Russia

ရုရှားရေနံ အဓိကဝယ်ယူသူများသည် အာရှ-ပစိဖိတ်ဒေသနိုင်ငံများဖြစ်

Last Updated:

၂၀၂၃ ခုနှစ်တွင် ရုရှားနိုင်ငံမှ ရေနံတင်ပို့မှု၏ ၈၀ ရာခိုင်နှုန်းနှင့် ရေနံထွက်ကုန်ပစ္စည်းတင်ပို့မှု၏ ၃၅ ရာခိုင်နှုန်းသည် အာရှ-ပစိဖိတ်ဒေသနိုင်ငံများသို့ ပို့ဆောင်ခဲ့ကြောင်း ရုရှားဒုတိယဝန်ကြီးချုပ် Mr. Alexander Novak က ပြောကြားခဲ့သည်။

ပိတ်ဆို့အရေးယူမှုများစတင်ပြီးနောက် ရုရှားရေနံနှင့်ရေနံထွက်ပစ္စည်းတင်ပို့မှုပမာဏအားလုံးကို စျေးကွက်သစ်များသို့ အပြည့်အဝလမ်းကြောင်းလွှဲနိုင်ခဲ့ကြောင်း၊ အာရှ-ပစိဖိတ်ဒေသရှိ နိုင်ငံများသည် ပြီးခဲ့သောနှစ်တွင် ရုရှားရေနံကို အဓိကဝယ်ယူခဲ့ကြကြောင်း၊ ရေနံ ၈၀ ရာခိုင်နှုန်းနှင့် ရေနံထွက်ပစ္စည်း ၃၅ ရာခိုင်နှုန်းကျော်ကို အဆိုပါဒေသရှိနိုင်ငံများသို့ ထောက်ပံ့ပေးခဲ့ကြောင်း ဒုတိယဝန်ကြီးချုပ်က ပြောကြားခဲ့သည်။

၂၀၂၃ ခုနှစ်တွင် ရုရှားနိုင်ငံမှ ရေနံတင်ပို့မှုပမာဏသည် တန်ချိန် ၂၃၄.၃ သန်းရှိပြီး ၎င်းသည် ယခင်နှစ်ကထက် ၃.၃ ရာခိုင်နှုန်း လျော့နည်းခဲ့သည်။ ၂၀၂၁ ခုနှစ်တွင် ရေနံထွက်ကုန်ပစ္စည်းတန်ချိန် ၁၄၄.၁ သန်းနှင့် ၂၀၂၂ ခုနှစ်တွင် တန်ချိန် ၁၂၇.၄ သန်းအထိ တင်ပို့နိုင်ခဲ့သည်။

၂၀၂၃ ခုနှစ်တွင် ရေနံထွက်ကုန်ပစ္စည်းတင်ပို့မှုပမာဏကို ထုတ်ဖော်ပြောကြားခြင်းမရှိဘဲ ရေနံတန်ချိန် ၅၃၀.၆ သန်းရှိသည့်အနက် ရေနံသန့်စင်ထုတ်လုပ်မှုပမာဏမှာ တန်ချိန် ၂၇၅ သန်းရှိကြောင်း သိရသည်။ စက်သုံးဆီထုတ်လုပ်မှုပမာဏမှာ ဓာတ်ဆီတန်ချိန် ၄၄ သန်းနှင့် ဒီဇယ်ဆီတန်ချိန် ၈၈ သန်းရှိကြောင်း သိရသည်။

ရုရှားသည် ၂၀၂၂ ခုနှစ်မှစ၍ ပင်လယ်ရေကြောင်းဖြင့် တင်ပို့မှုမြှင့်တင်ရန်အတွက် ၂၀၂၆ ခုနှစ်အထိ ရုရှားရေနံတင်ပို့မှုဆိုင်ရာအခြေခံအဆောက်အဦဖွံ့ဖြိုးတိုးတက်ရေးအစီအစဉ်ကို အကောင်အထည်ဖော်နေကြောင်း ဒုတိယဝန်ကြီးချုပ်က မှတ်ချက်ပြုခဲ့သည်။

အာရှ-ပစိဖိတ်ဒေသနိုင်ငံများ၏ စီးပွားရေးသည် ကမ္ဘာပေါ်တွင် အမြန်ဆုံးတိုးတက်ကြီးထွားလာနေသောနိုင်ငံများထဲတွင်ပါဝင်ပြီး လာမည့်ဆယ်စုနှစ်များအတွင်း အဆိုပါတိုးတက်မှုအလားအလာသည် ဆက်လက်တည်ရှိနေမည်ဟု လေ့လာသူများက သုံးသပ်ထားပါသည်။

Source :    https://tass.com/economy/1769253

(ခွန်မျိုးသူ၊ စီးပွားရေးသံမှူး၊ မော်စကိုမြို့)

Category: Russia