Russia

ရုရှားဆေးဝါးကုမ္ပဏီ Binnopharm Group သည် မြန်မာနိုင်ငံအပါအဝင် အရှေ့တောင်အာရှ ဈေးကွက်များသို့ ဝင်ရောက်နိုင်ရန်စီစဉ်

Last Updated:

ရုရှားဆေးဝါးကုမ္ပဏီ Binnopharm Group သည် ၂၀၂၄ ခုနှစ်အစောပိုင်းတွင် အရှေ့တောင်အာရှစျေးကွက်သို့ ဝင်ရောက်နိုင်သည်ဟု ကုမ္ပဏီ၏ CEO ဖြစ်သူ Mr. Rustem Muratov က ပြောကြားသည်။

အထူးသဖြင့် Binnopharm Group သည် ဗီယက်နမ်၊ မလေးရှား၊ အင်ဒိုနီးရှား၊ ထိုင်းနှင့် ဖိလစ်ပိုင်ဈေးကွက်များသို့ ဝင်ရောက်ရန်စီစဉ်ထားပြီး မြန်မာနိုင်ငံဈေးကွက်သို့ ဝင်ရောက်နိုင်သည့် အလားအလာကိုလည်း အကဲဖြတ်လျက်ရှိကြောင်း၊ ကုမ္ပဏီအနေဖြင့် အဆင်သင့်ဖြစ်လျှင် နိုင်ငံအားလုံး၌ မှတ်ပုံတင်ခြင်းလုပ်ငန်းစဉ်များကို ချက်ချင်းစတင်ဆောင်ရွက်သွားမှာဖြစ်ကြောင်း Muratov က ပြောကြားခဲ့သည်။

၎င်း၏အဆိုအရ ကုမ္ပဏီသည် လာမည့်လအနည်းငယ်အတွင်း အရှေ့တောင်အာရှတွင် ကိုယ်စားလှယ်ရုံးဖွင့်လှစ်မည့်ကိစ္စကို ဆောင်ရွက်မည်ဖြစ်ကြောင်း သိရှိရပါသည်။ အစောပိုင်းတွင် Binnopharm Group သည် တရုတ်နိုင်ငံတွင် ကိုယ်စားလှယ်ရုံးဖွင့်လှစ်ခဲ့ပြီး တရုတ်ဈေးကွက်တွင် ရောင်းချမည့်ဆေးဝါးထုတ်ကုန်စာရင်းကို သတ်မှတ်ခဲ့ပြီးဖြစ်သည်။

ရုရှားနိုင်ငံတွင် အကြီးဆုံးဆေးဝါးထုတ်လုပ်သူများထဲမှ တစ်ခုဖြစ်သည့် Binnopharm Group ကို ၂၀၂၀ ခုနှစ်တွင် တည်ထောင်ခဲ့ပြီး ၎င်းတွင် ဆေးဝါးအမျိုးအစားများစွာ ထုတ်လုပ်သော စက်ရုံ ၅ ခု ရှိသည်။ ထုတ်ကုန်များ၏ ၂၀ ရာခိုင်နှုန်းသည် Binnopharm ၏ ကိုယ်ပိုင်ဆေးဝါးပါဝင်ပစ္စည်းများမှ ထုတ်လုပ်သည်။

Binnopharm Group မှ ထုတ်လုပ်သောဆေးဝါးများသည် ရုရှားနိုင်ငံမှ ဆေးဝါးစျေးကွက်၏ တင်ဒါနှင့်လက်လီရောင်းချမှုအပိုင်းများတွင် ကျယ်ကျယ်ပြန့်ပြန့်ပါဝင်ပြီး ကမ္ဘာတစ်ဝှမ်းရှိ နိုင်ငံပေါင်း ၁၄ နိုင်ငံသို့လည်း တင်ပို့ရောင်းချလျက်ရှိသည်။

Source :  https://tass.ru/ekonomika/19289203

(ခွန်မျိုးသူ၊ စီးပွားရေးသံမှူး၊ မော်စကိုမြို့)

Category: Russia