India (Delhi)

အိန္ဒိယအစိုးရ၏ မူဝါဒရေးရာအကြံပေးအဖွဲ့ဖြစ်သည့် NITI Aayog သည် MSMEs များမှ ပို့ကုန်များမြှင့်တင်ရန်အတွက် လမ်းပြမြေပုံကို အဆိုပြုထုတ်ပြန်

Last Updated:

အိန္ဒိယအစိုးရ၏ မူဝါဒရေးရာအကြံပေးအဖွဲ့ဖြစ်သည့် NITI Aayog သည် e-commerce တင်ပို့မှုမြှင့်တင်ခြင်း၊ ပြီးပြည့်စုံသည့်ကုန်သွယ်မှုဆိုင်ရာ အချက်အလက်ဝဘ်ပေါ်တယ်ဖန်တီးခြင်း၊ ကုန်ပစ္စည်းတင်ပို့မှုလွယ်ကူစေခြင်း၊ ပို့ကုန်ဆိုင်ရာ ငွေကြေးဝန်ဆောင်မှုများရယူနိုင်ရန် လွယ်ကူစေခြင်းနှင့် ပို့ကုန်လုပ်ငန်းများအတွက် တစ်နေရာတည်းတွင် သတင်းအချက်အလက်များရရှိနိုင်မည့်လမ်းကြောင်း ဖော်ဆောင်ခြင်းအပါအဝင် အသေးစား၊ အလတ်စားလုပ်ငန်းများမှ တင်ပို့မှုမြှင့်တင်ရန် အစီအမံများကို အဆိုပြုခဲ့ကြောင်း သိရှိရသည်။

e-commerce တင်ပို့မှုကို မြှင့်တင်ရန်အတွက် တင်ပို့သူ(Exporter on record-EOR)နှင့် ရောင်းချသူ(Seller on Record-SOR)အကြား ကွဲပြားခြားနားမှုကို ဖန်တီးရန်အရေးကြီးကြောင်းနှင့် e-commerce တင်ပို့မှုအားလုံးအတွက် ကုန်ပို့လွှာတန်ဖိုးတွင် ရာခိုင်နှုန်းကန့်သတ်ချက်မရှိဘဲ လျှော့ချမှုအား ခွင့်ပြုရန်လိုအပ်သည်ဟု စီးပွားရေးဖွံ့ဖြိုးတိုးတက်မှုဖောင်ဒေးရှင်းနှင့် ပူးပေါင်းထုတ်ပြန်သည့် MSMEs ပို့ကုန်မြှင့်တင်ရေးအစီရင်ခံစာတွင် Aayog က ပြောကြားခဲ့သည်။

ထို့အပြင် e-commerce တင်ပို့သူများအတွက် နှစ်စဉ်ဘဏ္ဍာရေးဆိုင်ရာ ကိုက်ညှိရှင်းတမ်းများကိုဖော်ဆောင်ပေးခြင်း၊ ဝယ်သူမှ ပယ်ချ/ပြန်လည်ပေးပို့လာသည့်ပစ္စည်းများအတွက် သွင်းကုန်ခွန် ကင်းလွတ်ခွင့်၊ ဒေါ်လာ ၁၀၀၀ အထိ တင်ပို့မှုများအတွက် ဘဏ္ဍာရေးဆိုင်ရာ ကိုက်ညှိရှင်းတမ်းလိုအပ်ချက်များကင်းလွတ်ခွင့်နှင့် e-commerce ပို့ကုန်များအတွက် အစိမ်းရောင်ချန်နယ်ရှင်းလင်းမှု (Green Channel Clearance) များကို ဖော်ဆောင်ပေးရန် အဆိုပြုထားသည်။

ကုန်စည်တင်ပို့မှုဖြေလျှော့မှုတွင် Aayog သည် MSME လုပ်ငန်းများအတွက် လုပ်ငန်းမတည် ရင်းနှီးငွေဆိုင်ရာ အခက်အခဲများမရှိစေရန် အချို့သောလိုက်နာဆောင်ရွက်ရမည့်သတ်မှတ်ချက်များကို အချိန်အတိုင်းအတာတစ်ခုအထိ လျှော့ပေါ့ပေးရန် အဆိုပြုခဲ့သည်။

MSMEs သည် အလုပ်အကိုင်ဖန်တီးမှု၊ ပို့ကုန်နှင့် အလုံးစုံစီးပွားရေးတိုးတက်မှုကို သိသိသာသာအထောက်အကူပြုပါကြောင်း၊ ပို့ကုန်တိုးတက်ရန်အတွက် MSMEs များ၏ အလားအလာသည် ကြီးမားသဖြင့် မက်လုံးများ သို့မဟုတ် ထောက်ပံ့မှုများဖော်ဆောင်ပေးခြင်းဖြင့် အဆိုပါလုပ်ငန်းများအတွက် ငွေကြေးဆိုင်ရာအတားအဆီးများမရှိစေဘဲ လုပ်ငန်းကုန်ကျစရိတ်များလျှော့ချပေးစေခြင်းကဲ့သို့သော လက်တွေ့ကျသည့်အစီအမံအချို့ အကောင်အထည်ဖော်ဆောင်ရွက်ရန်လိုအပ်သည်ဟု Aayog က အစီရင်ခံစာတွင် ဖော်ပြထားသည်။

အစီရင်ခံစာအရ ပို့ကုန်ဈေးကွက်တွင် ပါဝင်ယှဉ်ပြိုင်နိုင်သည့် အိန္ဒိယ MSMEs များမှာ လက်မှုပစ္စည်း၊ လက်ယက္ကန်းအထည်များ၊ တိုင်းရင်းဆွေးဝါးများနှင့်ဖြည့်စွက်စာများ၊ သားရေပစ္စည်းများ၊ ဖန်စီလက်ဝတ်ရတနာများနှင့် သစ်သားထုတ်ကုန်များပါဝင်ကြောင်း၊ တစ်ကမ္ဘာလုံး၌ ယင်းကဏ္ဍများတွင် စျေးကွက်မှာ ဒေါ်လာ ၃၄၀ ဘီလီယံကျော်ရှိပါကြောင်းနှင့် အိန္ဒိယနိုင်ငံ၏ ပြည်တွင်းဈေးကွက်က သိသိသာသာသေးငယ်နေပါကြောင်း ၎င်းက ထပ်လောင်းပြောကြားခဲ့သည်။

အစီရင်ခံစာအရ Al-based interface ကို အသုံးပြု၍ MSMEs နှင့်သက်ဆိုင်သည့် အကောက်ခွန်နှုန်းထားများ၊ လိုအပ်သည့်စာရွက်စာတမ်းများ၊ ဘဏ္ဍာရေးနှင့်ဝန်ဆောင်မှုများထောက်ပံ့ပေးသည့် အရင်းအမြစ်များ၊ မက်လုံးပေးဆွဲဆောင်မှုအစီအစဉ်များ၊ အလားအလာရှိသောဝယ်လက်များ စသည့်အချက်အလက်များကို တစ်နေရာထဲတွင် တစ်စုတစ်စည်းထဲပါရှိမည့် သတင်းအချက်အလက်ပေါ်တယ်ကို တည်ဆောက်လွှင့်တင်ရေးသည် အရေးကြီးကြောင်း ဖော်ပြထားပါသည်။

အစီရင်ခံစာတွင် SMEs များအတွက် အဓိကအခက်အခဲတစ်ခုမှာ ဘဏ္ဍာငွေရရှိရေးဖြစ်ပါကြောင်း၊ ပို့ကုန်ချေးငွေ(Export Credit Guarantee)တိုးမြှင့်ဆောင်ရွက်ပေးခြင်းသည် MSMEs များအတွက် လုပ်ငန်းအရင်းအနှီးရရှိနိုင်မှု တိုးတက်အောင်ကူညီပေးနိုင်မည်ဖြစ်ပါကြောင်း၊ ပို့ကုန်ချေးငွေပံ့ပိုးပေးခြင်းဖြင့် MSMEs များအတွက် ကုန်ကျစရိတ်ကိုလျှော့ချ၍ ယှဉ်ပြိုင်နိုင်စွမ်းရှိသည့် စျေးကွက်တစ်ခုဖန်တီးနိုင်မည်ဖြစ်ကြောင်း ဖော်ပြထားပါသည်။

သို့ဖြစ်ပါ၍ အိန္ဒိယအစိုးရ၏ မူဝါဒရေးရာအကြံပေးအဖွဲ့မှ MSMEs လုပ်ငန်းများဖွံ့ဖြိုးတိုးတက်ရေးအတွက် E-Commerce နှင့်ချိတ်ဆက်ဆောင်ရွက်ပေးရေး၊ အချက်အလက်များ အလွယ်တကူရရှိစေရေးအတွက် သတင်းအချက်အလက်ပေါ်တယ်တည်ဆောက်ရေးနှင့် MSMEs လုပ်ငန်းများအတွက် ချေးငွေနှင့် ငွေကြေးဆိုင်ရာအကူအညီအထောက်အပံ့များပေးအပ်ရန် လိုအပ်ကြောင်း အကြံပြုထားမှုအခြေအနေများကို သိရှိနိုင်ရေး တင်ပြလိုက်ရပါသည်။

Source: NITI Aayog lays out roadmap for boosting exports from MSMEs, The Economic Times, March 13, 2024.

(မျိုးမြင့်မောင်၊ စီးပွားရေးသံမှူး၊ နယူးဒေလီမြို့)

Category: India (Delhi)