Singapore

ထိုင်းနိုင်ငံ၏ ဆိပ်ကမ်းနှင့် ကုန်းလမ်းချိတ်ဆက်မှုစီမံကိန်းအဆိုပြုချက်ကြောင့် စင်ကာပူနိုင်ငံ၏ ပင်လယ်ဆိပ်ကမ်းများအပေါ် သက်ရောက်မှုနှင့်စပ်လျဉ်း၍ လွှတ်တော်တွင် မေးမြန်းချက်အပေါ် စင်ကာပူနိုင်ငံ၊ ပို့ဆောင်ရေးဝန်ကြီးဌာန၊ ခေတ္တဝန်ကြီး၏ ဖြေကြားချက်

Last Updated:

ထိုင်းနိုင်ငံ၏အက်ဒမန်ပင်လယ်နှင့် ထိုင်းပင်လယ်ကွေ့တို့အကြား ချိတ်ဆက်နိုင်မည့် ရထားလမ်းနှင့်ကားလမ်းပါသည့် ရေနက်ဆိပ်ကမ်း ၂ ခု တည်ဆောက်ရန်အဆိုပြုချက်ကြောင့် စင်ကာပူနိုင်ငံ၏ ပင်လယ်ဆိပ်ကမ်းများအပေါ် သက်ရောက်မှု၊ စင်ကာပူဆိပ်ကမ်းများ၏ ယှဉ်ပြိုင်နိုင်မှုသည် စီးပွားရေးတွင် အရေးပါမှု၊ ထိုင်းနိုင်ငံက အဆိုပြုထားသည့် ကုန်းလမ်းချိတ်ဆက်မှုစီမံကိန်း(Land Bridge Project)ကြောင့် ကမ္ဘာ့ဆိပ်ကမ်းတစ်ခုအဖြစ် စင်ကာပူနိုင်ငံ၏အဆင့်နှင့် ယှဉ်ပြိုင်နိုင်စွမ်းတို့အပေါ် သက်ရောက်မှုတို့နှင့်စပ်လျဉ်း၍ စင်ကာပူနိုင်ငံ၊ ပို့ဆောင်ရေးဝန်ကြီးဌာန၊ ခေတ္တဝန်ကြီးကို လွှတ်တော်တွင် မေးမြန်းခဲ့ပါသည်။

အဆိုပါမေးမြန်းချက်နှင့်စပ်လျဉ်း၍ စင်ကာပူနိုင်ငံ၊ ပို့ဆောင်ရေးဝန်ကြီးဌာန၊ ခေတ္တဝန်ကြီး Mr.Chee Hong Tat က ထိုင်းနိုင်ငံ၏ ကုန်းလမ်းလမ်းကြောင်းဖြင့်ချိတ်ဆက်မှုသည် သင်္ဘောများအတွက် မလက္ကာရေလက်ကြားနှင့်စင်ကာပူနိုင်ငံကို ဖြတ်သန်းသွားခြင်းနှင့်နှိုင်းယှဉ်ပါက ရက်အနည်းငယ်ခန့်ခရီးကြာချိန် တိုတောင်းနိုင်ပါကြောင်း၊ အချိန်ကုန်ကျမှုသက်သာစေမည့်အကြောင်းအရင်းများတွင် သင်္ဘောမှကုန်စည်တင်ချခြင်းအတွက် လိုအပ်သည့်ကြာချိန်၊ ကုန်းလမ်းပိုင်းကို ဖြတ်သန်းသယ်ပို့သည့်ကြာချိန်နှင့် အခြားတစ်ဖက်ရှိ သင်္ဘောပေါ်သို့ ပြန်လည်တင်ပို့သည့် ကြာချိန်စသည်ဖြင့် အချက်များစွာအပေါ် မူတည်ကြောင်း၊ သင်္ဘောကုမ္ပဏီများအတွက် အဆိုပါလမ်းကြောင်းက အပိုကုန်ကျစရိတ်များရှိလာ နိုင်ကြောင်း၊ ထို့ကြောင့် မလက္ကာရေလက်ကြားနှင့် စင်ကာပူနိုင်ငံကို ဖြတ်သန်းခြင်းနှင့်နှိုင်းယှဉ်၍ အကျိုးအမြတ်နှင့် ကုန်ကျစရိတ်တို့ကို စဉ်းစားသင့်ကြောင်း၊ စင်ကာပူနိုင်ငံအနေဖြင့် ဆိပ်ကမ်းဝန်ဆောင်မှုလုပ်ငန်းများကို ပိုမိုထိရောက်မှုရှိစေရေး နည်းပညာများအသုံးပြုခြင်း၊ သင်္ဘောများကို လောင်စာဆီဖြည့်တင်းပေးခြင်းအတွက် စက်မှုလုပ်ငန်းများနှင့် ပူးပေါင်းဆောင်ရွက်ခြင်းဖြင့် ဆိပ်ကမ်းများ၏ချိတ်ဆက်နိုင်မှု၊ ထုတ်လုပ်နိုင်စွမ်းနှင့်ယှဉ်ပြိုင်နိုင်မှုတို့ကို တိုးမြှင့်ဆောင်ရွက်နိုင်ရေး အလေးပေးဆက်လက်ဆောင်ရွက်သွားမည်ဖြစ်ကြောင်း၊Tuas Port သည် ကွန်တိန်နာသင်္ဘောကြီးများ ဆိုက်ကပ်ဆောင်ရွက်နိုင်ရေးအတွက် အထောက်အကူဖြစ်စေမည်ဖြစ်ပြီး သင်္ဘောကုမ္ပဏီများ၏ အနာဂတ်တွင် လိုလားမှုများရှိလာမည့် ချိတ်ဆက်မှု၊ လုပ်ငန်းပိုင်းဆိုင်ရာစွမ်းဆောင်နိုင်မှုတို့အပေါ် စင်ကာပူဆိပ်ကမ်းများအနေဖြင့် ဝန်ဆောင်မှုပေးနိုင်မည်ဖြစ်ကြောင်း ဖြေကြားခဲ့ပါသည်။

ဆိပ်ကမ်းဝန်ဆောင်မှုလုပ်ငန်းသည် စင်ကာပူနိုင်ငံ၏အဓိကအားထားရသည့် လုပ်ငန်းတစ်ခုဖြစ်ပြီး ၂၀၄၀ ပြည့်နှစ်တွင် ပြီးစီးရန်မျှော်မှန်းထားသည့် Tuas Port သည် ၎င်း၏ အားထားမျှော်မှန်းရာ ဆိပ်ကမ်းတစ်ခုလည်းဖြစ်ပါသည်။ထိုင်းနိုင်ငံ၏ရေနက်ဆိပ်ကမ်း ၂ ခုတည်ဆောက်ပြီး ထိုင်းပင်လယ်ကွေ့နှင့် အက်ဒမန်ပင်လယ်ကို ကုန်းတွင်းလမ်းကြောင်းဖြင့်ချိတ်ဆက်မည့်စီမံကိန်းသည် စင်ကာပူနိုင်ငံ၏ဆိပ်ကမ်းဝန်ဆောင်မှုလုပ်ငန်းများအတွက် စိန်ခေါ်မှုဖြစ်သော်လည်း Tuas Port နှင့် လက်ရှိဆိပ်ကမ်းများရှိ ဆိပ်ကမ်းဝန်ဆောင်မှု လုပ်ငန်းများကို ပိုမိုကောင်းမွန်အောင်ဆောင်ရွက်ခြင်းဖြင့် ၎င်း၏ဆိပ်ကမ်းဝန်ဆောင်မှုကဏ္ဍတွင် ကမ္ဘာ့ထိပ်တန်းနိုင်ငံပုံရိပ်ကို ဆက်လက်ထိန်းသိမ်းသွားမည်ဖြစ်ပါကြောင်း သုံးသပ်ရပါသည်။

ရင်းမြစ်။        The Ministry of Transport

(သွယ်သွယ်ဆုတင်၊ စီးပွားရေးသံမှူး၊ စင်ကာပူမြို့)

Category: Singapore