Singapore

စင်ကာပူနိုင်ငံနှင့် ဆီနီဂေါနိုင်ငံတို့အကြား Carbon Credits ဆိုင်ရာနားလည်မှုစာချွန်လွှာ လက်မှတ်ရေးထိုး

Last Updated:

ပါရီသဘောတူစာချုပ်၏ အခန်း (၆) (Article 6 of the Paris Agreement) နှင့်အညီ စင်ကာပူနိုင်ငံနှင့် ဆီနီဂေါနိုင်ငံတို့အကြား Carbon Credits ပူးပေါင်းမှုဆိုင်ရာ နားလည်မှုစာချွန်လွှာကို ၂၀၂၃ ခုနှစ်၊ ကုလသမဂ္ဂရာသီဥတုပြောင်းလဲမှုဆိုင်ရာညီလာခံ(2023 United Nations Climate Change Conference) အတွင်း လက်မှတ်ရေးထိုးခဲ့ပါသည်။

နားလည်မှုစာချွန်လွှာအရ ပါရီသဘောတူစာချုပ်၏အခန်း(၆) (Article 6 of the Paris Agreement)နှင့်အညီ နှစ်နိုင်ငံအကြား ပူးပေါင်းဆောင်ရွက်မှုများကို ဆောင်ရွက်သွားမည်ဖြစ်ပြီး ကာဗွန်ဈေးကွက်ဆိုင်ရာ အသိပညာများနှင့် အလေ့အကျင့်ကောင်းများဝေမျှခြင်း၊ နှစ်နိုင်ငံ၏ Nationally Determined Contributions(NDCs)ကို အောင်မြင်စေရေးအထောက်အကူဖြစ်စေမည့် carbon credits စီမံကိန်းများကို ရွေးချယ်သတ်မှတ်ခြင်းတို့ကို ဆောင်ရွက်သွားမည်ဖြစ်ပါသည်။

ရာသီဥတုဆိုင်ရာလုပ်ငန်းစဉ်များ ဆောင်ရွက်နိုင်ရေးအတွက် ဆီနီဂေါနိုင်ငံနှင့် အတူတကွဆောင်ရွက်လိုကြောင်း၊ နားလည်မှုစာချွန်လွှာသည် နှစ်နိုင်ငံ၏ ရာသီဥတုပြောင်းလဲမှုဆိုင်ရာမျှော်မှန်းချက်များကို ပြည့်မီစေရေး အတူတကွပူးပေါင်းဆောင်ရွက်မှုတွင် အရေးပါသည့်မှတ်တိုင်တစ်ခုဖြစ်ကြောင်း၊ ကာဗွန်နည်းသည့်အနာဂတ်ကို ကူးပြောင်းရာတွင် ရာသီဥတု ဆိုင်ရာရင်းနှီးမြှုပ်နှံမှု၊ တီထွင်ဆန်းသစ်မှု၊ အလုပ်အကိုင်ဖန်တီးမှုတို့ကိုဖြစ်ပေါ်စေမည်ဟု ယုံကြည်ပါကြောင်း စင်ကာပူနိုင်ငံ၊ ရေရှည်တည်တံ့ခိုင်မြဲရေးနှင့် ပတ်ဝန်းကျင်ဝန်ကြီးဌာန(Ministry for Sustainability and the Environment) အမြဲတမ်းအတွင်းဝန် Stanley Loh က ပြောကြားခဲ့ပါသည်။

စင်ကာပူနိုင်ငံသည် အလားတူသဘောတူစာချုပ်များ၊ နားလည်မှုစာချွန်လွှာများကို ပါပူရာနယူးဂီနီနိုင်ငံ၊ ဘူတန်နိုင်ငံ၊ ဂါနာနိုင်ငံ၊ ပါရာကွေးနိုင်ငံ၊ ဗီယက်နမ်နိုင်ငံ၊ ကမ္ဘောဒီးယားနိုင်ငံ၊ ချီလီနိုင်ငံ၊ ကိုလမ်ဘီယာနိုင်ငံ၊ ဒိုမီနီကန်ရီပတ်ပလစ်၊ ဖီဂျီနိုင်ငံ၊ အင်ဒိုနီးရှားနိုင်ငံ၊ ကင်ညာနိုင်ငံ၊ မွန်ဂိုလီယားနိုင်ငံ၊ မော်ရိုကိုနိုင်ငံ၊ ပီရူးနိုင်ငံ၊ ရဝမ်ဒါနိုင်ငံ၊ သီရိလင်္ကာနိုင်ငံတို့နှင့် လက်မှတ်ရေးထိုးထားပါသည်။

စင်ကာပူနိုင်ငံသည် Singapore Green Plan 2030 အရ လာမည့် ၁၀ နှစ်အတွင်း UN’s 2030 Sustainable Development Agenda နှင့် Paris Agreement တို့အရ စင်ကာပူနိုင်ငံ၏ ကတိကဝတ်များကို ပြည့်မီစေရေး၊ ၂၀၅၀ ပြည့်နှစ်တွင် ကာဗွန်ထုတ်လွှတ်မှုသုညဖြစ်စေရေး ကြိုးပမ်းဆောင်ရွက်လျက်ရှိရာ နိုင်ငံများနှင့် Carbon Credits ဆိုင်ရာ ပူးပေါင်းဆောင်ရွက်မှုများသည် ၎င်း၏ရာသီဥတုနှင့်ပတ်ဝန်းကျင်ဆိုင်ရာ မျှော်မှန်းချက်များကို ပြည့်မီစေရေး ဆောင်ရွက်ချက်များအနက် တစ်ခုဖြစ်ပါကြောင်း သုံးသပ်တင်ပြလိုက်ရပါသည်။

 ရင်းမြစ်။       The Ministry of Trade and Industry, Singapore

(သွယ်သွယ်ဆုတင်၊ စီးပွားရေးသံမှူး၊ စင်ကာပူမြို့)

Category: Singapore