Russia

ရုရှားအစိုးရက ဓာတ်မြေသြဇာတင်ပို့မှု ခွဲတမ်းတန်ချိန် ၂.၂ သန်း တိုးမြှင့်ခဲ့

Last Updated:

ရုရှားအစိုးရက ၂၀၂၃ ခုနှစ်၊ နိုဝင်ဘာလ ၃၀ ရက်အထိ သက်တမ်းရှိသော ဓာတ်သတ္တုဓာတ်မြေသြဇာတင်ပို့မှုအတွက် ခွဲတမ်းကို တန်ချိန် ၂.၂ သန်းတိုးမြှင့်ခဲ့ပြီး ယင်းအမိန့်ကို ရုရှားဝန်ကြီးချုပ် Mr. Mikhail Mishustin က နိုဝင်ဘာလ ၁၄ ရက်တွင် လက်မှတ်ရေးထိုးခဲ့ခြင်းဖြစ်ပါသည်။

၂၀၂၃ ခုနှစ်၊ ဇွန်လ ၁ ရက်မှ နိုဝင်ဘာလ ၃၀ ရက်အထိ ယခင်ပို့ကုန်ခွဲတမ်း စုစုပေါင်းပမာဏသည် တန်ချိန် ၁၈.၅ သန်းကျော်သတ်မှတ်ခဲ့ပြီး ယခုတိုးမြှင့်သတ်မှတ်လိုက်သည့်အထဲတွင် နိုက်ထရိုဂျင်ဓာတ်မြေဩဇာများ(ယူရီးယား၊ ယူရီးယား-အမ်မိုနီယမ်အရောအနှော၊ အမိုနီယမ်နိုက်ထရိတ်)တင်ပို့ရန်အတွက်လည်းပါဝင်သည်။ စက်မှုနှင့် ကုန်သွယ်ရေးဝန်ကြီး ဌာနသည် ပို့ကုန်လုပ်ငန်းရှင်များအကြား ပို့ကုန်ခွဲတမ်းပမာဏကို ခွဲဝေပေးရန်တာဝန်ရှိသည်။

အဆိုပါဆုံးဖြတ်ချက်သည် ပြည်တွင်းဈေးကွက်လိုအပ်ချက်များကို အပြည့်အဝဖြည့်ဆည်းပေးပြီးနောက် ဓာတ်သတ္တုဓာတ်မြေသြဇာထုတ်လုပ်သူများအနေဖြင့် ပိုလျှံနေသော လက်ကျန်ဓာတ်မြေသြဇာများကို ပြည်ပသို့တင်ပို့နိုင်ရန် အခွင့်အလမ်းပေးခြင်းဖြစ်ကြောင်း ဖော်ပြထားပါသည်။

ဓာတ်သတ္တုဓာတ်မြေသြဇာများတင်ပို့ခြင်းအတွက် အကောက်ခွန်မဲ့ခွဲတမ်းကို ပြည်တွင်းအစားအသောက်ဈေးနှုန်းများမြင့်တက်ခြင်းအား ကာကွယ်တားဆီးရန်အစီအမံများထဲမှ တစ်ခုဖြစ်ပြီး အဆိုပါအစီအမံသည် ၂၀၂၁ ခုနှစ် ဒီဇင်ဘာလ ၁ ရက်နေ့တွင် စတင်ကျင့်သုံးခဲ့ကာ အကြိမ်ကြိမ်သက်တမ်းတိုးလျက်ရှိကြောင်း သိရှိရပါသည်။

ရုရှားအစိုးရသည် ၂၀၂၃ ခုနှစ်၊ ဒီဇင်ဘာလ ၁ ရက်မှ ၂၀၂၄ ခုနှစ်၊ မေလ ၃၁ ရက်အထိ ဓာတ်မြေသြဇာပို့ကုန်ခွဲတမ်းပမာဏကို တန်ချိန် ၁၆.၉၅ သန်းဖြင့်  ထပ်မံသက်တမ်းတိုးရန် စီစဉ်ထားသည်။ ထို့အပြင် ရုရှားဓာတ်မြေသြဇာထုတ်လုပ်သူများအသင်း(RAFP)က နွေရာသီတွင် ဓာတ်မြေသြဇာတင်ပို့မှုကို ခွဲတမ်းဖြင့်မကန့်သတ်ဘဲ တင်ပို့ခွင့်လိုင်စင်သို့ ပြောင်းရွှေ့ရန်အဆိုပြုထားကြောင်း သိရှိရပါသည်။

Source :  https://www.interfax.ru/russia/930780

(ခွန်မျိုးသူ၊ စီးပွားရေးသံမှူး၊ မော်စကိုမြို့)

Category: Russia