Singapore

စင်ကာပူနိုင်ငံ၏ ပထမဦးဆုံး Centralised Power Plant Simulator နှင့် လျှပ်စစ်ထုတ်လုပ်သည့် ကုမ္ပဏီများအတွက် သင်တန်းအစီအစဉ်

Last Updated:

စင်ကာပူလျှပ်စစ်ထုတ်လုပ်သည့်ကုမ္ပဏီများအတွက် လုပ်ငန်းခွင်သင်တန်းများဆောင်ရွက်ရန် Centralised Power Plant Simulator(CPPS)ဖြင့် စံနမူနာပြုဆောင်ရွက်နိုင်မည်ဖြစ်ပါသည်။ CPPS ကို ၂၀၂၄ ခုနှစ်၊ မတ်လ ၁၂ ရက်နေ့တွင် တရားဝင်အတည်ပြုထုတ်ပြန်ခဲ့ပြီး စင်ကာပူနိုင်ငံ၊ ကုန်သွယ်ရေး နှင့် စက်မှုဝန်ကြီးဌာန ဝန်ကြီး Low Yen Ling တက်ရောက်ခဲ့ပါသည်။

Singapore Institute of Power and Gas (SIPG)နှင့် Energy Market Authority (EMA) တို့ပူးပေါင်းတည်ထောင်ထားသည့် Centralised Training Institute for Power and Gas sectors တွင် CPPS သင်ရိုးများသည် လျှပ်စစ်ထုတ်လုပ်သည့် ကုမ္ပဏီများအတွက် ပူးပေါင်းဆောင်ရွက်မှုပုံစံများကို အတူတကွဆောင်ရွက်နိုင်မည်ဖြစ်ပြီး သင်တန်းစံနှုန်းများကိုလည်း ချိန်ညှိနိုင်မည်ဖြစ်ပါသည်။ ထိုသို့ ဆောင်ရွက်ခြင်းဖြင့် စင်ကာပူနိုင်ငံအတွက် လျှပ်စစ်ဓာတ်အားဖြည့်တင်းနိုင်မှု သေချာစေမည်ဖြစ်ပါသည်။

CPPS ၏လေ့ကျင့်ရေးအစီအစဉ်သည် ကျွမ်းကျင်မှုသင်တန်းအတွက် လျှပ်စစ်ဓာတ်အားပေးစက်ရုံများလည်ပတ်မှု၊ လုပ်ငန်းပိုင်းဆိုင်ရာထိန်းချုပ်မှု၊ အသုံးများသော စက်ကိရိယာသတိပေးချက်များကို စီမံခန့်ခွဲမှုနှင့် နေ့စဉ်ဓာတ်အားပေးစက်ရုံများလည်ပတ်မှုတွင် စက်ချို့ယွင်းမှုများကို စီမံခန့်ခွဲမှုစသည်တို့တွင် စံနှုန်းကို ချမှတ်ပေးထားပါသည်။ ထို့ပြင် လျှပ်စစ်ထုတ်လုပ်သည့် ကုမ္ပဏီများအနေဖြင့် သင်တန်းတွင် လုပ်ငန်းလက်တွေ့ဆောင်ရွက်နေသည့်သူများ၊ အသိပညာဝေမျှနိုင်သူများကို သင်တန်းဆရာများအဖြစ် ဆောင်ရွက်စေနိုင်ပါသည်။

SIPG သည် CPPS အရ Power Generation Certificate Programmes ကို မိတ်ဆက်ခဲ့ပါသည်။ အဆိုပါအသိအမှတ်ပြုလက်မှတ်ကို စင်ကာပူလျှပ်စစ်ထုတ်လုပ်သည့်ကုမ္ပဏီများအားလုံးက အသိအမှတ်ပြုမည်ဖြစ်ပြီး သင်တန်းပြီးဆုံးချိန်တွင် ထုတ်ပေးမည်ဖြစ်ပါသည်။

EMA’ Industry Ecosystem Development Director ဖြစ်သူ Ms. Violet Chen က စင်ကာပူနိုင်ငံ၏ စွမ်းအင်ကူးပြောင်းမှုကို ပိုမိုအဆင့်မြင့်စေရေး ဆောင်ရွက်လျက်ရှိသည်ဖြစ်ရာ လျှပ်စစ်နှင့် ဂတ်စ်သည် အဓိကကျပါကြောင်း၊ လျှပ်စစ်ကဏ္ဍဆိုင်ရာသင်တန်းများ ပိုမိုအားကောင်းလာစေရေး SIPG နှင့် လျှပ်စစ်ထုတ်လုပ်သည့် ကုမ္ပဏီများ၏ကြိုးပမ်းအားထုတ်မှုကို ကျေနပ်ဝမ်းမြောက်ကြောင်း ပြောကြားခဲ့ပါသည်။ SIPG ၏ ဥက္ကဋ္ဌ Mr. Chia Soo Ping က SIPG အနေဖြင့် စွမ်းအင်ကဏ္ဍပြောင်းလဲမှုများဆောင်ရွက်ရာတွင် ယင်းကဏ္ဍအတွက် လိုအပ်မည့်နည်းပညာဗဟုသုတ၊ ကျွမ်းကျင်မှုတို့ကို အဓိကအလေးထားကြောင်း၊ CPPS သင်တန်းအစီအစဉ်သည် စွမ်းအင်ကဏ္ဍအတွက် လုပ်သားအင်အားတွင် အားကောင်းစေရေး စင်ကာပူနိုင်ငံရှိ လျှပ်စစ်ကုမ္ပဏီများအားလုံးအတွက် ကျွမ်းကျင်မှုနှင့် ရင်းမြစ်များကို ဆောင်ကြဉ်းပေးနိုင်မည်ဖြစ်ကြောင်း ပြောကြားခဲ့ပါသည်။

စွမ်းအင်ကဏ္ဍတည်ငြိမ်စေရေး၊ နောင်အနာဂတ်တွင် စွမ်းအင်ရရှိမှုသေချာစေရေးတို့အတွက် စင်ကာပူနိုင်ငံအနေဖြင့် စွမ်းအင်ကဏ္ဍရှိ လုပ်သားများ၏ စွမ်းဆောင်ရည်ကို မြှင့်တင်ပေးခြင်း၊ အဆိုပါကဏ္ဍတွင် စဉ်ဆက်မပြတ်လုပ်သားအင်အားရှိစေရေးဆောင်ရွက်ခြင်း၊ လျှပ်စစ်ဓာတ်အားထုတ်လုပ်သည့် ကုမ္ပဏီများအကြား အတွေ့အကြုံများ၊ အလေ့အကျင့်များဝေမျှခြင်းဖြင့် စင်ကာပူနိုင်ငံ၏စွမ်းအင်ကဏ္ဍ ပိုမိုတိုးတက်စေခြင်းစသည်တို့ကို အလေးပေးဆောင်ရွက်လျက်ရှိပါကြောင်း သုံးသပ်တင်ပြလိုက်ရပါသည်။

ရင်းမြစ်။        Energy Market Authority

(သွယ်သွယ်ဆုတင်၊ စီးပွားရေးသံမှူး၊ စင်ကာပူမြို့)

Category: Singapore