India (Kolkata)

အိန္ဒိယနှင့် ဥရောပလွတ်လပ်စွာကုန်သွယ်ရေးအသင်း(EFTA)တို့အကြား လွတ်လပ်စွာ ကုန်သွယ်ရေးသဘောတူညီချက် အပြီးသတ်သဘောတူညီမှုရရှိနိုင်တော့မည်

Last Updated:

အိန္ဒိယနိုင်ငံနှင့် ဥရောပလွတ်လပ်စွာကုန်သွယ်ရေးအသင်း(European Free Trade Association-EFTA)အကြား ၁၆ နှစ်ကြာဆွေးနွေးညှိနှိုင်းခဲ့သော ဘက်စုံကုန်သွယ်ရေးသဘောတူညီချက်သည် မကြာမီအပြီးသတ်သဘောတူညီမှုရရှိနိုင်တော့မည်ဖြစ်ကြောင်း သိရသည်။ နှစ်ဖက်တာဝန်ရှိသူများအကြား မူပိုင်ခွင့်၊ ရင်းနှီးမြှုပ်နှံမှုဆိုင်ရာ စည်းမျဉ်း ဥပဒေများနှင့် အခြားသော ကုန်သွယ်မှုလွယ်ကူချောမွေ့ရေးဆိုင်ရာ ပြဌာန်းသတ်မှတ်ချက်များ၌ ဘုံသဘောတူနိုင်မည့်အချက်များ ရှာဖွေတွေ့ရှိထားကြပြီဟု ဆိုသည်။

အဆိုပြုထားသော အိန္ဒိယ-EFTA ကုန်သွယ်မှုနှင့်စီးပွားရေးပူးပေါင်းဆောင်ရွက်မှုသဘောတူညီချက်(India-EFTA Trade and Economic Partnership Agreement-TEPA)အရ အထူးဦးစားပေးထုတ်ကုန်များကို အကောက်ခွန်လျှော့ချနိုင်ရေး နှစ်ဖက်စလုံးမှ လုပ်ဆောင်လျက်ရှိသည်။ အကယ်၍ အကြေအလည်သဘောတူညီမှုရရှိပါက အိန္ဒိယနိုင်ငံမှ ဆေးဝါးထုတ်ကုန်များအနေဖြင့် ပိုမိုကြီးမားကျယ်ပြန့်သော ဥရောပဈေးကွက်များသို့ ဝင်ရောက်နိုင်ဖွယ်ရှိသည်။ အပြန်အလှန်အားဖြင့် အိန္ဒိယသည် အိုက်စ်လန်းနှင့် နော်ဝေနိုင်ငံတို့မှ ရေထွက်ကုန်နှင့် ပြုပြင်ပြီး စားသောက်ကုန်များအပေါ် သွင်းကုန်ခွန် များလျှော့ချပေးရဖွယ်ရှိသည်။

ဆွေးနွေးညှိနှိုင်း၍ မပြီးပြတ်သေးသည့်ကိစ္စရပ်များတွင် နော်ဝေနိုင်ငံနှင့် ဆွစ်ဇာလန်နိုင်ငံတို့မှ တောင်းဆိုလျက်ရှိသည့် ပိုမိုတင်းကျပ်သော ဉာဏပစ္စည်းများဆိုင်ရာသတ်မှတ်ချက်များပါဝင်ကြောင်း သိရသည်။ အဆိုပါအချက်ကြောင့် ပြည်တွင်းထုတ်အသက်ကယ်ဆေးဝါးတစ်ချို့အား ဈေးနှုန်းသက်သက်သာသာ ဝယ်ယူရရှိနိုင်ခြင်းမရှိဘဲ ကန့်သတ်ချက်များရှိလာမည့်အပေါ် အိန္ဒိယအစိုးရဌာနများက စိုးရိမ်မကင်းဖြစ်လျက်ရှိကြသည်။

မူပိုင်ခွင့်ဆိုင်ရာကိစ္စရပ်သည် သေချာဂရုပြု၍ ကိုင်တွယ်ဆောင်ရွက်ရမည့်ကိစ္စတစ်ရပ်ဖြစ်ကြောင်း၊ ကျန်းမာရေးနှင့် ထုတ်လုပ်မှုကဏ္ဍတွင် ပါဝင်ပတ်သက်သူများအနေဖြင့် နှစ်ဦးနှစ်ဖက်မျှတ၍ လက်သင့်ခံနိုင်သည့် ဖြေရှင်းချက်တစ်ခုရရှိလာဖွယ်ရှိကြောင်း၊ အဆိုပါကုန်သွယ်ရေးသဘောတူညီချက်ကြောင့် ဒေသနှစ်ရပ်စလုံးအနေဖြင့် အကျိုးအမြတ်ကြီးကြီးမားမားရရှိဖို့ မျှော်လင့်လျက်ရှိသည်မှ ရှင်းလင်းထင်ရှားပါကြောင်း အဆိုပါသဘောတူချက် အပြီးသတ်ရန် နီးစပ်လာသည့်အပေါ် CUTS International မှ တာဝန်ရှိသူ Anshuman Mishra က မှတ်ချက်ပေးခဲ့သည်။

အဆိုပါ TEPA သဘောတူညီချက်အား အပြီးသတ်သဘောတူညီမှုရရှိနိုင်မည်ဆိုပါက ကုန်ထုတ်လုပ်မှု၊ ဝန်ဆောင်မှုနှင့် ကျွမ်းကျင်မှုဆိုင်ရာကဏ္ဍများ၌ နှစ်နိုင်ငံပူးပေါင်း ဆောင်ရွက်မှုများပြုလုပ်ရာတွင် ပိုမိုလွယ်ကူသွားမည်ဖြစ်ကြောင်း၊ ကုန်စည်အမျိုးအမယ်စုံအား ခွဲခြားထုတ်လုပ်ရောင်းဝယ်ရန်နှင့် ကမ္ဘာ့ရောင်းလိုအားကွင်းဆက်ကို ဖွံ့ဖြိုးရန် အားထုတ်ကြိုးပမ်းမှုများသည် ဝန်ကြီးချုပ်မိုဒီ ချမှတ်ခဲ့သော "Aatmanirbhar Bharat" ခေါ် ပြည်တွင်းကိုသာ အားကိုးရန်မူနှင့် လိုက်လျောညီထွေရှိပါကြောင်း ကျွမ်းကျင်သူတို့က ပြောကြားခဲ့သည်။

အဆိုပါသဘောတူညီချက်၌ ပါသင့်ပါထိုက်သော အခြေခံကဏ္ဍများကို လွှမ်းခြုံနိုင်ပြီဆိုပါက ကျန်ရှိနေသော ဆေးဝါးကဏ္ဍအပေါ် စိုးရိမ်မကင်းဖြစ်မှုများအား မကြာမီ အရေးယူဆောင်ရွက်သွားနိုင်မည်ဖြစ်ကြောင်း၊ India-EFTA FTA သည် အချိန်ကြာမြင့်စွာစောင့်ဆိုင်းခဲ့ရပြီးနောက် လူသန်းပေါင်း ၄၅၀ အတွက် စီးပွားရေးဆိုင်ရာအကျိုးကျေးဇူးများ မကြာမီ ယူဆောင်ပေးလာနိုင်တော့မည်ဖြစ်ကြောင်း သိရသည်။

သုံးသပ်တင်ပြချက်

အိန္ဒိယနိုင်ငံသည် ၂၀၁၉ ခုနှစ်တွင် ဒေသတွင်းဘက်စုံစီးပွားရေးပူးပေါင်းဆောင်ရွက်မှုဆိုင်ရာ သဘောတူညီချက်(RCEP)မှ နုတ်ထွက်ခဲ့ပြီးနောက်၊ Mauritius၊ ယူအေအီးနိုင်ငံ၊ ဩစတေးလျနိုင်ငံတို့နှင့် နှစ်နိုင်ငံလွတ်လပ်စွာကုန်သွယ်ရေးသဘောတူညီမှုများပြုလုပ်ခဲ့ပါသည်။ ယူကေနိုင်ငံ၊ အိုမန်၊ ဥရောပသမဂ္ဂတို့နှင့်လည်း အလားတူသဘောတူညီမှုများပြုလုပ်နိုင်ရန် ဆွေးနွေးညှိနှိုင်းလျက်ရှိပါသည်။

ယခုအခါ အိန္ဒိယနိုင်ငံနှင့် ဩစတီးယား၊ ဒိန်းမတ်၊ နော်ဝေ၊ ပေါ်တူဂီ၊ ဆွီဒင်၊ ဆွစ်ဇာလန်နှင့် ယူကေနိုင်ငံတို့ပါဝင်သည့် ဥရောပလွတ်လပ်စွာကုန်သွယ်ရေးအသင်းတို့အကြား ပြုလုပ်မည့် India-EFTA FTA သည် အပြီးသတ်သဘောတူညီမှုရရှိရန် နီးစပ်လာသည့် အခြေအနေဖြစ်ပါသည်။ သို့သော် ဆေးဝါးများထုတ်လုပ်တင်ပို့မှုဆိုင်ရာ မူပိုင်ခွင့်ကိစ္စရပ်များတွင် ဘုံသဘောတူညီမှုများ မရရှိသေးကြောင်း သိရပါသည်။

သို့ပါ၍ မြန်မာနိုင်ငံအနေဖြင့်လည်း အဓိကကုန်သွယ်ဖက်နိုင်ငံများနှင့် နှစ်နိုင်ငံလွတ်လပ်စွာကုန်သွယ်ရေးသဘောတူညီချက်များ ပြုလုပ်ဆောင်ရွက်နိုင်မည်ဆိုပါက ပိုမိုအကျိုး ကျေးဇူးများ ရရှိနိုင်ကြောင်း လေ့လာသုံးသပ်တင်ပြလိုက်ရပါသည်။

ရည်ညွှန်းချက်။         India Briefing သတင်းဌာန၊ “India closer to sealing landmark FTA with EFTA bloc”၊ ၂၀၂၄ ခုနှစ်၊ ဖေဖော်ဝါရီလ ၈ ရက်။

(ကောင်းထွဋ်အောင်၊  စီးပွားရေးသံမှူး၊ ကော်လ်ကတ္တားမြို့)

Category: India (Kolkata)