India (Kolkata)

၂၀၂၄ ခုနှစ်တွင် အိန္ဒိယနိုင်ငံ၌ သကြားထုတ်လုပ်မှုကျဆင်းကာ ကမ္ဘာ့သကြားဈေးနှုန်းများ မြင့်တက်ဖွယ်ရှိကြောင်း ကမ္ဘာ့ဘဏ်ခန့်မှန်း

Last Updated:

အိန္ဒိယနိုင်ငံ၏ သကြားဈေးကွက်တွင် ရာသီဥတုပူပြင်းခြောက်သွေ့မှုပြဿနာနှင့် ရင်ဆိုင်နေရပြီး စုစုပေါင်းသန့်စင်ပြီးသကြားထွက်ရှိမှု ၇ ရာခိုင်နှုန်းကျဆင်းခဲ့ကြောင်း သိရသည်။ ထို့ကြောင့် အစိုးရအနေဖြင့် သကြားအားပြည်ပသို့တင်ပို့မှုကို ဆက်လက်ကန့်သတ်ထားဖွယ်ရှိနေပြီး၊ ယခုနှစ် အစောပိုင်းမှစ၍ ပြည်တွင်းသကြားဈေးနှုန်း ၁၄ ဒသမ ၅ ရာခိုင်နှုန်းမြင့်တက်လာခဲ့ကြောင်း သိရသည်။ အိန္ဒိယအပါအဝင် ကမ္ဘာ့သကြားထုတ်လုပ်တင်ပို့သည့် နိုင်ငံများ၌ ယင်းသို့စိန်ခေါ်မှု အခက်အခဲများနှင့် ရင်ဆိုင်နေရမှုကြောင့် ၂၀၂၄ ခုနှစ်တွင် ကမ္ဘာ့သကြားဈေးနှုန်းများ မြင့်တက်ဖွယ်ရှိကြောင်း ကမ္ဘာ့ဘဏ်က ခန့်မှန်းထားသည်။

လတ်တလောဖြစ်ပေါ်လျက်ရှိသော သကြားဈေးနှုန်းများမှာ နယူးယောက်ဈေးကွက်(Inter Continental Exchange)တွင် သကြားကြမ်း(Raw sugar) ၏ မတ်လကြိုရောင်းဈေးနှုန်း (Future price) မှာ ၁ ပေါင်လျှင် ၂၂ ဒသမ ၈၆ ဆင့်(၁ တန်လျှင် ရူပီး ၄၂,၁၇၅)နှင့် လန်ဒန်ဈေးကွက်(ICE Futures Europe exchange) တွင် သကြားဖြူ (White sugar) ၏ မတ်လကြိုရောင်းဈေးနှုန်း (Future price) မှာ ၁ တန်လျှင် ကန်ဒေါ်လာ ၆၅၂ ဒသမ ၅၀(၁ တန်လျှင် ရူပီး ၅၄,၁၇၅) ရှိကြောင်း သိရသည်။

ကမ္ဘာ့အများဆုံးသကြားတင်ပို့သည့်နိုင်ငံဖြစ်သော ဘရာဇီးနိုင်ငံသည် ယခုနှစ်တွင် သကြားကို စံချိန်တင်ထုတ်လုပ်နိုင်ဖွယ်ရှိသည့်အတွက် ကမ္ဘာ့သကြားဈေးကို တည်ငြိမ်အောင် ထိန်းသိမ်းနိုင်ဖွယ် ရှိကြောင်း ခန့်မှန်းထားသည်။ သို့သော် ဘရာဇီးနိုင်ငံ၏ အဓိကသကြားထုတ်လုပ်ရာ ဒေသများတွင် မိုးသည်းထန်စွာရွာသွန်းမှုများ ကြုံတွေ့နေရသည့်အတွက် ဈေးကွက်အခြေအနေအပေါ် သက်ရောက်မှုများရှိနိုင်ကြောင်း စိုးရိမ်မှုများရှိနေသည်။

၂၀၂၃ ခုနှစ်၊ ဒီဇင်ဘာလက ဘရားဇီးနိုင်ငံမှ သကြားတင်ပို့မှုတိုးမြင့်ခဲ့ပြီး၊ အိန္ဒိယနိုင်ငံမှ အီသနောထုတ်လုပ်မှု၌ ကြံရည်ကို သုံးစွဲခြင်းမပြုရန်တားမြစ်ခဲ့သည့်အတွက် ကမ္ဘာ့သကြားဈေးနှုန်း အနည်းငယ်ကျဆင်းခဲ့သည်။ သို့သော် အာရှနိုင်ငံအများအပြားတွင် အယ်နီညိုကြောင့် ရာသီဥတုခြောက်သွေ့ကာ သကြားထုတ်လုပ်မှုလျော့ကျလာသည့်အတွက် ဒီဇင်ဘာလနှောင်းပိုင်းမှစ၍ သကြားဈေး ပြန်လည်မြင့်တက်ခဲ့သည်။

၂၀၂၄ ခုနှစ်တွင် ကမ္ဘာ့ဒုတိယသကြားအများဆုံးထုတ်လုပ်သည့် ထိုင်းနိုင်ငံတွင် သကြားထုတ်လုပ်မှု ၂၀ ရာခိုင်နှုန်းအထိ ကျဆင်းဖွယ်ရှိကာ အိန္ဒိယနိုင်ငံတွင် ၃ ရာခိုင်နှုန်းကျော်ကျဆင်းဖွယ်ရှိကြောင်း ကမ္ဘာ့ဘဏ်က ခန့်မှန်းထားသည်။

သို့သော် ကမ္ဘာ့သကြားဈေးကွက်တွင် မျှခြေသို့ပြန်လည်ရောက်ရှိကာ ရောင်းလိုအား အနည်းငယ်ပိုလျှံလာဖွယ်ရှိကြောင်း ခန့်မှန်းမှုများရှိနေသည်။ ထိုင်းနိုင်ငံနှင့် အိန္ဒိယနိုင်ငံတို့မှ သကြားထုတ်လုပ်မှုကျဆင်းလာမှုကို တရုတ်နိုင်ငံနှင့် ဘရာဇီးနိုင်ငံတို့မှ သကြားတိုးမြှင့်ထုတ်လုပ်မှုက ကာမိဖွယ်ရှိကြောင်း ခန့်မှန်းထားသည်။ ထို့အပြင် ကမ္ဘာ့သကြားဈေးနှုန်းမြင့်တက်လာခြင်းကြောင့် ဘရာဇီးနိုင်ငံမှ သကြားစက်ရုံများအနေဖြင့် အီသနောထုတ်လုပ်မည့်အစား သကြားကိုအစားထိုး၍ ပိုမိုတိုးမြှင့်ထုတ်လုပ်လာဖွယ်ရှိသည်။

ယခုနှစ်တွင် ကမ္ဘာ့သကြားထုတ်လုပ်မှုတန်ချိန် ၁၈၅ ဒသမ ၅ သန်းရှိကာ ယခင်နှစ်ကထက် တန်ချိန် ၈ ဒသမ ၂ သန်းတိုးမြင့်လာဖွယ်ရှိကြောင်း အမေရိကန်ပြည်ထောင်စု စိုက်ပျိုး ရေးဌာန(USDA)က ပြီးခဲ့သည့်နှစ် အောက်တိုဘာလက ခန့်မှန်းထားသည်။ ဈေးကွက်သုတေသနလုပ်ငန်းတစ်ခုဖြစ်သော BMI ကလည်း ယခုနှစ် ကမ္ဘာ့သကြားရောင်းလိုအားသည် တန်ချိန် ၁၈၂ သန်းရှိကာ ယခင်နှစ်ကထက် ၂ ဒသမ ၂ ရာခိုင်နှုန်းမြင့်တက်ဖွယ်ရှိကြောင်း ခန့်မှန်းထားသည်။

ယခုနှစ် ကမ္ဘာ့သကြားစားသုံးမှုမှာ တန်ချိန် ၁၈၀ ဒသမ ၄ သန်းရှိကာ ယခင်နှစ်ကထက် ၀.၈ ရာခိုင်နှုန်းမြင့်တက်ဖွယ်ရှိကြောင်း၊ အိန္ဒိယနိုင်ငံ၏ သကြားစားသုံးမှု ၅ ဒသမ ၁ ရာခိုင်နှုန်းအထိ မြင့်တက်လာဖွယ်ရှိပြီး၊ အခြားသကြားစားသုံးသည့် နိုင်ငံများတွင်မူ ယခင်အတိုင်း ပြောင်းလဲဖွယ်မရှိဟု BMI က ခန့်မှန်းထားသည်။

သို့ပါ၍ ၂၀၂၄ ခုနှစ်တွင် ကမ္ဘာ့သကြားဈေးနှုန်းနှင့် စားသုံးမှုတိုးမြင့်လာဖွယ်ရှိကာ အယ်နီညိုရာသီဥတုကြောင့် အိန္ဒိယနှင့် ထိုင်းနိုင်ငံတို့မှ သကြားထုတ်လုပ်တင်ပို့မှုကျဆင်းဖွယ်ရှိပြီး၊ တရုတ်နိုင်ငံနှင့် ဘရာဇီးနိုင်ငံတို့မှ သကြားပိုမိုထုတ်လုပ်တင်ပို့လာဖွယ်ရှိပါသည်။ ကမ္ဘာ့ဘဏ်အပါအဝင် ကျန်အဖွဲ့အစည်းများမှ ကမ္ဘာ့သကြားဈေးကွက်ခန့်မှန်းချက်များကို သိရှိနိုင်ရေး တင်ပြလိုက်ရပါသည်။

ရည်ညွှန်းချက်။         The Hindu Businessline သတင်းဌာန၊ “Sugar prices likely to rule lower than 2023 on higher output prospects”၊ ၂၀၂၄ ခုနှစ်၊ ဖေဖော်ဝါရီလ ၁၄ ရက်။

(ကောင်းထွဋ်အောင်၊  စီးပွားရေးသံမှူး၊ ကော်လ်ကတ္တားမြို့)

Category: India (Kolkata)