India (Kolkata)

အိန္ဒိယနိုင်ငံ၏ ကော်ဖီကဏ္ဍကျဆင်းမှုနှင့်အတူ ကမ္ဘာ့ကော်ဖီအထွက်နှုန်းများ ကျဆင်းလာဟု အပြည်ပြည်ဆိုင်ရာ ကော်ဖီအဖွဲ့ (ICO) ဖော်ပြ

Last Updated:

အိန္ဒိယနိုင်ငံ၏ကော်ဖီကဏ္ဍသည် ရာသီဥတုမူမမှန်ခြင်းကဲ့သို့ စိန်ခေါ်မှုများနှင့်ရင်ဆိုင်နေသည့်အတွက် ကော်ဖီသီးနှံထွက်ရှိမှုနှင့် ကော်ဖီအရည်အသွေးအပေါ်ထိခိုက်မှုရှိနိုင်သည့် အတွက် ၂၀၂၃-၂၄ ခုနှစ်၊ ကော်ဖီသီးနှံရာသီတွင် အထွက်နှုန်းကျဆင်းဖွယ်ရှိကြောင်း သိရသည်။ အလားတူ ၂၀၂၂-၂၃ ခုနှစ်တွင် ကမ္ဘာ့ကော်ဖီအထွက်နှုန်းသည်လည်း အိတ်ပေါင်း ၇ ဒသမ ၃ သန်းကျဆင်းမည်ဟု အပြည်ပြည်ဆိုင်ရာ ကော်ဖီအဖွဲ့(The International Coffee Organization-ICO) ၏ မကြာသေးမီက ထုတ်ပြန်ခဲ့သော အစီရင်ခံစာ၌ ခန့်မှန်းဖော်ပြထားကြောင်း သိရသည်။

အိန္ဒိယနိုင်ငံကော်ဖီဘုတ်အဖွဲ့က ယခုနှစ်ကော်ဖီအထွက်ကို အာရေဗီးကားကော်ဖီတန်ချိန် ၁ ဒသမ ၁၃ သိန်းနှင့် ရိုဗက်စတာကော်ဖီတန်ချိန် ၂ ဒသမ ၆၁ သိန်း၊ စုစုပေါင်းတန်ချိန် ၃ ဒသမ ၇၄ သိန်းထွက်ရှိမည်ဟု ကနဦးခန့်မှန်းထားသည်။ သို့သော် ကာနာတကာပြည်နယ်ကော်ဖီစိုက်ပျိုးသူများအသင်း(Karnataka Planters Association-KPA) ဥက္ကဌ Mahesh Shashidhar နှင့် အိန္ဒိယတောင်ပိုင်း သီးနှံစိုက်ပျိုးသူများအသင်းချုပ်(The United Planters' Association of Southern India-UPASI) ၏ ကော်ဖီကော်မတီဥက္ကဌ Ajoy Thipaiah တို့ကဲ့သို့ကျွမ်းကျင်သူများက ရာသီဥတုမူမှန်မှုများကြောင့် ကော်ဖီသီးနှံ၏အမှန်တကယ်ထွက်ရှိမှုသည် မူလခန့်မှန်းထားသည်ထက် ၂၅ ရာခိုင်နှုန်းမှ ၃၀ ရာခိုင်နှုန်းအထိ လျော့ကျဖွယ်ရှိမည်ဟု ခန့်မှန်းထားကြသည်။

ယခုနှစ်တွင် မိုးရေရရှိရန် အဓိကအရေးပါသည့် ဇူလိုင်လနှင့် ဩဂုတ်လများအတွင်း အိန္ဒိယနိုင်ငံ၏ ကော်ဖီစိုက်ပျိုးရာဒေသများတွင် မိုးရေရရှိမှု သိသိသာသာလျော့နည်းမှုနှင့် ရင်ဆိုင်ခဲ့ရသည်။ အဆိုပါဒေသအများစု၌ ဇူလိုင်လတွင် ပုံမှန်ရှိရမည့် မိုးရေချိန်၏ ၅၀ ရာခိုင်နှုန်းသာရရှိခဲ့ပြီး၊ ဩဂုတ်လ ၁ လလုံးနီးပါးခြောက်သွေ့ခဲ့ကြောင်း သိရသည်။ သို့သော် နောက်ပိုင်းတွင် အဆိုပါဒေသများ၌ မိုးရွာသွန်းမှု တစ်ဖန်ပြန်လည်၍များပြားလာသည့်အတွက် လက်ရှိအချိန်တွင် ရိတ်သိမ်းလျက်ရှိသည့် အာရေဗီးကားကော်ဖီသီးနှံများ၏ ရှင်သန်ရေးအပေါ် များစွာထိခိုက်စေခဲ့ကြောင်း သိရသည်။

ယင်းသို့ခန့်မှန်းရန်ခက်ခဲသော ရာသီဥတုအခြေအနေများကြောင့် အိန္ဒိယနိုင်ငံ၏ကော်ဖီသီးနှံထွက်ရှိမှုကျဆင်းကာ ထုတ်လုပ်လိုက်သောကော်ဖီအရည်အသွေးအပေါ် များစွာအကျိုးသက်ရောက်ဖွယ် ရှိနေကြောင်း သိရသည်။

အိန္ဒိယနိုင်ငံ၏ကော်ဖီကဏ္ဍတွင်သာမက ကမ္ဘာ့ကော်ဖီကဏ္ဍတွင်လည်း အလားတူစိန်ခေါ်မှုများ ရှိနေသည်။ ၂၀၂၂-၂၃ ခုနှစ် သီးနှံရာသီအတွက် ကမ္ဘာ့ကော်ဖီထုတ်လုပ်မှုကျဆင်းလာခဲ့ကြောင်း အပြည်ပြည်ဆိုင်ရာကော်ဖီအဖွဲ့(ICO)က ဖော်ပြထားသည်။ ကမ္ဘာ့ကော်ဖီထုတ်လုပ်မှုသည် ၂၀၂၁-၂၂ ခုနှစ်တွင် (၆၀ ကီလိုဂရမ်ပါ)အိတ် ၁၆၈ ဒသမ ၅ သန်း၊ ၁ ဒသမ ၄ ရာခိုင်နှုန်းကျဆင်းခဲ့ပြီး၊ ၂၀၂၂-၂၃ ခုနှစ်တွင် အိတ် ၁၇၁ ဒသမ ၃ သန်း၊ ၁ ဒသမ ၇ ရာခိုင်နှုန်းသို့ အနည်းငယ်မြင့်တက်လာခဲ့ကြောင်း ICO မှ အောက်တိုဘာလတွင် ထုတ်ပြန်သော ၎င်း၏အစီရင်ခံစာ၌ ဖော်ပြထားသည်။ သို့သော် တစ်ဖက်တွင် ကမ္ဘာ့ကော်ဖီသောက်သုံးမှုမှာ ဆက်လက်မြင့်တက်လျက်ရှိပြီး၊ ၂၀၂၁-၂၂ ခုနှစ်တွင် (၆၀ ကီလိုဂရမ်ပါ) အိတ် ၁၇၅ ဒသမ ၆ သန်း၊ ၄ ဒသမ ၂ ရာခိုင်နှုန်းတိုးမြင့်လာခဲ့ပြီး၊ ၂၀၂၂-၂၃ ခုနှစ်တွင် အိတ် ၁၇၈ ဒသမ ၅ သန်း၊ ၁ ဒသမ ၇ ရာခိုင်နှုန်း ထပ်မံတိုးမြင့်လာဖွယ်ရှိကြောင်း ခန့်မှန်းထားသည်။

စက်တင်ဘာလတွင် အဆုံးသတ်သည့် ၂၀၂၂-၂၃ ခုနှစ်၊ ကော်ဖီရာသီတွင် စုစုပေါင်းကော်ဖီအိတ် ၇ ဒသမ ၃ သန်းလျော့ကျဖွယ်ရှိသည့်အတွက် လာမည့်နှစ်တွင်လည်း အဆိုပါရောင်းလိုအားမှာ ဆက်လက်လျော့ကျဖွယ်ရှိနေကြောင်း ICO က ခန့်မှန်းထားသည်။ ထို့အပြင် ကမ္ဘာ့ကော်ဖီစေ့တင်ပို့မှုသည်လည်း ဆက်လက်ကျဆင်းလျက်ရှိပြီး ယခင်နှစ်နှင့်နှိုင်းယှဉ်လျှင် ၂၀၂၂-၂၃ ခုနှစ်တွင် အိတ်ပေါင်း ၁၁၀ ဒသမ ၈၁ သန်း၊ ၅ ဒသမ ၅ ရာခိုင်နှုန်းသို့လျော့ကျခဲ့ကြောင်း သိရသည်။ ကိုလံဘီယာကော်ဖီပျော့(Colombian Milds)တင်ပို့မှုသည် အိတ်ပေါင်း ၁၀ ဒသမ ၇၇ သန်း၊ ၁၁ ဒသမ ၂ ရာခိုင်နှုန်းသို့ကျဆင်းခဲ့ပြီး၊ ရိုဗက်စတာကော်ဖီစေ့တင်ပို့မှုမှာ အိတ်ပေါင်း ၄၃ ဒသမ ၇၆ သန်း၊ ၂ ဒသမ ၆ ရာခိုင်နှုန်းသို့ အသီးသီးကျဆင်းခဲ့ကြောင်း သိရသည်။

ကော်ဖီသီးနှံနှစ် ၂၀၂၂-၂၃ ခုနှစ်တွင် ပျော်ဝင်နိုင်သောကော်ဖီ(soluble coffee)၏ စုစုပေါင်းတင်ပို့မှုမှာ အိတ်ပေါင်း ၁၁ ဒသမ ၄၇ သန်း၊ ၅ ဒသမ ၇ ရာခိုင်နှုန်းသို့ ကျဆင်းခဲ့ပြီး၊ လှော်ပြီးကော်ဖီမှုန့် (roasted coffee)တင်ပို့မှုမှာ ၂၀၂၁/၂၂ ခုနှစ်က အိတ်ပေါင်း ၀.၈၄ သန်းရှိရာမှ ၀.၇၁ သန်းသို့ ၁၆ ရာခိုင်နှုန်းကျဆင်းခဲ့ကြောင်း ICO က ဖော်ပြထားသည်။

၂၀၂၂-၂၃ ခုနှစ်တွင် တောင်အမေရိကတိုက်မှ ကော်ဖီမျိုးစုံတင်ပို့မှုသည် အိတ်ပေါင်း ၅၀ ဒသမ ၅၉ သန်း၊ ၁၁ ရာခိုင်နှုန်းသို့လည်းကောင်း၊ အာဖရိကမှတင်ပို့မှုသည့် ၁၃ ဒသမ ၅၃ သန်း၊ ၁ ဒသမ ၄ ရာခိုင်နှုန်းသို့လည်းကောင်း ကျဆင်းခဲ့ပြီး၊ မက္ကဆီကို၊ ဗဟိုအမေရိက၊ အာရှနှင့် အိုရှင်းနီးယားတို့မှ ကော်ဖီတင်ပို့မှုများလည်း ယခင်နှစ်ကထက် အသီးသီးကျဆင်းခဲ့သည်ဟု အဆိုပါအစီရင်ခံစာတွင် ဖော်ပြထားပါသည်။

အိန္ဒိယကော်ဖီကဏ္ဍတွင် ကော်ဖီစိုက်ပျိုးရာခရိုင်များအတွင်း လူသားနှင့် တောရိုင်းတိရိစ္ဆာန်ပဋိပက္ခဖြစ်ပွားမှုများ တိုးမြင့်လာနေသည့် စိန်ခေါ်မှုများလည်းရှိနေသည်။ အဆိုပါပဋိပက္ခများကြောင့် ထိခိုက်မှုရှိသူအရေအတွက်သည် ၂၀၂၂-၂၃ ခုနှစ်က ၁၂ ဦးသာရှိရာမှ ယခုနှစ် ဧပြီလမှ ဩဂုတ်လအထိ ကာလအတွင်း ၂၃ ဦးအထိ နှစ်ဆတိုးမြင့်လာခဲ့ကြောင်းနှင့် ကော်ဖီစိုက်ခင်းပျက်စီးမှုများလည်းရှိကြောင်း သိရသည်။

သုံးသပ်တင်ပြချက်

အိန္ဒိယနိုင်ငံ၏ ကော်ဖီကဏ္ဍဖွံ့ဖြိုးတိုးတက်မှုသည် ရာသီဥတုမူမှန်မှုများနှင့် အခြားစိန်ခေါ်မှုအခက်အခဲများကြောင့် ကျဆင်းလျက်ရှိသလို ကမ္ဘာ့ကော်ဖီဈေးကွက်တွင်လည်း ကော်ဖီရောင်းလိုအား ကျဆင်းလျက်ရှိကြောင်း တွေ့ရှိရပါသည်။ တစ်ဖက်တွင် ကော်ဖီသောက်သုံးမှုတိုးမြင့်လာနေသည့်အတွက် ဝယ်လိုအားမြင့်တက်ကာ ဈေးနှုန်းများမြင့်တက်နိုင်သည့်အနေအထားဖြစ်ပါသည်။ ထို့ကြောင့် မြန်မာနိုင်ငံအနေဖြင့် ကော်ဖီသီးနှံကို ပိုမိုတိုးချဲ့စိုက်ပျိုး၍ ဈေးကွက်လိုအပ်ချက်ကို ပြည့်မှီအောင် တင်ပို့ရောင်းချနိုင်မည့်အခွင့် အလမ်းများရှိနေပါသဖြင့် မဟာဗျူဟာများချမှတ်၍ အကောင်အထည်ဖေါ်ဆောင်ရွက်သင့်ပါကြောင်း သုံးသပ်တင်ပြလိုက်ရပါသည်။

ရည်ညွှန်းချက်။   (၁) The Hindu Businessline သတင်းဌာန၊ “Coffee body pegs 7.3 million bags deficit for 2022-23”၊ ၂၀၂၃ ခုနှစ်၊ နိုဝင်ဘာလ ၁၃ ရက်။

                       (၂)  The Hindu Businessline သတင်းဌာန၊ “India’s 2023-24 coffee output likely to be lower on truant weather”၊ ၂၀၂၃ ခုနှစ်၊ နိုဝင်ဘာလ ၉ ရက်။

(ကောင်းထွဋ်‌အောင်၊  စီးပွား‌ရေးသံမှူး၊ ကော်လ်ကတ္တားမြို့)

Category: India (Kolkata)