India (Delhi)

အိန္ဒိယ-ရုရှား လွတ်လပ်သောကုန်သွယ်မှုဆွေးနွေးခြင်းဖြင့် နှစ်နိုင်ငံဆက်ဆံရေးမြှင့်တင်

Last Updated:

အိန္ဒိယ-ရုရှား လွတ်လပ်သောကုန်သွယ်မှုသဘောတူညီချက်ရရှိရန် ဆွေးနွေးခြင်းသည် ယူကရိန်းတွင် စစ်ပွဲစတင်စဉ်ကတည်းက တိုးတက်လာသည့် နှစ်နိုင်ငံကူးသန်းရောင်းဝယ်မှု ပူးပေါင်းဆောင်ရွက်မှုများကိုပိုမိုမြှင့်တင်နိုင်မည်ဖြစ်ကြောင်း တနင်္လာနေ့က ထုတ်ပြန်ကြေညာချက်တွင် ရုရှားကုန်သွယ်ရေးဝန်ကြီးက ပြောကြားခဲ့ကြောင်း Business Standard သတင်းစာက ဖော်ပြထားပါသည်။

၂၀၂၂ ဖေဖော်ဝါရီလတွင် ယူကရိန်းနိုင်ငံ၌စစ်ပွဲ စတင်ဖြစ်ပွားခဲ့သည့်နောက်ပိုင်း အနောက်နိုင်ငံများက အိန္ဒိယနိုင်ငံအား ရုရှားနိုင်ငံမှ စစ်လက်နက်ပစ္စည်းဝယ်ယူမှုများကို တစ်ဖြည်းဖြည်းလျှော့ချသွားရန် တောင်းဆိုထားသော်လည်း လွတ်လပ်သောကုန်သွယ်ရေးသဘောတူညီချက်ရရှိရေး ဆွေးနွေးကြခြင်းသည် နှစ်နိုင်ငံအကြား စီးပွားရေးဆိုင်ရာဆက်သွယ်ဆောင်ရွက်မှုမြှင့်တင်ခြင်း၏ အမှတ်အသားတစ်ခုဖြစ်ပါ‌ကြောင်း၊ အိန္ဒိယနိုင်ငံ၏ ရုရှားနိုင်ငံမှ တင်သွင်းမှုများမှာ ပြီးခဲ့သည့်ဘဏ္ဍနှစ်ထက် ၄ ဆ မြင့်တက်လာပြီး အမေရိကန်ဒေါ်လာ ၄၆.၃၃ ဘီလီယံအထိ ရှိလာပါကြောင်း၊ ရုရှားနိုင်ငံ၏ ဒုတိယဝန်ကြီးချုပ်နှင့် စီးပွားရေးဝန်ကြီးဖြစ်သူ Denis Manturov က နှစ်နိုင်ငံကုန်ထုတ်လုပ်မှုနှင့် ဈေးကွက်အခွင့်အလမ်းများရရှိရေး ၎င်းတို့အနေဖြင့် အထူးအလေးထားပါကြောင်းနှင့် ဥရောပအာရှစီးပွားရေးကော်မရှင်နှင့်အတူ လွတ်လပ်သောကုန်သွယ်မှု သဘောတူညီချက်အတွက် အိန္ဒိယနိုင်ငံနှင့် လေးလေးနက်နက်ဆွေးနွေးဆောင်ရွက်လျက်ရှိသည်ဟု  နယူးဒေလီမြို့တွင်ပြုလုပ်သည့် အခမ်းအနားတစ်ခု၌ ပြောကြားခဲ့ပါကြောင်း Business Standard သတင်းစာက ဖော်ပြထားပါသည်။

အိန္ဒိယနိုင်ငံခြားရေးဝန်ကြီးဖြစ်သူ S Jaishankar ကလည်း အိန္ဒိယနှင့် ရုရှားဦးဆောင်သည့် ဥရောပအာရှပွားရေးသမဂ္ဂအဖွဲ့ဝင်နိုင်ငံများအကြား လွတ်လပ်သောကုန်သွယ်မှုသဘောတူစာချုပ် ချုပ်ဆိုနိုင်ရေးဆွေးနွေးမှုများသည် ကိုဗစ်ကပ်ရောဂါဖြစ်ပွားမှုများကြောင့် နှောင့်နှေးကြန့်ကြာခဲ့ပါကြောင်း၊ ယခုတစ်ကြိမ်တွင် နှစ်နိုင်ငံကုန်သွယ်ဆက်ဆံမှုများကို အမှန်တကယ်တိုးတက်ကောင်းမွန်အောင် ဆောင်ရွက်နိုင်ရန် မျှော်လင့်ထားသည်ဟု ပြောကြားထားပါကြောင်း၊ ရုရှားကုန်သွယ်ရေးဝန်ကြီးဖြစ်သူကလည်း လမ်းတည်ဆောက်ရေးပစ္စည်းများနှင့် ကိရိယာတန်ဆာပလာများ၊ ဓါတုပစ္စည်းနှင့် ဆေးဝါးထုတ်ကုန်များကို ရှရှားနိုင်ငံမှ ဝယ်ယူလိုပါကြောင်းနှင့် အိန္ဒိယနိုင်ငံမှ ကုမ္ပဏီများအတွက် ရုရှားနိုင်ငံသို့ ကုန်တင်ပို့နိုင်ရန် အခွင့်အလမ်းများသေချာပေါက်ဆောင်ရွက်ပေးနိုင်မည်ဟု ပြောကြားထားပါကြောင်း၊ Reuters သတင်းဌာန၏ နိုဝင်ဘာလအတွင်း တင်ပြချက်များအရ ရုရှားနိုင်ငံ၏ ယူကရိန်းနိုင်ငံအပေါ် စစ်ဆင်ရေးဆောင်ရွက်မှုအပေါ် အနောက်နိုင်ငံများက စီးပွားရေးပိတ်ဆို့အရေးယူဆောင်ရွက်မှုများကြောင့် အဓိကစက်မှုလုပ်ငန်းများဆက်လက်လည်ပတ်နိုင်မှုစွမ်းရည် ကျဆင်းလာသည့်အချိန်၌ ရုရှားနိုင်ငံသည် ကား၊ လေယာဉ်၊ ရထားစသည့် အဓိကကဏ္ဍများအပါအဝင် အလားအလာရှိသော ကုန်ပစ္စည်းအမျိုးအစားပေါင်း ၅၀၀ ကျော်ကို အိန္ဒိယနိုင်ငံမှ တင်သွင်းနိုင်ရန် ကြိုးပမ်းဆောင်ရွက်ခဲ့သည်ဟုသိရှိရကြောင်း Business Standard သတင်းစာက ဖော်ပြထားပါသည်။

ရုရှားကုန်သွယ်ရေးဝန်ကြီးက ရုရှားနိုင်ငံသုံးငွေကြေးနှင့် ခင်မင်ရင်းနှီးသောနိုင်ငံများ၏ ငွေကြေးစနစ်ကို ပိုမိုအသုံးပြုရန် စဉ်းစားဆောင်ရွက်လျက်ရှိသည်ဟုလည်း ပြောကြားထားကြောင်း၊ အိန္ဒိယနိုင်ငံအနေဖြင့်လည်း ရုရှားနှင့် ကုန်သွယ်မှုတွင် ရူပီးငွေကြေးကို ပိုမိုတိုးမြှင့်အသုံးပြုရန် စိတ်ဝင်စားလျက်ရှိကြောင်း၊ အနောက်နိုင်ငံများနှင့် ယူကရိန်းကိုထောက်ခံသောနိုင်ငံများက ယူကရိန်းစစ်ပွဲကို အကြောင်းမဲ့ဆင်နွှဲခြင်းဟုပြောဆိုသော်လည်း ရုရှားနိုင်ငံက လုံခြုံရေးဆိုင်ရာခြိမ်းခြောက်မှုများကို ရင်ဆိုင်ရန် အထူးစစ်ဆင်ရေးဆင်နွှဲခြင်းဟု ပြောဆိုထားပါကြောင်း၊ အိန္ဒိယနိုင်ငံအနေဖြင့်မူ ရုရှား၏ကျူးကျော်စစ်ပွဲကို ပြတ်ပြတ်သားသားဝေဖန်ခြင်းမရှိဘဲ ဆွေးနွေးညှိနှိုင်းခြင်းဖြင့် ငြိမ်းချမ်းစွာဖြေရှင်းဆောင်ရွက်ရန် တောင်းဆိုထားပါကြောင်းလည်း ဖော်ပြထားပါသည်။

ပုံမှန်အားဖြင့် ရုရှားနိုင်ငံသည် အိန္ဒိယနိုင်ငံသို့ စစ်ဘက်သုံးပစ္စည်းများ အဓိကရောင်းချပေးသည့်နိုင်ငံတစ်နိုင်ငံဖြစ်ပါကြောင်း၊ ပြီးခဲ့သည့်လက အီရတ်နိုင်ငံကို ကျော်တက်ပြီး အိန္ဒိယနိုင်ငံသို့  စက်သုံးဆီများ အများဆုံးတင်ပို့သည့်နိုင်ငံဖြစ်လာပါကြောင်း၊ ၂၀၂၂ ခုနှစ် ဖေဖော်ဝါရီလ စစ်ပွဲမစတင်မီကာလတွင် အိန္ဒိယနိုင်ငံသည် ရုရှားနိုင်ငံမှ စက်သုံးဆီများကို အနည်းငယ်သာ တင်သွင်းပါကြောင်း၊ အာရှအင်အားကြီးနိုင်ငံများဖြစ်သည့် အိန္ဒိယ၊ တရုတ်နိုင်ငံတို့နှင့် ကုန်သွယ်မှုတိုးမြှင့်ရန် ရုရှားနိုင်ငံမှ ကြိုးစားဆောင်ရွက်မှုများသည် အနောက်နိုင်ငံများ၏ စီးပွားရေးပိတ်ဆို့မှုကို တွန်းလှန်နိုင်ရန်အတွက် နည်းဗျူဟာအစိတ်အပိုင်းတစ်ခုဖြစ်ပါကြောင်း၊ ရုရှားနိုင်ငံသည် အခြားသော တောင်အာရှနိုင်ငံများနှင့် ပူးပေါင်းဆောင်ရွက်မှုများကို တိုးမြှင့်နိုင်ရန်ကြိုးစားဆောင်ရွက်လျက်ရှိပါကြောင်း၊ မကြာသောကာလက ဘင်္ဂလားဒေ့ရှ်နိုင်ငံတွင် အဏုမြူစွမ်းအင်သုံးဓါတ်ပေါင်းဖို တည်ဆောက်ခြင်းကို ယွမ်ဖြင့်ပေးချေရန် သဘောတူညီခဲ့ပါကြောင်း၊ ပါကစ္စတန်နိုင်ငံသို့ ရေနံများဈေးနှုန်းချိုသာစွာဖြင့် တင်ပို့နိုင်ရေးကိုလည်း ဆွေးနွေးလျက်ရှိကြောင်း Business Standard သတင်းစာက ဖော်ပြထား ပါသည်။

Source: India, Russia talk free trade deal in step-up of relations, Business Standard, 18

             April 21, 2023.

(စီးပွားရေးသံမှူး၊ နယူးဒေလီမြို့)

 

Category: India (Delhi)