Russia

ရုရှားသည် တရုတ်နိုင်ငံသို့ ဓာတ်မြေသြဇာတင်ပို့မှုတွင် ဦးဆောင်သူဖြစ်လာ

Last Updated:

၂၀၂၄ ခုနှစ် ဇန်နဝါရီမှ ဖေဖော်ဝါရီလအတွင်း ရုရှားသည် တရုတ်နိုင်ငံသို့ ပိုတက်စီယမ်ကလိုရိုက်တန်ချိန် ၈၉၁,၃ဝဝ ကိုထောက်ပံ့ပေးခဲ့ပြီး ယင်းပမာဏသည် ယမန်နှစ် အလားတူကာလထက် ၉၄ ရာခိုင်နှုန်းပိုမိုများပြားကြောင်း၊ ရုရှားသည် တရုတ်နိုင်ငံသို့ ဓာတ်မြေသြဇာအများဆုံးတင်သွင်းသူဖြစ်လာခဲ့ကြောင်း တရုတ်ပြည်သူ့သမ္မတနိုင်ငံ အကောက်ခွန်အထွေထွေအုပ်ချုပ်မှုအာဏာပိုင်အဖွဲ့ (GACC)က ထုတ်ပြန်သည့် အချက်အလက်များအရ သိရှိရသည်။

၂၀၂၄ ခုနှစ်၊ ပထမနှစ်လတာအတွက် ရုရှားဓာတ်မြေဩဇာတင်ပို့မှုတန်ဖိုးမှာ အမေရိကန်ဒေါ်လာ ၂၈၅.၃ သန်းရှိကြောင်း ဖော်ပြထားပါသည်။ တရုတ်နိုင်ငံသို့ ပိုတက်စီယမ်ကလိုရိုက်ထောက်ပံ့မှု၏ ဒုတိယနေရာကို ကနေဒါ(တန်ချိန် ၇၁၉,၉၀၀ ဖြင့် ကန်ဒေါ်လာ ၂၂၅.၁ သန်း)မှ ရရှိထားပြီး တတိယနေရာကို ဘီလာရုစ်(တန်ချိန် ၄၄၈ဝဝဝ ဖြင့် ကန်ဒေါ်လာ ၁၄၁.၉ သန်း)မှ ရရှိထားပါသည်။

၂၀၂၃ ခုနှစ်တွင် ရုရှားသည် တရုတ်နိုင်ငံသို့ ဒုတိယအများဆုံး ပိုတက်စီယမ်ကလိုရိုက်(တန်ချိန် ၃ သန်းဖြင့် ကန်ဒေါ်လာ ၁.၁ ဘီလီယံ)တင်ပို့သူဖြစ်ခဲ့ပြီး ဘီလာရုစ်သည် (တန်ချိန် ၃.၄ သန်းဖြင့် ကန်ဒေါ်လာ ၁.၅ ဘီလီယံ) အများဆုံးတင်ပို့သူဖြစ်ခဲ့သည်။

ရုရှားစီးပွားရေးဖွံ့ဖြိုးတိုးတက်မှုဝန်ကြီး Mr. Maxim Reshetnikov က ရုရှားနှင့် တရုတ်တို့၏ ကုန်သွယ်မှု၊ စီးပွားရေးနှင့် ရင်းနှီးမြှုပ်နှံမှုဆိုင်ရာဆက်ဆံမှုများသည် နက်ရှိုင်းစွာ တိုးမြှင့်လုပ်ဆောင်လျက်ရှိပြီး ၂၀၃၀ ခုနှစ်တွင် ကုန်သွယ်မှုပမာဏလျာထားချက် အမေရိကန်ဒေါ်လာ ၃၀၀ ဘီလီယံအထိ ရောက်ရှိနိုင်စေရန် မျှော်မှန်းထားကြောင်း ၂၀၂၃ ခုနှစ် ဒီဇင်ဘာလတွင် ပြောကြားခဲ့သည်။ ၂၀၂၃ ခုနှစ်တွင် ရုရှားနှင့် တရုတ်တို့၏အပြန်အလှန်ကုန်သွယ်မှုပမာဏသည် စံချိန်တင်မြှင့်တက်ခဲ့ပြီး အမေရိကန်ဒေါ်လာ ၂၄၀.၁၁ ဘီလီယံအထိ ရောက်ရှိခဲ့ကြောင်း သိရှိရပါသည်။

Source : https://www.gazeta.ru/business/news/2024/03/20/22589197.shtml

(ခွန်မျိုးသူ၊ စီးပွားရေးသံမှူး၊ မော်စကိုမြို့)

Category: Russia