Singapore

Sembcorp Solar ကုမ္ပဏီက စင်ကာပူနိုင်ငံတွင် အကြီးဆုံးအစိုးရဆိုလာစီမံကိန်းအတွက် တင်ဒါအောင်မြင်ခဲ့

Last Updated:

Sembcorp Solar Singapore ကုမ္ပဏီသည် Jurong Island တွင် ၁၁၇ MWp ထုတ်လုပ်နိုင်မည့် ၆၀ ဟက်တာဆိုလာစီမံကိန်းအတွက် Jurong Town Corporation(JTC)မှ တင်ဒါအောင်မြင်ခဲ့ပါသည်။ အဆိုပါစီမံကိန်းမှာ ယခုအချိန်အထိ အစိုးရတင်ဒါများအနက် အကြီးဆုံးစီမံကိန်းဖြစ်ပါသည်။

Sembcorp အနေဖြင့် ဘောလုံးကွင်း ၈၄ ခုစာကျယ်ဝန်းသည့် မြေပေါ်နှင့် Jurong Island Checkpoint နှင့် Jurong Rock Caverns တို့အပါအဝင် JTC အဆောက်အအုံ ၅ ခု၏ ခေါင်မိုးထပ်များတွင် ဆိုလာနည်းပညာများကို အကောင်အထည်ဖော်ဆောင်ရွက်သွားမည်ဖြစ်ပါသည်။

အဆိုပါစီမံကိန်းမှ လျှပ်စစ်ဓာတ်အားအများစုကို မဟာဓာတ်အားလိုင်းသို့ ထည့်သွင်းသွားမည်ဖြစ်ပြီး ၂၀၂၄ ခုနှစ်၊ ဒုတိယနှစ်ဝက်တွင် စတင်နိုင်ရန် မျှော်မှန်းထားပါသည်။ JTC နှင့် Sembcorp Solar တို့သည် ဆိုလာနှင့်စွမ်းအင်ထိန်းသိမ်းမှုစနစ်များမှ အချက်အလက်များအတွက် Virtual Power Plant ကို ဆောင်ရွက်သွားမည်ဖြစ်ပါသည်။ အဆိုပါအချက် အလက်များကို စီမံခန့်ခွဲခြင်းဖြင့် စွမ်းအင်စီမံခန့်ခွဲမှုကို ဆောင်ရွက်နိုင်မည်ဖြစ်ပြီး အဓိကမဟာဓာတ်အားလိုင်း၏ထုတ်လုပ်နိုင်စွမ်းအားကို တိုးတက်လာစေမည်ဖြစ်ပါသည်။

စီမံကိန်းသည် Jurong Island တွင် ၂၅.၂ MWp မှ ၁၄၂.၂ MWp အထိ ဆိုလာမှ လျှပ်စစ်ဓာတ်အားထုတ်လုပ်မှု တိုးတက်လာစေမည်ဖြစ်ကြောင်း၊ အဆိုပါပမာဏသည် အခန်း ၄ ခန်းပါ HDB တိုက်ခန်းပေါင်း ၃၃,၄၀၀ ကျော်ကို တစ်နှစ်စာလျှပ်စစ်ဓာတ်အားပေးနိုင်မည်ဖြစ်ပြီး တစ်နှစ်လျှင် ကာဗွန်ထုတ်လွှတ်မှု ၆၃,၂၂၀ တန်ကျော်လျှော့ချနိုင်မည်ဖြစ်ကြောင်း၊ ယနေ့အချိန်အထိ Jurong Island မှ ကုမ္ပဏီ ၂၀ မှာ ဆိုလာစွမ်းအင်ကို အသုံးပြုရန်ဆုံးဖြတ်ထားကြောင်း၊ ယခုစီမံကိန်းသည် နောက်ထပ်ကုမ္ပဏီ ၁၂ ခု၏ဆိုလာသုံးစွဲလိုမှုကို ဖြည့်ဆည်းပေးနိုင်မည်ဖြစ်ကြောင်း JTC က ပြောကြားခဲ့ပါသည်။

JTC ၏ SolarRoof အစီအစဉ်အရ ကုမ္ပဏီများအနေဖြင့် ၎င်းတို့၏ကုမ္ပဏီအဆောက်အအုံခေါင်မိုးထပ်များနှင့် ကားပါကင်နေရာများတွင် Solar Panel များကို တပ်ဆင်နိုင်မည်ဖြစ်ပါသည်။ အဆိုပါစီမံကိန်းသည် ၂၀၃၀ ပြည့်နှစ်တွင် ဆိုလာစွမ်းအင်မှ ၉၀၀ MWp ထုတ်လုပ်ရန် ရည်ရွယ်ချက်ကို ပြည့်မီစေမည်ဖြစ်ပါသည်။

စင်ကာပူနိုင်ငံအနေဖြင့် ကာဗွန်ထုတ်လွှတ်မှုလျှော့ချရေး၊ ပြန်လည်ပြည့်ဖြိုးမြဲစွမ်းအင်ကို ပိုမိုသုံးစွဲလာစေရေး၊ Singapore Green Plan 2030 ပါ မျှော်မှန်းချက်များကို ပြည့်မီစေရေးအတွက် ဆောင်ရွက်လျက်ရှိပါကြောင်း သုံးသပ်တင်ပြလိုက်ရပါသည်။

ရင်းမြစ်။        The Straits Times

(သွယ်သွယ်ဆုတင်၊ စီးပွားရေးသံမှူး၊ စင်ကာပူမြို့)

Category: Singapore