ကင်ညာနိုင်ငံသည် နိုင်ငံခြားရေးဝန်ကြီး Dr. Thani bin Ahmed Al Zeyoudi မှ စတင်ခဲ့သည့် ယူအေအီးနိုင်ငံ၏ ကုန်သွယ်မှုဖွံ့ဖြိုးတိုးတက်ရေးလမ်းကြောင်းသို့ ပြီးခဲ့သည့် ဖေဖော်ဝါရီလက အဘူဒါဘီတွင်ကျင်းပပြူလုပ်ခဲ့သည့် WTO ၏ ၁၃ ကြိမ်မြောက် ဝန်ကြီးများညီလာခံအတွင်း နောက်ဆုံးဝင်ရောက်ခွင့်ရရှိသည့်နိုင်ငံဖြစ်ကြောင်း စီးပွားရေးဝန်ကြီးဌာနက ထုတ်ပြန်ခဲ့ပါသည်။
Dr. Al Zeyoudi က ကုန်သွယ်မှုအတွက် ဖွံ့ဖြိုးတိုးတက်ရေးလမ်းကြောင်းသည် အားလုံးပါဝင်နိုင်သော၊ ရေရှည်တည်တံ့သောကုန်သွယ်မှုကို မြှင့်တင်ရန်နှင့် ကမ္ဘာတစ်ဝှမ်းရှိ စီးပွားရေးတိုးတက်မှုနှင့် သာယာဝပြောရေးကို မောင်းနှင်ရန်အတွက် ၎င်း၏အင်အားကိုအသုံးချမည့် ယူအေအီးနိုင်ငံ၏ ကတိကဝတ်ကို အလေးပေးဖော်ပြလျက်ရှိကြောင်း၊ မကြာသေးမီနှစ်များအတွင်းက ၎င်းတို့၏ကုန်သွယ်မှုဆက်ဆံရေးကို လျင်မြန်စွာချဲ့ထွင်နိုင်လာသည်နှင့်အမျှ ရှုပ်ထွေးသောကုန်သွယ်ရေးစေ့စပ်ညှိနှိုင်းမှုကမ္ဘာတွင် ကျယ်ပြန့်သောအတွေ့ အကြုံနှင့် ကျွမ်းကျင်မှုများကိုဖော်ထုတ်နိုင်ခဲ့ကြောင်း ကင်ညာနိုင်ငံ၏ မူဝါဒချမှတ်သူများနှင့် ကုန်သွယ်ရေးအရာရှိများအတွက် ကုန်သွယ်မှုအဆင့်အတန်းထဲတွင် အကောင်းဆုံးကျွမ်းကျင်မှုများမှတစ်ဆင့်အကျိုးရရှိခံစားနိုင်စေရန်၊ ကမ္ဘာ့စီးပွားရေးနှင့် ပိုမိုကောင်းမွန်စွာပေါင်းစည်းနိုင်စေရန်၊ ကင်ညာနိုင်ငံ၏ဖွံ့ဖြိုးတိုးတက်မှုကို အရှိန်မြှင့်ရန်နှင့် ကင်ညာနိုင်ငံသားများအတွက် လူနေမှုအဆင့်အတန်းကို မြှင့်တင်ပေးမည့် ကင်ညာနိုင်ငံ၏စာရင်းပါဝင်ခြင်းကို ကြိုဆိုပါကြောင်း ပြောကြားခဲ့ပါသည်။
ကုန်သွယ်မှုဖွံ့ဖြိုးတိုးတက်ရေးလမ်းကြောင်းသည် ဖွံ့ဖြိုးဆဲနှင့် ဖွံ့ဖြိုးမှုအနည်းဆုံးနိုင်ငံများမှ ကုန်သွယ်ရေးအရာရှိများ၊ စေ့စပ်ညှိနှိုင်းသူများနှင့် မူဝါဒချမှတ်သူများမှ ရှုပ်ထွေးပြီး မြင့်မားသောနည်းပညာပိုင်းဆိုင်ရာ ကုန်သွယ်မှုသဘောတူညီချက်များအား ညှိနှိုင်းရန် လိုအပ်သောနည်းပညာပိုင်းဆိုင်ရာ စွမ်းရည်နှင့်ကျွမ်းကျင်မှုများကို တည်ဆောက်ရာတွင်ကူညီရန်အတွက် အွန်လိုင်းကိရိယာအစုံအလင်ကို ပံ့ပိုးပေးသည့် ကုန်သွယ်မှုဆိုင်ရာဖွံ့ဖြိုးတိုးတက်ရေးလမ်းကြောင်းတစ်ခုဖြစ်ပါသည်။
အရင်းအမြစ်များနှင့် နည်းပညာကျွမ်းကျင်မှုနည်းပါးခြင်းသည် ကမ္ဘာ့စီးပွားရေးတွင် ထိရောက်စွာပါဝင်ဆောင်ရွက်ရန်နှင့် နိုင်ငံစုံကုန်သွယ်မှုစနစ်မှ အမှန်တကယ်အကျိုးအမြတ်ရရှိရန် နိုင်ငံများစွာအတွက် အဓိကအတားအဆီးတစ်ရပ်ဖြစ်သည်ဟု ယူဆကြောင်း သတင်းဌာနမှဖော်ပြထားပါသည်။ ကုန်သွယ်မှုဖွံ့ဖြိုးတိုးတက်ရေးလမ်းကြောင်းတွင် ကမ္ဘာလုံးဆိုင်ရာကုန်သွယ်မှုနှင့် မူဝါဒဆိုင်ရာကျွမ်းကျင်သူများထံမှ အကြောင်းအရာများ၏ ပုံရိပ်ယောင်စာကြည့်တိုက်(virtual library)ပါရှိပြီး အကောက်ခွန်နှင့် ကုန်သွယ်မှုပံ့ပိုးကူညီမှု၊ မူရင်းစည်းမျဉ်းများ၊ ကုန်သွယ်မှုဝန်ဆောင်မှုများ၊ IP အခွင့်အရေးများနှင့် အငြင်းပွားမှုဖြေရှင်းရေးဆိုင်ရာများအပါအဝင် အဓိကကျသော အခန်းကဏ္ဍများအားလုံးကို လွှမ်းခြုံထားသည့် ကိုယ်ပိုင်သင်ကြားရေး (Self-learning)အရင်းအမြစ်များ ပါ၀င်ပါသည်။
အဆိုပါပလပ်ဖောင်းသည် ဖွံ့ဖြိုးဆဲနိုင်ငံမှအရာရှိများအတွက် ကုန်သွယ်မှုမူဝါဒကိုရေးဆွဲရန်နှင့် ကုန်သွယ်မှုသဘောတူညီချက်များ ညှိနှိုင်းဆောင်ရွက်ရာတွင် အသုံးချရေးဆွဲနိုင်ရန်အတွက် အမြဲတမ်းရရှိနိုင်သည့် အရင်းအမြစ်တစ်ခုအဖြစ် ဆောင်ရွက်သွားမည်ဖြစ်ပါသည်။ အဆိုပါလမ်းကြောင်းတွင် ကင်ညာနိုင်ငံ၏စာရင်းပါဝင်မှုသည် နှစ်နိုင်ငံကြားတွင်ကြီးထွားလာနေသော ကုန်သွယ်မှုနှင့် ရင်းနှီးမြှုပ်နှံမှုဆိုင်ရာ ဆက်ဆံမှုများကို ထင်ဟပ်စေခဲ့ပါသည်။ ၂၀၂၃ ခုနှစ်တွင် နှစ်နိုင်ငံရေနံမဟုတ်သော ကုန်သွယ်မှုတန်ဖိုး အမေရိကန်ဒေါ်လာ ၃.၁ ဘီလီယံသို့ ရောက်ရှိခဲ့ပြီး ယခင်နှစ်ကထက် ၂၆.၄ % တိုးတက်လာခဲ့ပါသည်။ ကင်ညာသည် အာဖရိကတွင် အလားအလာအရှိဆုံးသော စီးပွားရေးနိုင်ငံတစ်ခုဖြစ်ပြီး ၂၀၂၃ ခုနှစ်တွင် အမှန်တကယ် GDP တိုးတက်မှုနှုန်း ၅ % နှင့် ၂၀၂၄ ခုနှစ်တွင် ၄.၅ % မှ ၅.၂ % အထိတိုးတက်လာမည်ဟု ခန့်မှန်းထားပါသည်။
ကင်ညာနိုင်ငံသည် WTO အဖွဲ့ဝင်နိုင်ငံများ၏ နှစ်ပတ်လည်ညီလာခံအတွင်း အဆိုပါလမ်းကြောင်းကို ကျယ်ကျယ်ပြန့်ပြန့်အသုံးပြုနိုင်ရန် ဖိတ်ကြားခံရသည့် အခြားနိုင်ငံရှစ်နိုင်ငံနှင့်အတူ အဆိုပါလမ်းကြောင်းကို ကိုးနိုင်ငံမြောက်အဖြစ် အသုံးပြုခွင့်ရသည့်နိုင်ငံတစ်ခုဖြစ်လာခဲ့ပါသည်။ အဆိုပါရှစ်နိုင်ငံတို့မှာ အီသီယိုးပီးယား၊ မိုဇမ်ဘစ်၊ အန်တီဂွါနှင့် ဘာဘူဒါ၊ အဇာဘိုင်ဂျန်၊ ဥဇဘက် ကစ္စတန်၊ ကိုမိုရို၊ ကာဂျစ္စတန်နှင့် ဘာဘေးဒိုးစ်တို့ဖြစ်ကြပါသည်။
Source: Emirates News Agency
Date: 20.3.2024
(နန္ဒာစိုးမြင့်၊ စီးပွားရေးသံမှူး၊ ဒူဘိုင်းမြို့)