Singapore

အတိုးနှုန်းမြင့်မားမှုကြောင့် ပြည်တွင်းလုပ်ငန်းများအပေါ် သက်ရောက်မှုအခြေအနေများနှင့် စပ်လျဉ်း၍ လွှတ်တော်တွင် မေးမြန်းချက်အပေါ် စင်ကာပူနိုင်ငံ၊ ကုန်သွယ်ရေးနှင့်စက်မှုဝန်ကြီးဌာန၊ ဝန်ကြီး၏ ဖြေကြားချက်

Last Updated:

အတိုးနှုန်းမြင့်တက်မှုသည် လုပ်ငန်းစတင်လုပ်ကိုင်နေသည့် ပြည်တွင်းလုပ်ငန်းများ(Local Startups)အတွက် ငွေကြေးထောက်ပံ့ပေးခြင်း၊ ချေးငွေထုတ်ပေးခြင်းတို့အပေါ် သက်ရောက်မှုနှင့် ၎င်းလုပ်ငန်းများ၏ ကြွေးမြီတင်မှုတွင် အကူအညီပေးရေး၊ လုပ်ငန်းစတင်ဆောင်ရွက်သည့် ကနဦးအခြေအနေမှတစ်ဆင့် လုပ်ငန်းဖွံ့ဖြိုးတိုးတက်လာစေ‌ရေးတို့အတွက် ကုန်သွယ်ရေးနှင့်စက်မှုဝန်ကြီးဌာနအနေဖြင့် စဉ်းစားထားမှုစသည်တို့နှင့်စပ်လျဉ်း၍ စင်ကာပူနိုင်ငံ၊ ကုန်သွယ်ရေးနှင့်စက်မှုဝန်ကြီးဌာန၊ ဝန်ကြီးကို လွှတ်တော်တွင် မေးမြန်းခဲ့ပါသည်။

အဆိုပါမေးမြန်းချက်နှင့်စပ်လျဉ်း၍ ကုန်သွယ်ရေးနှင့်စက်မှုဝန်ကြီးဌာန၊ ဝန်ကြီး Mr. Gan Kim Yong က အတိုးနှုန်းမြင့်မားမှု၊ မက်ခရိုစီးပွားရေးမတည်ငြိမ်မှု၊ ပထဝီနိုင်ငံရေးတင်းမာမှုစသည့်အချက်များကြောင့် Local Startup များအတွက် ငွေကြေးအရင်းအနှီးထောက်ပံ့မှုနည်းပါးမှုကို ဖြစ်စေခဲ့ကြောင်း၊ ၂၀၂၃ ခုနှစ် ပထမ ၉ လတွင် စင်ကာပူအခြေစိုက် လုပ်ငန်းစတင်လုပ်ကိုင်နေသည့် လုပ်ငန်းများမှာ ၂၀၂၂ ခုနှစ် ကာလတူအခြေအနေနှင့်နှိုင်းယှဉ်ပါက ၂၁ ရာခိုင်နှုန်းကျဆင်းခဲ့ကြောင်း ဖြေကြားခဲ့ပါသည်။

Mr. Gan Kim Yong က Startup များကို ထောက်ပံ့ပေးရန်အတွက် Startup SG Equity scheme အရ အစုရှယ်ယာပူးတွဲရင်းနှီးမြှုပ်နှံမှုမှတစ်ဆင့် ပုဂ္ဂလိကရင်းနှီးမြှုပ်နှံမှုများကို ဆက်လက်ဆောင်ရွက်သွားမည်ဖြစ်ကြောင်း၊ Startup SG Equity scheme သည် တီထွင်ဆန်းသစ်မှုရှိပြီး အသိဉာဏ်မူပိုင်ခွင့်နှင့် ကမ္ဘာ့ဈေးကွက်အလားအလာရှိနေသည့် စင်ကာပူအခြေစိုက်နည်းပညာ Startup များအတွက် ပုဂ္ဂလိက ရင်းနှီးမြှုပ်နှံမှုများကို အားပေးသည့်အစီအစဉ်တစ်ခုဖြစ်ကြောင်း၊ Startup များအနေဖြင့် လိုအပ်သည့် ငွေကြေးအကူအညီပုံစံ အမျိုးမျိုးအတွက် Enterprise Financing Scheme(EFS)မှ ရယူနိုင်မည်ဖြစ်ကြောင်း၊ EFS – Venture Debt Programme သည်လည်း ပုံမှန်ငွေကြေးစီးဆင်းမှုမရှိသည့် Startup များကို ချေးငွေပြန်ဆပ်ရာတွင် အဆင်ပြေမှုရှိစေရေး ဆောင်ရွက်ပေးလျက်ရှိကြောင်း ဖြေကြားခဲ့ပါသည်။

စင်ကာပူနိုင်ငံတွင် အသေးစား၊ အလတ်စားစီးပွားရေးလုပ်ငန်းများသည် စုစုပေါင်းလုပ်ငန်းများ၏ ၉၉ ရာခိုင်နှုန်းရှိပြီး အလုပ်အကိုင်အခွင့်အလမ်းပေါင်း ၇၀ ရာခိုင်နှုန်းကို ဖန်တီးပေးလျက်ရှိပါသည်။ အသေးစား၊ အလတ်စားစီးပွားရေးလုပ်ငန်းများ၊ Startup များအတွက် ထောက်ပံ့ပေးမှုအစီအစဉ်များကို ချမှတ်ထားပြီး ၎င်းအစီအစဉ်များမှတစ်ဆင့် ယင်းလုပ်ငန်းများကို ကူညီပံ့ပိုးပေးလျက်ရှိပါသည်။ နိုင်ငံစီးပွားရေး၏ ပင်မကျောရိုးဖြစ်သည့် အသေးစား၊ အလတ်စားစီးပွားရေးလုပ်ငန်းများ၊ Startup များကို ကူညီထောက်ပံ့ပေးခြင်းသည်  နိုင်ငံ၏စီးပွားရေးဖွံ့ဖြိုးတိုးတက်မှုဆက်လက်ရရှိစေရေး ဆောင်ရွက်လျက်ရှိသည့် စင်ကာပူနိုင်ငံ၏ မဟာဗျူဟာတစ်ခုဖြစ်ကြောင်း သုံးသပ်ရပါသည်။

ရင်းမြစ်။        The Ministry of Trade and Industry, Singapore

(သွယ်သွယ်ဆုတင်၊ စီးပွားရေးသံမှူး၊ စင်ကာပူမြို့)

Category: Singapore