India (Delhi)

အိန္ဒိယသည် နိုင်ငံအချို့သို့ ကြက်သွန်နီတင်ပို့မှုအား ခွင့်ပြု

Last Updated:

အိန္ဒိယနိုင်ငံသည် ပြည်ပရေးရာဝန်ကြီးဌာန၏ထောက်ခံချက်ဖြင့် နိုင်ငံအချို့သို့ အစိုးရအချင်းချင်းဆက်သွယ်ဆောင်ရွက်မှုကို အခြေခံပြီး ကြက်သွန်နီတင်ပို့မှုကို ခွင့်ပြုခဲ့ကြောင်း၊ ဘင်္ဂလားဒေ့ရှ်၊ သီရိလင်္ကာ၊ မောရစ်ရှပ်၊ ဘာရိန်း၊ ဘူတန်နှင့် နီပေါတို့အပါအဝင် နိုင်ငံအချို့သို့ ကြက်သွန်နီများကို အစိုးရက အကန့်အသတ်ဖြင့် တင်ပို့ခွင့်ပြုထားကြောင်းကြက်သွန်နီတင်ပို့မှုကို နှစ်နိုင်ငံဆက်ဆံရေးအတွက် ခွင့်ပြုခြင်းဖြစ်သော်လည်း ကြက်သွန်နီတင်ပို့မှုအလုံးစုံတားမြစ်ချက်ကို ရုတ်သိမ်းရန် ဆုံးဖြတ်ချက်မချရသေးကြောင်း အမည်မဖော်လိုသူပုဂ္ဂိုလ်တစ်ဦးက ပြောကြားထားကြောင်း သိရသည်။

ကမ္ဘာ့ဒုတိယအကြီးဆုံးကြက်သွန်တင်ပို့သည့်နိုင်ငံဖြစ်သည့် အိန္ဒိယနိုင်ငံသည် ပြည်တွင်းဈေးနှုန်းမြင့်တက်မှုနှင့် ရှားပါးမှုတို့ကြောင့် 2023 ခုနှစ် ဒီဇင်ဘာလမှ 2024 ခုနှစ် မတ်လအထိ မီးဖိုချောင်သုံးမရှိမဖြစ်ဖြစ်သည့် ကြက်သွန်နီတင်ပို့မှုကိုတားမြစ်ခဲ့ပြီး ယင်းကြောင့် အိမ်နီးချင်းနိုင်ငံများတွင် ကြက်သွန်နီဈေးနှုန်းမြင့်တက်မှုများ ဖြစ်ပေါ်ခဲ့သည်။

အိန္ဒိယနိုင်ငံတွင် ကြက်သွန်နီဈေးနှုန်းများသည် 2023 ခုနှစ် သြဂုတ်လတွင် မြင့်တက်လာခြင်းကြောင့် ဘဏ္ဍာရေးဝန်ကြီးဌာနသည် တင်ပို့မှုလျော့ချနိုင်ရန်အတွက် ပို့ကုန်အခွန် ၄၀ ရာခိုင်နှုန်းထိ တိုးမြှင့်ကောက်ခံခဲ့ပါသည်။ သို့ရာတွင် ကုန်သည်များက အရောင်းအဝယ်သဘောတူညီချက်အမှာစာများတွင် တန်ဖိုးလျှော့ဖော်ပြမှုများကြောင့် အကျိုးသက်ရောက်မှု မရရှိခဲ့သဖြင့် အစိုးရက ကြက်သွန်နီတစ်တန်လျှင် အနည်းဆုံးပို့ကုန်ဈေးနှုန်း ကန်ဒေါ်လာ ၈၀၀ ကို အောက်တိုဘာလ ၂၈ ရက်နေ့မှ စတင်သတ်မှတ်ခဲ့သည်ကို တွေ့ရှိရပါသည်။

ထို့ပြင် မဟာရက်ရှ်ထရာပြည်နယ်တွင် မိုးသည်းထန်စွာရွာသွန်းပြီး မိုးသီးမုန်တိုင်းများတိုက်ခတ်မှုကြောင့် ကြက်သွန်ထွက်ရှိမှုအမြင့်ဆုံးရာသီဖြစ်သည့် နိုဝင်ဘာလတွင် ကျဆင်းခဲ့ပြီး ဈေးနှုန်းများမြင့်တက်ခဲ့မှုကြောင့် ပြည်ပသို့တင်ပို့ရောင်းချမှုကို အစိုးရက ဒီဇင်ဘာ ၈ ရက်နေ့တွင် တားမြစ်မှုအား ချမှတ်ဆောင်ရွက်ခဲ့ပါသည်။ ယင်းကြောင့် ကြက်သွန်နီဈေးသည် အိန္ဒိယ၏ ကြက်သွန်အဓိကစိုက်ပျိုးသည့်ဒေသဖြစ်သည့် နာရှိခ်လက်ကားဈေးတွင် တစ်ကီလိုလျှင် ၄၀ ရူပီးကျော်ရှိရာမှ ၁၃ ရူပီးခန့်အထိ ကျဆင်းသွားသောကြောင့် တင်ပို့မှုတားမြစ်ချက်ကို ရုတ်သိမ်းပေးရန် ကြက်သွန် စိုက်ပျိုးသူများက နှစ်လကြာ ဆန္ဒပြတောင်းဆိုခဲ့ကြကြောင်း သိရှိရသည်။

ကြက်သွန်နီဈေးနှုန်းများမြင့်တက်ပေးခြင်းသည် စားသောက်ကုန်ဈေးနှုန်းကြီးမြင့်မှုကိုဖြစ်ပေါ်စေနိုင်ပြီး လအနည်းငယ်အတွင်း ပြုလုပ်ရန်ရှိသည့် ပြည်သူ့လွှတ်တော်ရွေးကောက်ပွဲများတွင် အစိုးရအတွက် စိုးရိမ်စရာဖြစ်လာနိုင်ကြောင်း၊ ဖေဖော်ဝါရီလအစောပိုင်းတွင် ဗဟိုအစိုးရ၏ အရာရှိအဖွဲ့တစ်ဖွဲ့သည် မဟာရက်ရှ်ထရာပြည်နယ်ရှိ ကြက်သွန်စိုက်ပျိုးသည့်ဒေသများသို့ သွားရောက်ခဲ့ကြောင်းနှင့် အဆိုပါအဖွဲ့သည် ပို့ကုန်ပိတ်ပင်မှုနှင့်ပတ်သက်၍ အစိုးရထံ အကြံပြုချက်ပေးနိုင်ရန် မျှော်လင့်လျက်ရှိကြောင်း သိရှိရသည်။

တစ်ချိန်တည်းတွင်ပင် ပို့ကုန်လုပ်ငန်းရှင်ကြီးအချို့က အစိုးရထံ ပေးပို့သောစာတွင် ကြက်သွန်နီတင်ပို့မှုကို လုံးဝတားမြစ်မည့်အစား အစိုးရက ပြည်ပသို့တင်ပို့ခွင့်ကို ကန့်သတ်ခွင့်ပြုသင့်ကြောင်း၊  ပြည်ပသို့တင်ပို့မှုရှိမှသာ ပြည်တွင်းဈေးကွက်တွင် ဈေးနှုန်းသိသိသာသာမြင့်တက်လာမည်ဖြစ်ကြောင်း အကြံပြုထားသည်ကို တွေ့ရှိရပါသည်။

သို့ဖြစ်ပါ၍ အိန္ဒိယနိုင်ငံအနေဖြင့် ကြက်သွန်နီအား ပြည်ပနိုင်ငံအချို့သို့ အစိုးရချင်း ညှိနှိုင်းတင်ပို့ခွင့်ပြုနေမှုအခြေအနေအား သိရှိနိုင်ရန်နှင့် ပြည်တွင်းစားသုံးသူများအတွက် ကြက်သွန်နီဈေးနှုန်းကြီးမြင့်မှုအား ထိန်းချုပ်နိုင်ရန် အစိုးရက မူဝါဒများချမှတ်ဆောင်ရွက်ခဲ့ရာတွင် ဈေးနှုန်းများကျဆင်းသွားသော်လည်း တစ်ဖက်တွင် စိုက်ပျိုးသူတောင်သူများအပေါ်တွင် တန်ပြန်သက်ရောက်မှုများရှိခဲ့သဖြင့် အစိုးရအနေဖြင့် အခက်အခဲများရင်ဆိုင်နေရသည်ကို တွေ့ရှိရသောကြောင့် မူဝါဒများချမှတ်ရာတွင် တန်ပြန်သက်ရောက်နိုင်မှုအခြေအနေများကိုပါ ထည့်သွင်းစဉ်းစားရန်အရေးကြီးမှု အခြေအနေအား သိရှိနိုင်ရေး တင်ပြလိုက်ရပါသည်။

Source: India allows export of onions to select nations, The Economic Times, 19 Februar, 2024.

(မျိုးမြင့်မောင်၊ စီးပွားရေးသံမှူး၊ နယူးဒေလီမြို့)

Category: India (Delhi)