U. A. E

ယူအေအီးအလုပ်အကိုင်များတွင် အလုပ်ရှင်နှစ်ဦးအတွက် တစ်ပြိုင်နက်အလုပ်လုပ်နိုင်မည်လား

Last Updated:

အလုပ်လုပ်နိုင်သည့် အကောင်းဆုံးနိုင်ငံများတွင် ယူအေအီးနိုင်ငံသည် ကမ္ဘာလုံးဆိုင်ရာ အဆင့်သတ်မှတ်ချက်စာရင်းတွင် ထိပ်ဆုံးမှ ထပ်ခါတလဲရပ်တည်လျက်ရှိပါသည်။ သန့်ရှင်းသပ်ရပ်သောလမ်းများ၊ လုံခြုံစိတ်ချရသောလူနေရပ်ကွက်များ၊ လုပ်ငန်းအကျိုးကျေးဇူးများစွာနှင့် ခွင့်ပြုမိန့်ပါမစ်နှင့် ဗီဇာများ စသည်တို့ကိုခွင့်ပြုထားရှိပြီး ပိုမိုပြည့်စုံ၍သက်တောင့် သက်သာရှိသော ဘဝတစ်ခုကို ရရှိရန်အတွက် ပြည်ပနိုင်ငံများမှ အလုပ်လာရောက်လုပ်ကိုင်ကြသူများမှာ နှစ်စဉ်နှစ်တိုင်းပိုမိုများပြားလာလျက်ရှိပါသည်။

နိုင်ငံ၏ဥပဒေများသည် အလုပ်အကိုင်ကောင်းများပေးစွမ်းနိုင်ရုံသာမက အလုပ်နှစ်ခုပါ တစ်ပြိုင်နက်တည်းလုပ်ကိုင်ရရှိစေနိုင်မည်ဖြစ်ပြီး ဝန်ထမ်း/အလုပ်သမားများသည် အချိန် ပိုင်းအလုပ်လုပ်ရန်အတွက် ၎င်းတို့၏မူလအလုပ်ရှင်ထံမှ ခွင့်ပြုချက်ရရှိရန်မလိုအပ်ပါ။

လူ့စွမ်းအားအရင်းအမြစ်နှင့် နိုင်ငံသားအလုပ်အကိုင်ရေးရာဝန်ကြီးဌာန(MoHRE)၏အဆိုအရ ယူအေအီးနိုင်ငံ၏အလုပ်သမားဥပဒေသည် အလုပ်ရှင်များအား လုပ်ငန်းကျွမ်းကျင်သော အချိန်ပိုင်းအလုပ်သမားများကို ခေါ်ယူခွင့်ပြုထားပါသည်။ အဆိုပါဝန်ထမ်းများသည် တက္ကသိုလ်ဘွဲ့ရရှိထားသူများ သို့မဟုတ် ၎င်း၏အထက်ရရှိထားရမည်ဖြစ်ကာ မည်သည့်နည်းပညာနယ်ပယ် သို့မဟုတ် သိပ္ပံပညာနယ်ပယ်တွင်မဆို နှစ်နှစ် သို့မဟုတ် သုံးနှစ်ဒီပလိုမာများရရှိထားသူများဖြစ်ရမည်ဖြစ်ကာ ၎င်းတို့ ကိုင်ဆောင်ထားသော ဗီဇာအမျိုးအစားအရ အဆိုပါဝန်ထမ်းများသည် ဒုတိယအလုပ်တစ်ခုအတွက် မတူညီသောလုပ်ငန်းလိုအပ်ချက်များကို ဖြည့်ဆည်းပေးရမည်ဖြစ်ပါသည်။

အလုပ်ဗီဇာကိုင်ဆောင်ထားပြီးယူအေအီးနိုင်ငံတွင်လာရောက်နေထိုင်သူများသည် MoHRE မှ အချိန်ပိုင်းအလုပ်လုပ်ကိုင်ခွင့် ခွင့်ပြုမိန့်ပါမစ်ရရှိနေသရွေ့ အခြားအလုပ်တစ်ခုကို လုပ်ကိုင်နိုင်မည်ဖြစ်ပါသည်။ အဆိုပါခွင့်ပြုမိန့်ပါမစ်သည် သက်တမ်းတစ်နှစ်ရှိပြီး ကိုင်ဆောင်ထားသူအား အခြားလုပ်ငန်းခွင်တစ်ခုတွင် တစ်ရက်လျှင် ရှစ်နာရီအောက်သာ အလုပ်လုပ်ကိုင်ခွင့်ပြုထားပြီး ဤစည်းမျဉ်း/စည်းကမ်းသည် ယူအေအီးနိုင်ငံသားများ၊ GCC နိုင်ငံသားများနှင့်အခြားနိုင်ငံခြားသားများအတွက် အကျုံးဝင်ပါသည်။

မိသားစုဗီဇာကိုင်ဆောင်ထားသူများအနေဖြင့်အသက် ၁၈ နှစ်မှ ၆၅ နှစ်ကြားရှိသည့် အမျိုးသားနှင့် အမျိုးသမီးများအား MoHRE ၏အချိန်ပိုင်းအလုပ်ခွင့်ပြုမိန့်ပါမစ်ဖြင့် ဒုတိယအလုပ်ကို လုပ်ကိုင်နိုင်ပြီး ၎င်းဝန်ထမ်းကိုထောက်ခံသည့်သူထံမှ ကန့်ကွက်မှုမရှိသည့်လက်မှတ်(NOC)လိုအပ်မည်ဖြစ်ကာ လုပ်ငန်းကုမ္ပဏီများသည် တစ်ပတ်လျှင် ၄၈ နာရီ သို့မဟုတ် သုံးပတ်လျှင် ၁၄၄ နာရီထက် အလုပ်ချိန်မပိုစေဘဲ ကျွမ်းကျင်လုပ်သားများကိုခေါ်ယူနိုင်ကြောင်း ဥပဒေတွင်ပြဌာန်းထားပါသည်။ အလုပ်လုပ်ကိုင်သည့် အလုပ်သမားများသည် အပတ်စဉ်တစ်ရက်ထက်မနည်း အနားယူရမည်ဖြစ်ပါသည်။

MoHRE မှ အချိန်ပိုင်းအလုပ်ခွင့်ပြုမိန့်ပါမစ်ကိုလျှောက်ထားရန် စုစုပေါင်းအခကြေးငွေမှာ လျှောက်လွှာအတွက် စုစုပေါင်း AED ၆၀၀ ကျသင့်မည်ဖြစ်ပြီး AED ၁၀၀ မှာ လျှောက်လွှာအခကြေးငွေဖြစ်ကာ AED ၅၀၀ မှာခွင့်ပြုချက်အတွက်ဖြစ်ကာ အချိန်ပိုင်းအလုပ်ခွင့်ပြုမိန့်ပါမစ်မရှိဘဲ ဒုတိယအလုပ်ကို လုပ်ကိုင်ပါက အလုပ်ခန့်ထားသောလုပ်ငန်းကုမ္ပဏီသည် ဒဏ်ကြေးငွေ AED ၅၀,၀၀၀ ပေးဆောင်ရမည်ဖြစ်ပြီး ထပ်ခါတလဲပြစ်မှုများအတွက် ထပ်တိုးပြစ်ဒဏ်များချမှတ်မည်ဖြစ်ပါသည်။

သုံးသပ်တင်ပြချက်

ယူအေအီးနိုင်ငံတွင် လာရောက်နေထိုင်ပြီးအလုပ်လုပ်ကိုင်ကြသည့် ကမ္ဘာ့ဒေသအသီးသီးမှ လူမျိုးပေါင်း ၂၀၀ ကျော်ရှိပြီး၎င်းတို့အနက် အိန္ဒိယလူမျိုးများမှာအများဆုံးဖြစ်ပြီး ပါကစ္စတန်၊ ဘင်္ဂလားဒေ့ရှ်နှင့် အခြားအာရှနိုင်ငံများမှလူမျိုးများ၊ ဥရောပနှင့် အာဖရိကတိုက်နိုင်ငံများမှ လူမျိုးများစသည်တို့ အစဉ်လိုက်ရှိကြပါသည်။ (u.ae/, fcsc.gov.ae/)

ယူအေအီးနိုင်ငံတွင် နေထိုင်ကြသူများအနက် ယူအေအီးနိုင်ငံသား(Emirati)များမှာ စုစုပေါင်းလူဦးရေ၏ ၁.၁၇ သန်း(၁၁.၄၈ %)သာရှိကာ အခြားနိုင်ငံများမှလာရောက်နေထိုင်သူ ၉.၀ သန်း(၈၈.၅၂ %)ရှိပြီး ၎င်းတို့တွင် အိန္ဒိယနိုင်ငံသား ၂.၈၀ သန်း(၂၇.၄၉ %)၊ ပါကစ္စတန်နိုင်ငံသား ၁.၂၉ သန်း(၁၂.၆၉ %)၊ ဘင်္ဂလားဒေ့ရှ်နိုင်ငံသား ၀.၇၅ သန်း(၇.၄၀ %)၊ ဖိလစ်ပိုင်နိုင်ငံသား ၀.၅၇ သန်း(၅.၅၆ %)၊ အီရန်နိုင်ငံသား ၀.၄၈ သန်း(၄.၇၆ %)၊ အီဂျစ်နိုင်ငံသား ၀.၄၃ သန်း(၄.၂၃ %)၊ နီပေါနိုင်ငံသား ၀.၃၂ သန်း (၃.၁၇ %)၊ သီရိလင်္ကာနိုင်ငံသား ၀.၃၂ သန်း(၃.၁၇ %)၊ တရုတ်နိုင်ငံသား ၀.၂၂ သန်း(၂.၁၁ %)နှင့် အခြားသောနိုင်ငံသားများ ၁.၈၂ သန်း(၁၇.၉၄ %) စသည်တို့ဖြစ်ပါသည်။ (u.ae/, fcsc.gov.ae/)

လက်ရှိအချိန်တွင်မြန်မာနိုင်ငံမှ ယူအေအီးနိုင်ငံသို့လာရောက်လုပ်ကိုင်ရန် တရားဝင်ခွင့်ပြုသဘောတူညီချက်များမရှိသေးသော်လည်း လာရောက်အလုပ်လုပ်ကိုင်နေကြသည့် အလုပ်သမား/ဝန်ထမ်းများအနေဖြင့် မိမိလာရောက်အလုပ်လုပ်ကိုင်သည့်နိုင်ငံ၏ အလုပ်အကိုင်အခြေအနေများ၊ သက်ဆိုင်ရာနိုင်ငံအစိုးရ၏ အလုပ်သမားဥပဒေနှင့်လုပ်ထုံး လုပ်နည်းများကို သိရှိနားလည်သဘောပေါက်ထားရန်လိုအပ်ကြောင်း ဖော်ပြလိုက်ရပါသည်။

Source:                  focus.hidubai.com

(နန္ဒာစိုးမြင့်၊ စီးပွားရေးသံမှူး၊ ဒူဘိုင်းမြို့)

Category: U. A. E