Japan

  ၂၀၂၃ ခုနှစ်၊ တတိယသုံးလပတ်တွင် ဂျပန်နိုင်ငံ၏ GDP မှာ ၂.၉ ရာခိုင်နှုန်းသို့ ကျဆင်းခဲ့

Last Updated:

ဂျပန်နိုင်ငံ၏ နှစ်စဉ်စီးပွားရေးတိုးတက်မှုနှုန်းမှာ ၂၀၂၃ ခုနှစ်၊ ဒုတိယသုံးလပတ်နှင့်နှိုင်းယှဉ်ပါက တတိယသုံးလပတ်ကာလဖြစ်သည့် ဇူလိုင်လမှ စက်တင်ဘာလအတွင်း ၂.၉ ရာခိုင်နှုန်းကျဆင်းခဲ့ကြောင်း ဂျပန်အစိုးရအဖွဲ့က ၈-၁၁-၂၀၂၃ ရက်နေ့တွင် ပြင်ဆင်ထုတ်ပြန်ခဲ့ကြောင်း၊ ဂျပန်နိုင်ငံ၏ နှစ်စဉ်စီးပွားရေးတိုးတက်မှုနှုန်းမှာ ၂၀၂၃ ခုနှစ်၊ တတိယသုံးလပတ်ကာလတွင် ၂.၁ ရာခိုင်နှုန်းသို့ ကျဆင်းနိုင်ကြောင်း ဂျပန်အစိုးရအဖွဲ့က နိုဝင်ဘာလတွင် ကနဦးထုတ်ပြန်ထားချက်ထက် ပိုမို၍ ကျဆင်းခဲ့ခြင်းဖြစ်ကြောင်း ဖော်ပြခဲ့ပါသည်။

အဆိုပါသတင်းတွင် ငွေကြေးဖောင်းပွမှုမြင့်တက်ခဲ့ခြင်းကြောင့် ပုဂ္ဂလိကသုံးစွဲနိုင်စွမ်းကျဆင်းခဲ့ကာ လုပ်ငန်းအဖွဲ့အစည်းများ၏ရင်းနှီးမြှုပ်နှံမှုလည်း ကျဆင်းခဲ့ခြင်းကြောင့် စီးပွားရေးဖွံ့ဖြိုးတိုးတက်မှုနှုန်းမှာ သုံးလပတ်ကာလ ၄ ခုအတွင်း ပထမဆုံးအကြိမ်ကျဆင်းခဲ့ရခြင်းဖြစ်ကြောင်း ဖော်ပြထားပါသည်။

၂၀၂၃ ခုနှစ်၊ ဒုတိယသုံးလပတ်နှင့်နှိုင်းယှဉ်ပါက တတိယသုံးလပတ်ကာလအတွင်း ပုဂ္ဂလိက၏သုံးစွဲနိုင်စွမ်းမှာ ၀.၂ ရာခိုင်နှုန်းကျဆင်းခဲ့ပြီး၊ လုပ်ငန်းအဖွဲ့အစည်းများ၏ ရင်းနှီး မြှုပ်နှံမှုမှာ ၀.၄ ရာခိုင်နှုန်း ကျဆင်းခဲ့ကြောင်း ဖော်ပြထားပါသည်။ ပြည်ပမှ ခရီးသွားဧည့်သည်များလာရောက်မှုမြင့်တက်ခဲ့ခြင်း နှင့်တရုတ်နိုင်ငံ၏ စီးပွားရေးအခြေအနေပြန်လည်အားကောင်းလာကာ ဝယ်လိုအားမြင့်တက်လာနိုင်မှုတို့ကြောင့် ဂျပန်နိုင်ငံ၏စီးပွားရေးမှာ စတုတ္ထသုံးလပတ်ကာလတွင် တိုးတက်လာနိုင်ကြောင်း Daiwa Institute of Research မှ စီးပွားရေးပညာရှင် Mr. Keiji Kanda က ပြောကြားထားကြောင်းဖော်ပြထားပါသည်။ နွေရာသီတွင် မော်တော်ယာဉ်စက်ရုံများရပ်နားထားမှုကြောင့် ထုတ်လုပ်မှုကျဆင်းရခြင်း ဖြစ်ပြီး ဝယ်လိုအားကျဆင်းခြင်းကြောင့် ထုတ်လုပ်မှုကျဆင်းခြင်းမျိုးမဟုတ်ကြောင်း၊ အောက်တိုဘာလမှ ဒီဇင်ဘာလအထိ သုံးလပတ်ကာလတွင် မော်တော်ယာဉ်ထုတ်လုပ်မှုများ ပုံမှန်ပြန်လည်ဆောင်ရွက်လာနိုင်မည်ဖြစ်ကြောင်း Mr. Keiji Kanda က ပြောကြားထားကြောင်း ဖော်ပြထားပါသည်။

ကျန်းမာရေး၊ အလုပ်သမားနှင့် လူမှုဖူလုံရေးဝန်ကြီးဌာနက ၈-၁၂-၂၀၂၃ ရက်နေ့တွင် လစဉ်လစာဆိုင်ရာအချက်အလက်များကို ထုတ်ပြန်ခဲ့ရာ၌ ငွေကြေးဖောင်းပွမှုကို ထည့်သွင်းတွက်ချက်ထားသည့် အောက်တိုဘာလအတွက် ဂျပန်နိုင်ငံ၏လစာနှုန်းထားများမှာ ယခင်နှစ်အလားတူကာလနှင့်နှိုင်းယှဉ်ပါက ၂.၃ ရာခိုင်နှုန်းကျဆင်းခဲ့ပြီး ၁၉ လဆက်တိုက် ကျဆင်းခဲ့ကြောင်း ဖော်ပြထားပါသည်။ 

သုံးသပ်တင်ပြချက်

၂၀၂၃ ခုနှစ်၊ အောက်တိုဘာလတွင် ဂျပန်နိုင်ငံ၏ငွေကြေးဖောင်းပွမှုနှုန်းမှာ ၂.၉ ရာခိုင်နှုန်းရှိခဲ့ပြီး ဂျပန်ဗဟိုဘဏ်၏သတ်မှတ်နှုန်းထားဖြစ်သည့် ၂ ရာခိုင်နှုန်းအထက်သို့ ၁၉ လ ဆက်တိုက်ကျော်လွန်ခဲ့သည်ကို တွေ့ရှိရပါသည်။ လောင်စာဆီဈေးနှုန်းများမြင့်တက်လာခြင်းနှင့် ၂၀၂၄ ခုနှစ်တွင် အစိုးရမှ စွမ်းအင်ဈေးနှုန်းများအပေါ် ထောက်ပံ့ပေးမှုအစီအစဉ်များ လျော့နည်းလာနိုင်မည်ဖြစ်သည့်အတွက်  ဂျပန်နိုင်ငံ၏နှစ်စဉ်ငွေကြေးဖောင်းပွမှုနှုန်းမှာ ၂၀၂၄ ဘဏ္ဍာနှစ်အထိ ဂျပန်ဗဟိုဘဏ်၏ သတ်မှတ်နှုန်းထားဖြစ်သည့် ၂ ရာခိုင်နှုန်းကို ဆက်လက်၍ ကျော်လွန်ရောက်ရှိနိုင်ကြောင်း ခန့်မှန်းထားကြပါသည်။ ထိုသို့ငွေကြေးဖောင်းပွမှုနှုန်းမြင့်မားလာခြင်းကြောင့် ငွေကြေးတန်ဖိုးကျဆင်းပြီး ဝယ်ယူသုံးစွဲနိုင်စွမ်း ကျဆင်းလာကာ ဝယ်လိုအားကျဆင်းလာမှုသည် စီးပွားရေးလုပ်ငန်းများ၏ကုန်ထုတ်လုပ်မှုကို ကျဆင်းစေသည့်အတွက် စီးပွားရေးဖွံ့ဖြိုးတိုးတက်မှုအပေါ် ဆိုးကျိုးသက်ရောက်မှုများ ဖြစ်ပေါ်စေလျက်ရှိသည်ကို တွေ့ရှိရပါသည်။

Source: The Nikkei Asia (၈-၁၁-၂၀၂၃)

(သူဇာဖြိုး၊ စီးပွားရေးသံမှူး၊ တိုကျိုမြို့)

Category: Japan