင်ငံ၏ဘဏ္ဍာရေးကဏ္ဍတွင် အဓိကပါဝင်ပတ်သက်သူများကို စုစည်းခြင်း၊ ပူးပေါင်းဆောင်ရွက်မှုအတွက် မူဝါဒပိုင်းဆိုင်ရာ ကူညီထောက်ပံ့မှုများကို ဆောင်ရွက်သွားမည်ဖြစ်ပါသည်။

ဘဏ္ဍာရေးနှင့် Carbon credits ဆိုင်ရာပူးပေါင်းဆောင်ရွက်မှုသည် အာရှတွင် စွမ်းအင်ကူးပြောင်းမှုအတွက် အဓိကကျသည့်အောင်မြင်မှုတစ်ခုဖြစ်ကြောင်း၊ စင်ကာပူငွေကြေးအာဏာပိုင်အဖွဲ့အနေဖြင့် ADB နှင့် GEAPP တို့နှင့်ပူးပေါင်းဆောင်ရွက်မှုကို ဝမ်းမြောက်ကြောင်း၊ အာရှ၏ သန့်ရှင်းသောစွမ်းအင်ရရှိရေး၊ ဖန်လုံအိမ်ဓာတ်ငွေ့ထုတ်လွှတ်မှုလျှော့ချရေးနှင့် ရေရှည်တည်တံ့စေမည့် ကမ္ဘာဂြိုလ်ဖြစ်စေရေးအတွက် ဖွံ့ဖြိုးမှုဆိုင်ရာဘဏ္ဍာရေးအဖွဲ့အစည်းများ၊ ရင်းနှီးမြှုပ်နှံသူများ၊ ဘဏ်များ၊ အခြားသောငွေကြေးဆောင်ရွက်သူများကို ယခုပူးပေါင်းဆောင်ရွက်မှုတွင် ပါဝင်လာစေရေး တိုက်တွန်းအားပေးသွားမည်ဖြစ်ကြောင်း စင်ကာပူငွေကြေးအာဏာပိုင်အဖွဲ့၏ မန်နေးဂျင်းဒါရိုက်တာဖြစ်သူ Ravi Menon က ပြောကြားခဲ့ပါသည်။

ရင်းမြစ်။        Monetary Authority of Singapore

(သွယ်သွယ်ဆုတင်၊ စီးပွားရေးသံမှူး၊ စင်ကာပူမြို့)

Category: Singapore