Russia

ရုရှားနိုင်ငံသို့ ကြက်ဥများတင်ပို့ရန် တူကီယဲကုမ္ပဏီ ၂၁ ခုကို ရုရှားခွင့်ပြု

Last Updated:

ရုရှားနိုင်ငံသို့ ကြက်ဥများအပြည့်အဝထောက်ပံ့ပေးရန် အဆင်သင့်ဖြစ်နေပြီဖြစ်ပြီး တင်ပို့မှုများ စတင်နေပြီဟု တူကီယဲနိုင်ငံ ကြက်ဥထုတ်လုပ်သူများသမဂ္ဂ၏အကြီးအကဲက ပြောကြားခဲ့သည်။

ရုရှားနိုင်ငံ၏ တိရစ္ဆာန်နှင့် အပင်ပိုးမွှားရောဂါကင်းရှင်းရေး ကြီးကြပ်ကွပ်ကဲမှုဌာန(Rosselkhoznadzor)သည် တူကီယဲနိုင်ငံ၏ ကုမ္ပဏီ ၂၁ ခုကို ရုရှားသို့ ကြက်ဥများတင်ပို့ရန် ခွင့်ပြုချက်ပေးထားပြီး ကုမ္ပဏီ ၃ ခုမှာ စတင်ပို့ဆောင်နေပြီဖြစ်သည်။

ရုရှားနိုင်ငံသို့ ကြက်ဥ ၁.၂ ဘီလီယံအား အကောက်ခွန်ကင်းလွှတ်ခွင့်စနစ်ဖြင့် တင်သွင်းရန် အကောက်ခွန်နှင့် အခွန်စည်းကြပ်မှုဆိုင်ရာဆပ်ကော်မတီက အတည်ပြုခဲ့ကြောင်း၊ ၎င်းအစီအမံသည် ၂၀၂၄ ခုနှစ် ဇန်နဝါရီလ ၁ ရက်မှ ဇွန်လ ၃၀ ရက်အထိ သက်တမ်းရှိမည်ဖြစ်ကြောင်း  ရုရှားစီးပွားရေးဖွံ့ဖြိုးတိုးတက်မှုဝန်ကြီးဌာနက အစောပိုင်းတွင် သတင်းထုတ်ပြန်ခဲ့သည်။

၎င်းအစီအမံသည် ပြည်တွင်းဈေးကွက်ကို တည်ငြိမ်စေရန်ရည်ရွယ်ခြင်းဖြစ်ပြီး မိတ်ဖက်နိုင်ငံများမှ ကြက်ဥများကို တင်သွင်းနိုင်မည်ဖြစ်ကြောင်း၊ ထောက်ပံ့ရေးတိုးမြှင့်ရေးအတွက် ချစ်ကြည် ရင်းနှီးသောနိုင်ငံများနှင့် ညှိနှိုင်းမှုများပြုလုပ်လျက်ရှိကြောင်း၊ အဇာဘိုင်ဂျန်နိုင်ငံမှ တင်ပို့မှုကို မျှော်လင့်ထားပြီး မကြာမီတူကီယဲနိုင်ငံမှလည်း တင်သွင်းလာမည်ဖြစ် ကြောင်း၊ လာမည့်လတွင် ကြက်ဥဈေးနှုန်းများတည်ငြိမ်လာမည်ဟုခန့်မှန်းထားကြောင်း ရုရှားစိုက်ပျိုးရေးဝန်ကြီးဌာန၏ သတင်းစာရှင်းလင်းပွဲတွင် သတင်းထုတ်ပြန်ထားသည်။

ရုရှား Rosstat စာရင်းအင်းဌာန၏ ဒီဇင်ဘာလ ၄ ရက် သတင်းထုတ်ပြန်ချက်အရ ကြက်ဥဈေးနှုန်းသည် ၄၂.၄ ရာခိုင်နှုန်းမြင့်တက်ခဲ့ကြောင်း၊ ယင်းနှင့်စပ်လျဉ်း၍ အာဏာပိုင်များ သည် ထုတ်လုပ်သူများကို ပံ့ပိုးကူညီရန်နှင့် ပြည်တွင်းဈေးကွက်တည်ငြိမ်စေရေး ထောက်ပံ့မှုတိုးမြင့်လာစေရန် ရည်ရွယ်သည့်အစီအမံများ ချမှတ်ဆောင်ရွက်ခဲ့ပါသည်။ ၂၀၂၃ ခုနှစ်အတွင်း ကြက်ဥဈေးနှုန်းများမြင့်တက်လာခြင်းသည် ထုတ်လုပ်မှုစရိတ်များမြင့်တက်လာခြင်းနှင့် စားသုံးသူဝယ်လိုအားတိုးလာခြင်းတို့ကြောင့်ဖြစ်ကြောင်း သုံးသပ်ထားပါသည်။

Source :    https://ria.ru/20231213/yaytsa-1915472263.html

(ခွန်မျိုးသူ၊ စီးပွားရေးသံမှူး၊ မော်စကိုမြို့)

Category: Russia