India (Kolkata)

၂၀၂၃ ခုနှစ် ဘင်္ဂလားကမ္ဘာလုံးဆိုင်ရာ စီးပွားရေးတွေ့ဆုံဆွေးနွေးပွဲ(Bengal Global Business Summit 2023)သို့ အဖွဲ့ဝင်အများအပြားပါဝင်သော ယူကေကိုယ်စားလှယ်အဖွဲ့ ပါဝင်တက်ရောက်မည်

Last Updated:

အိန္ဒိယနိုင်ငံ၊ ကော်လ်ကတ္တားမြို့တွင် ယခုလ ၂၁ ရက်မှ ၂၂ ရက်နေ့အထိ ကျင်းပပြုလုပ်မည့် ၂၀၂၃ ခုနှစ် ဘင်္ဂလားကမ္ဘာလုံးဆိုင်ရာစီးပွားရေးတွေ့ဆုံဆွေးနွေးပွဲ(Bengal Global Business Summit 2023)သို့ အိန္ဒိယနိုင်ငံဆိုင်ရာ ဗြိတိန်မဟာမင်းကြီး Alex Ellis ဦးဆောင်သော အဖွဲ့ဝင်အရေအတွက်အများအပြားပါဝင်သည့် ကိုယ်စားလှယ်အဖွဲ့တစ်ခု ပါဝင်တက်ရောက်မည်ဟု သိရသည်။

၎င်းနှင့်အတူ တောင်အာရှဒေသဆိုင်ရာ ယူကေနိုင်ငံ ဒုတိယကုန်သွယ်ရေးမင်းကြီး Anna Shotbolt လည်း အတူပူးတွဲပါဝင်မည်ဖြစ်သည်။ အဆိုပါကိုယ်စားလှယ်အဖွဲ့တွင် ယူကေနိုင်ငံမှ စီးပွားရေးလုပ်ငန်းအမျိုးမျိုးနှင့် အဖွဲ့အစည်းအသီးသီးတို့မှ အဆင့်မြင့်ကိုယ်စားလှယ်စုစုပေါင်း ၅၅ ဦးခန့်ပါဝင်မည်ဟု သိရသည်။

“ကျွန်တော့်အနေနဲ့ အဖွဲ့ဝင်ကိုယ်စားလှယ်ဦးရေအများဆုံးပါဝင်တဲ့ ယူကေကိုယ်စားလှယ်အဖွဲ့ကို ဦးဆောင်ပြီး ဘင်္ဂလားကမ္ဘာလုံးဆိုင်ရာစီးပွားရေးတွေ့ဆုံဆွေးနွေးပွဲသို့ တက်ရောက်မည့်အပေါ် များစွာမျှော်လင့်ထားပါတယ်။ အနောက်ဘင်္ဂလားပြည်နယ်ဟာ ၎င်းရဲ့အများပြည်သူ့သယ်ယူပို့ဆောင်ရေးစနစ်များကို လျှပ်စစ်ဓါတ်အားပြောင်းလဲအသုံးပြုဖို့ ပြင်ဆင်ဆောင်ရွက်နေတဲ့အပေါ် လေ့လာကြည့်ရှုသွားပါမယ်။ ယူကေစီးပွားရေးလုပ်ငန်းများအနေနဲ့ ဒီမှာလာပြီး စီးပွားရေးလုပ်ကိုင်ဖို့နဲ့ ဘင်္ဂလားပြည်နယ်က ကုမ္ပဏီတွေလည်း ယူကေမှာ စီးပွားရေးအခွင့်အလမ်းကောင်းတွေ ရှာဖွေနိုင်လိမ့်မယ်လို့လည်း မျှော်လင့်ပါတယ်။” ဟု အိန္ဒိယနိုင်ငံဆိုင်ရာ ဗြိတိန်မဟာမင်းကြီး Alex Ellis က ပြောကြားခဲ့သည်။

အိန္ဒိယနိုင်ငံ အရှေ့ဖက်နှင့် အရှေ့မြောက်ဖက်ဒေသဆိုင်ရာ ဗြိတိန်ဒုတိယမဟာမင်းကြီး Dr.Andrew Fleming ကလည်း ၎င်းအနေဖြင့် ယခုနှစ် စီးပွားရေးတွေ့ဆုံဆွေးနွေးပွဲကို အိမ်ရှင်အဖြစ် လက်ခံကျင်းပပေးသည့်အတွက် အနောက်ဘင်္ဂလားပြည်နယ်ဝန်ကြီးချုပ် Mamata Banerjee နှင့် ပြည်နယ်အစိုးရအဖွဲ့ကို ကျေးဇူးတင်ရှိကြောင်း၊ ကော်လ်ကတ္တားမြို့သို့ ရောက်ရှိသည့်အခါ ဗြိတိန်မဟာမင်းကြီး Alex Ellis ဦးဆောင်သော ကိုယ်စားလှယ်အဖွဲ့နှင့်အတူရှိမည့်အပေါ် များစွာဂုဏ်ယူဝမ်းမြောက်မိကြောင်းနှင့် ဗြိတိန်ဝန်ကြီးချုပ်မှ သဘောတူညီထားပြီးဖြစ်သော ၂၀၃၀ ပြည့်နှစ် ယူကေ-အိန္ဒိယလမ်းပြမြေပုံသည် ယူကေနိုင်ငံနှင့် အိန္ဒိယနိုင်ငံတို့အကြား ကုန်သွယ်မှုနှင့် ရင်းနှီးမြှုပ်နှံမှု အသွင်ပြောင်းလဲရန် ကတိပြုထားပါကြောင်း၊ ၎င်းအား အကောင်အထည်ဖေါ်ဆောင်ရွက်သည့်အနေဖြင့် ယခုလိုလာရောက်ခြင်းဖြစ်ပါကြောင်း ပြောကြားခဲ့ပါသည်။

နိုဝင်ဘာလ ၂၁ ရက်နေ့တွင် ယူကေနိုင်ငံနှင့် ဘင်္ဂလားကုန်သည်များနှင့် စက်မှုလုပ်ငန်းရှင်များအသင်းချုပ်တို့၏ ပူးပေါင်းစီစဉ်မှုဖြင့် ညစ်ညမ်းမှုကင်းစင်သော အနာဂတ်ကို တည်ဆောက်ခြင်း(Building a Net Zero Future)ခေါင်းစဉ်ဖြင့် ယူကေနိုင်ငံ၏ B2B ဆက်စပ်အစည်းအဝေးတစ်ခုကို ITC Sonar ဟိုတယ်၌ ကျင်းပပြုလုပ်သွားမည်ဖြစ်သည်။ အဆိုပါအစည်းအဝေးသို့ တက်ရောက်သူများအနေဖြင့် အနာဂတ်ပူးပေါင်းဆောင်ရွက်မှု၊ သုတေသနနှင့် ဆန်းသစ်တီထွင်မှုဆိုင်ရာ အခွင့်အလမ်းများကို သိရှိခြင်း၊ ကုန်သွယ်မှုနှင့် ရင်းနှီးမြှုပ်နှံမှုချဲ့ထွင်နိုင်ခြင်း စသည့်အကျိုးကျေးဇူးများကို ရရှိမည်ဖြစ်သည်။

ယူကေနိုင်ငံသည် နိုဝင်ဘာလ(၂၀)ရက်နေ့တွင်လည်း ထရမ်းခေါ် လျှပ်စစ်သုံးသယ်ယူပို့ဆောင်ရေးယာဉ်ဆိုင်ရာဆွေးနွေးပွဲ(Green Adda on a Tram)ကိုလည်း ကော်လ်ကတ္တားမြို့ရှိ သဘာဝပတ်ဝန်းကျင်ကျွမ်းကျင်သူများနှင့်အတူ ကျင်းပပြုလုပ်သွားမည်ဖြစ်သည်။ အဆိုပါကျွမ်းကျင်သူများက ဖန်လုံအိမ်ဓါတ်ငွေ့ထုတ်လွှတ်မှုလျှော့ချခြင်းနှင့် အလုပ်အကိုင်သစ်များဖန်တီးနိုင်ရန် ရှေးရှု၍ နဂိုရှိရင်းစွဲနှစ်နိုင်ငံပူးပေါင်းဆောင်ရွက်မှုကို မည်သို့ပိုမိုတိုးတက်ကောင်းမွန်အောင် ဆောင်ရွက်သွားမည်ကို ဆွေးနွေးသွားမည်ဖြစ်သည်။

ယူကေ-အိန္ဒိယပူးပေါင်းဆောင်ရွက်မှုသည် ကောင်းမွန်လျက်ရှိပြီး အခွင့်အလမ်းနှင့်အတူ စစ်မှန်စွာသက်ဝင်လျက်ရှိပါသည်။အဆိုပါအခွင့်အလမ်းနှင့်အတူ စစ်မှန်စွာအသက်ဝင်ခြင်း (‘Alive with Opportunity’)လှုပ်ရှားမှုကို နှစ်နိုင်ငံအကြား ခိုင်မာသောချိတ်ဆက်မှုကို ပြသရန်နှင့် ပြည်သူအချင်းချင်း၊ အတွေးအခေါ်နှင့် ယဉ်ကျေးမှုအချင်းချင်း အဆက်မပြတ်ဖလှယ်မှုကို ပိုမိုတိုးမြှင့်လုပ်ဆောင်သွားနိုင်ရန် ယခုလအစောပိုင်းက စတင်ခဲ့ခြင်းဖြစ်သည်။

ယူကေနိုင်ငံသည် ၂၀၃၀ ပြည့်နှစ်တွင် အိန္ဒိယနိုင်ငံနှင့် ကုန်သွယ်မှုနှစ်ဆမြှင့်တင်ရန် ရည်မှန်းထားသည့်အနေဖြင့် အဆိုပါလှုပ်ရှားမှုသည် ယူကေနိုင်ငံ၏အကျိုးစီးပွားနှင့် ၎င်းထံမှ ကုန်စည်နှင့် ဝန်ဆောင်မှုများ၏ ဝယ်လိုအားကို လှုံ့ဆော်ရန်၊ ယူကေနိုင်ငံအနေဖြင့် အိန္ဒိယနှင့် ကုန်သွယ်မှုပြုခြင်းမှတစ်ဆင့် ၎င်း၏စီးပွားရေးတိုးတက်အောင် လုပ်ဆောင်နိုင်စွမ်းအားတိုးမြှင့်ရန်နှင့် အိန္ဒိယမှ ရင်းနှီးမြှုပ်နှံမှုအသစ်များကို ဆွဲဆောင်ရန် ရည်ရွယ်ထားကြောင်း သိရသည်။

သုံးသပ်တင်ပြချက်

၂၀၂၃ ခုနှစ် (၇)ကြိမ်မြောက် ဘင်္ဂလားကမ္ဘာလုံးဆိုင်ရာစီးပွားရေးတွေ့ဆုံဆွေးနွေးပွဲ(Bengal Global Business Summit 2023)ကို အိန္ဒိယနိုင်ငံ၊ ကော်လ်ကတ္တားမြို့တွင် ယခုလ ၂၁ ရက်မှ ၂၂ ရက်နေ့ အထိ ကျင်းပပြုလုပ်သွားမည်ဖြစ်ပါသည်။ (၆)ကြိမ်မြောက်အစည်းအဝေးကို ၂၀၂၂ ခုနှစ် ဧပြီလ ၂၀ ရက်မှ ၂၁ ရက်နေ့အထိ ကျင်းပပြုလုပ်ခဲ့ပြီး နိုင်ငံပေါင်း ၄၂ နိုင်ငံမှ ပါဝင်တက်ရောက်သူပေါင်း ၄၃၀၀ ဦးခန့် ရှိခဲ့ကြောင်း သိရပါသည်။ အဆိုပါယမန်နှစ် တွေ့ဆုံဆွေးနွေးပွဲသို့ မြန်မာနိုင်ငံမှ ကိုယ်စားလှယ်အဖွဲ့တစ်ခုလည်း ပါဝင်တက်ရောက်ခဲ့ပြီး၊ ယခုနှစ်တွင် အကြောင်းကြောင်းကြောင့် ပါဝင်တက်ရောက်နိုင်ခြင်းမရှိဟုလည်း သိရပါသည်။ သို့ပါ၍ ယူကေနိုင်ငံအနေဖြင့် ယခုနှစ်တွင် ကိုယ်စားလှယ်ဦးရေ (၅၅)ဦးခန့်ပါဝင်သော ကိုယ်စားလှယ်အဖွဲ့ ပါဝင်တက်ရောက်မည်ဖြစ်ပြီး၊ အိန္ဒိယနိုင်ငံနှင့် နှစ်နိုင်ငံကုန်သွယ်မှုနှင့် ရင်းနှီးမြှုပ်နှံမှုများမြှင့်တင်သွားမည့်အကြောင်း သိရှိနိုင်ရေး တင်ပြလိုက်ရပါသည်။

ရည်ညွှန်းချက်။ The Daily Excelsior သတင်းဌာန၊ “UK set to bring biggest ever delegation to Bengal Global Business Summit 2023”၊ ၂၀၂၃ ခုနှစ်၊ နိုဝင်ဘာလ ၁၉ ရက်။

(ကောင်းထွဋ်အောင်၊  စီးပွားရေးသံမှူး၊ ကော်လ်ကတ္တားမြို့)

Category: India (Kolkata)