Japan

ဂျပန်နိုင်ငံ၏ ဇီဝလောင်စာနှင့်စပ်လျဉ်းသည့် မူဝါဒအသစ်ကြောင့် အမေရိကန်မှ အီသနောတင်ပို့သူများ ဈေးကွက်ပိုမိုရရှိလာမည်

Last Updated:

အမေရိကန်နိုင်ငံကုန်သွယ်ရေးကိုယ်စားလှယ်ရုံး၊ စိုက်ပျိုးရေးဝန်ကြီးဌာနနှင့် ဂျပန်နိုင်ငံ၊ တိုကျိုမြို့ရှိ အမေရိကန်သံရုံးတို့၏ ကြိုးပမ်းမှုကြောင့် မတ်လ ၃၁ ရက်နေ့တွင် ဇီဝလောင်စာနှင့်စပ်လျဉ်းသည့် မူဝါဒကို ထုတ်ပြန်နိုင်ခဲ့ကြောင်း၊ အဆိုပါထုတ်ပြန်ချက်ကြောင့် ဂျပန်နိုင်ငံ၏ အီသနောဈေးကွက်သို့ အမေရိကန်မှ ရာနှုန်းပြည့်ဝင်ရောက်နိုင်တော့မည်ဖြစ်ကြောင်း ၂၀၂၃ ခုနှစ်၊ ဧပြီလ ၅ ရက်နေ့တွင် ထုတ်ဝေသည့် Ethanol Producer Magazine တွင် ဖော်ပြထားပါသည်။

          အဆိုပါသတင်းတွင် နှစ်နိုင်ငံကုန်သွယ်မှုပိုမိုမြှင့်တင်နိုင်ရေး ဂျပန်အစိုးရ၏ ဆောင်ရွက်ချက်ကို အမေရိကန်သမ္မတ ဘိုင်ဒင်အစိုးရအနေဖြင့်လည်း ချီးကျူးထောက်ခံကြောင်း၊ ဂျပန်နိုင်ငံ၏ Energy Supply Structure Act တွင် ပါဝင်သည့် ဇီဝလောင်စာနှင့်စပ်လျဉ်းသည့် မူဝါဒအသစ်ကြောင့် အမေရိကန်နိုင်ငံမှ နှစ်စဉ် အီသနောတန်ချိန် သန်း ၈၀ ကျော် တိုးမြှင့်တင်ပို့နိုင်မည်ဖြစ်ပြီး၊ ပို့ကုန်တန်ဖိုး အမေရိကန်ဒေါ်လာ သန်း ၁၅၀ မှ ၂၀၀ ကြား ပိုမိုရရှိနိုင်မည်ဖြစ်ကြောင်း ဖော်ပြထားပါသည်။ ရေရှည်တည်တံ့ပြီး ပိုမိုသန့်ရှင်းသည့် စွမ်းအင်သုံးစွဲမှုကို မြှင့်တင်နိုင်ရန်အတွက် ဂျပန်နိုင်ငံမှ ချမှတ်ခဲ့သည့်အတွက် စွမ်းအင်မူဝါဒအသစ်အပေါ် ချီးကျူး ကြောင်းနှင့် အမေရိကန်နှင့်ဂျပန်နိုင်ငံအကြား ပိုမိုနက်ရှိုင်းသည့် စီးပွားရေးဆိုင်ရာ ပူးပေါင်းဆောင်ရွက်မှုများ ဆက်လက်ဆောင်ရွက်သွားမည်ဖြစ်ကြောင်း အမေရိကန်စိုက်ပျိုးရေးဝန်ကြီး Vilsack က ပြောကြားထားပါသည်။ အဆိုပါ Energy Supply Structure Act အရ အမေရိကန်မှ ထုတ်လုပ်သည့် Corn Ethanol ကို ဂျပန်နိုင်ငံသို့ ပိုမိုတင်သွင်းခွင့်ရရှိမည်ဖြစ်ပါသည်။

          ယခုကဲ့သို့ မူဝါဒသစ်မထုတ်ပြန်မီ မတ်လ ၂၈ ရက်နေ့ကပင် လျှပ်စစ်သုံးယာဉ်များ၏ ဘက်ထရီထုတ်လုပ်မှုဆိုင်ရာ နည်းပညာများ ပိုမိုအားကောင်းလာစေရေးနှင့် Critical Mineral ပိုမိုတိုးမြှင့်ထောက်ပံ့နိုင်ရေးအတွက် ရည်ရွယ်၍ အမေရိကန်နိုင်ငံနှင့် ဂျပန်နိုင်ငံတို့အကြား “The agreement between the Government of Japan and the Government of the United States of America on Strengthening Critical Mineral Supply Chains” ကို လက်မှတ်ရေးထိုးခဲ့ပြီးဖြစ်ပါသည်။ အဆိုပါသဘောတူညီချက်တွင် လျှပ်စစ်သုံးယာဉ်များ၏ ဘက်ထရီထုတ်လုပ်မှုအတွက် လိုအပ်သည့် Critical Mineral (Lithium, Cobalt, Manganese, Nickel, and Graphite) များ စဉ်ဆက်မပြတ်ထုတ်လုပ်ထောက်ပံ့နိုင်ရေးအပါအဝင် Critical Mineral များအပေါ် ပို့ကုန်ခွန်ကောက်ခံခြင်း မပြုရေး၊ ပြည်ပနိုင်ငံများမှ စာချုပ်ဝင်နိုင်ငံများ၏ Critical Mineral Sector တွင် ရင်းနှီးမြှုပ်နှံမှုပြုလုပ်ပါက လိုက်နာရမည့် လုပ်ထုံးလုပ်နည်းများ ပြန်လည်သုံးသပ်ခြင်းတို့အပါအဝင် Critical Mineral နှင့် စပ်လျဉ်း၍ နှစ်နိုင်ငံအကြား လိုက်နာဆောင်ရွက်ရမည့် လုပ်ငန်းစဉ်များ ပါဝင်ပါသည်။

(စီးပွားရေးသံမှူး၊ တိုကျိုမြို့)

Category: Japan