India (Kolkata)

အိန္ဒိယအစိုးရမှ သီးနှံငါးမျိုးအား လာမည့် (၅) နှစ်အထိ အာမခံဈေးနှုန်းဖြင့်ဝယ်ယူသွားရန် ဆန္ဒပြတောင်သူများအား အဆိုပြုပြောကြား

Last Updated:

အိန္ဒိယအစိုးရအနေဖြင့် လတ်တလောဖြစ်ပေါ်လျက်ရှိသော တောင်သူလယ်သမားများမှ ဆန္ဒပြပွဲများကို ရပ်တန့်ရန်အလို့ငှာ သီးနှံငါးမျိုးအား လာမည့်(၅)နှစ်တာကာလအတွင်း အာမခံဈေးနှုန်းဖြင့် ဝယ်ယူသွားရန် အဆိုပြုပြောကြားခဲ့ကြောင်း သိရသည်။ အဆိုပါသီးနှံငါးမျိုးမှာ ဝါ၊ ပြောင်း၊ မတ်ပဲ၊ ပဲစင်းငုံနှင့် ပဲနီလေးတို့ဖြစ်ကြသည်။ တောင်သူလယ်သမားများအနေဖြင့် အဆိုပါသီးနှံများကို သတ်မှတ်ဈေးအတိုင်း အစိုးရထံ အရေအတွက်ကန့်သတ်ချက်မရှိဘဲ ရောင်းချသွားနိုင်မည်ဖြစ်သည်။

သို့သော် တောင်သူလယ်သမားများအနေဖြင့် အနိမ့်ဆုံးထောက်ပံ့ဈေးနှုန်းဥပဒေသည် သီးနှံအမျိုးအစားအားလုံးကို လွှမ်းခြုံမှုရှိရန် တောင်းဆိုလျက်ရှိသည်။ ၎င်းတို့မှ တောင်းဆိုထားသောအချက်ဖြစ်သည့် ပုဂ္ဂလိကကုမ္ပဏီများမှ သီးနှံများကို အနိမ့်ဆုံးသတ်မှတ်ဈေးအတိုင်း ဝယ်ယူရေး ဥပဒေတစ်ရပ်ပြဌာန်းပေးဖို့ကိစ္စကိုမူ အစိုးရအနေဖြင့် လတ်တလောသဘောတူညီထားခြင်းမရှိသေးပေ။ တောင်သူလယ်သမားများအနေဖြင့် ပုဂ္ဂလိကကုမ္ပဏီများမှ ၎င်းတို့၏သီးနှံများကို ဈေးနှုန်းအနိမ့်ဖြင့် ဝယ်ယူသွားဖွယ်ရှိသည့်အခြေအနေမှ အကာအကွယ်ပေးရန် အဆိုပါဥပဒေပြဌာန်းပေးရေး အစိုးရထံ တိုက်တွန်းတောင်းဆိုသွားမည်ဖြစ်သည်။

ဆန္ဒပြခေါင်းဆောင်များအနေဖြင့် အစိုးရ၏အဆိုပါကမ်းလှမ်းချက်အပေါ် စဉ်းစားသုံးသပ်ရန် အချိန်အနည်းငယ်လိုအပ်ကြောင်းနှင့် အကယ်၍ ၎င်းအား လက်သင့်မခံပါက ယခုလ ၂၁ ရက်နေ့တွင် ဆန္ဒပြမှုများပြန်လည်စတင်သွားရန် စီစဉ်ထားကြောင်း သိရသည်။ အစိုးရအနေဖြင့် သီးနှံဈေးနှုန်းအတွက် အာမခံချက်ပေးရန် တစ်စိတ်တစ်ပိုင်းသဘောတူညီထားသော်လည်း တောင်သူလယ်သမားများကမူ ကြွေးမြီများလျှော်ပေးရန်နှင့် မြေယာဝယ်ယူမှုဆိုင်ရာပုံသေနည်း(land acquisition formula) အား အကောင်အထည်ဖေါ်ဆောင်ရွက်ပေးရန် စသည့်သီးနှံဈေးကွက်တစ်ခုလုံး အကာအကွယ်ရရှိနိုင်ရေးအတွက် ကျယ်ကျယ်ပြန့်ပြန့်တောင်းဆိုလျက်ရှိသည်။

အိန္ဒိယနိုင်ငံမြောက်ပိုင်းမှ ထောင်နှင့်ချီသော တောင်သူလယ်သမားများမှ ချီတက်ဆန္ဒပြမှုရက်သတ္တပတ်ကြာမြင့်သည့်အချိန်၊ ယခုလ ၁၈ ရက် ညနေပိုင်း၌ အစိုးရနှင့် တောင်သူ လယ်သမားထု အကြား ယခုကဲ့သို့ဆွေးနွေးညှိနှိုင်းမှုများစတင်ခဲ့ခြင်းဖြစ်သည်။ အဆိုပါဆန္ဒပြတောင်သူများသည် ယခုလ(၁၂)နေ့မှစတင်၍ နယူးဒေလီမြို့တော်သို့ ဦးတည်၍ Punjab ပြည်နယ်နှင့် Haryana ပြည်နယ်နယ်စပ်အထိ ချီတက်စုဝေးလာကြရာ အိန္ဒိယရဲတပ်ဖွဲ့မှ သံဆူးကြိုးများ၊ ကွန်ကရစ်တုံးများဖြင့် တားဆီးပိတ်ဆို့ထားခဲ့ခြင်းဖြစ်သည်။

အိန္ဒိယအစိုးရမှ သီးနှံငါးမျိုးအား လာမည့်(၅)နှစ်အထိ အနိမ့်ဆုံးထောက်ပံ့ဈေးနှုန်းအတိုင်း ဝယ်ယူသွားရန် အဆိုပြုကမ်းလှမ်းချက်အပေါ် တောင်သူလယ်သမားများမှ လက်ခံရန် စဉ်းစားလျက်ရှိသည့်အတွက် ဆန္ဒပြပွဲများ ခေတ္တရပ်နားထားသည့်အခြေအနေဖြစ်ပါသည်။ အကယ်၍ အစိုးရမှ ၎င်းတို့တောင်းဆိုထားသော အခြားအချက်များကို သဘောတူလိုက်လျောပေးခြင်းမရှိပါက ဆန္ဒပြပွဲများပြန်လည်စတင်သွားရန် ဆုံးဖြတ်ထားဟန်ရှိပါသည်။

သို့ပါ၍ အိန္ဒိယနိုင်ငံတွင် လတ်တလောဖြစ်ပေါ်လျက်ရှိသော တောင်သူလယ်သမားမှ ဆန္ဒပြပွဲများ ခေတ္တရပ်နားထားသည့်အခြေအနေနှင့် ၎င်းတို့နှင့် အိန္ဒိယအစိုးရအကြား သဘော တူညီမှုရရှိရေး စေ့စပ်ညှိနှိုင်းလျက်ရှိသည့်အပေါ် သိရှိနိုင်ရေး တင်ပြလိုက်ရပါသည်။

ရည်ညွှန်းချက်။        (၁)    The Hindu Businessline သတင်းဌာန၊ “Centre proposes 5-year guaranteed procurement at MSP for 5 crops – cotton, maize, tur, urad and masur”၊ ၂၀၂၄ ခုနှစ်၊ ဖေဖော်ဝါရီလ ၁၉ ရက်။

                             (၂)    Bloomberg သတင်းဌာန၊ “Indian Farmers Pause Protests to Review Government Crop Deal”၊ ၂၀၂၄ ခုနှစ်၊ ဖေဖော်ဝါရီလ ၁၉ ရက်။

(ကောင်းထွဋ်အောင်၊  စီးပွားရေးသံမှူး၊ ကော်လ်ကတ္တားမြို့)

Category: India (Kolkata)