အာရှ၏ ဒုတိယစီးပွားရေးအင်အားအကြီးဆုံးနိုင်ငံဖြစ်သည့် ဂျပန်နိုင်ငံအနေဖြင့် Negative Interest Rate Policy ကို အဆုံးသတ်တော့မည်ဖြစ်ပါသည်။ အဆိုပါသတင်းတွင် ရုရှား-ယူကရိန်းပဋိပက္ခနှင့် ကိုဗစ်ကပ်ရောဂါတို့ကြောင့် လွန်ခဲ့သော ၂ နှစ်တာကာလအတွင်း ကမ္ဘာ့ဗဟိုဘဏ်များအနေဖြင့် အတိုးနှုန်းမြင့်မားစွာသတ်မှတ်ခဲ့ကြသော်လည်း ဂျပန်ဗဟိုဘဏ်အနေဖြင့် အတိုးနှုန်းတိုးမြှင့်ခြင်းမရှိဘဲ ဖြေလျှော့သည့်အတိုးနှုန်းကိုသာသတ်မှတ်ခဲ့ကြောင်း၊ ယခုအခါ ဂျပန်ဗဟိုဘဏ်အနေဖြင့် ၁၇ နှစ်အတွင်း ပထမဆုံးအကြိမ်အဖြစ် အတိုးနှုန်းကို (-) ၀.၁ ရာခိုင်နှုန်းမှ ၀ ရာခိုင်နှုန်းသို့ ပြောင်းလဲသတ်မှတ်သွားမည်ဖြစ်ကြောင်း ဖော်ပြထားပါသည်။ ဂျပန်ဗဟိုဘဏ်အနေဖြင့် Negative Interest Rate Policy ကို ၂၀၁၆ ခုနှစ်တွင် စတင်ကျင့်သုံးခဲ့ကြောင်း၊ ထို့ပြင် ၁၀ နှစ်သက်တမ်းရှိ အစိုးရချေးငွေစာချုပ်များ၏အတိုးနှုန်းကို ၀ ရာခိုင်နှုန်းသတ်မှတ်ထားခြင်းကိုလည်း အဆုံးသတ်သွားမည်ဖြစ်ကြောင်း ဖော်ပြထားပါသည်။
ထို့အတူ ဂျပန်ဗဟိုဘဏ်အနေဖြင့် ၂၀၁၀ ပြည့်နှစ်မှစတင်၍ ဝယ်ယူခဲ့သည့် Exchange-Traded Funds(ETFs)နှင့် Japanese Real Estate Investment Trusts(J-REITs)တို့ကိုလည်း ဆက်လက်ဝယ်ယူတော့မည်မဟုတ်ကြောင်း ဖော်ပြထားပါသည်။ ဂျပန်ဗဟိုဘဏ်အနေဖြင့် ယန်း ၃၇ ထရီလီယံ(အမေရိကန်ဒေါ်လာ ၂၄၈ ဘီလီယံ) တန်ဖိုးရှိ ETFs နှင့် ယန်း ၆၅၀ ဘီလီယံတန်ဖိုးရှိ J-REITs တို့ကို ဝယ်ယူပြီးဖြစ်ပါကြောင်း၊ ဂျပန်ဗဟိုဘဏ်၏မူဝါဒဆိုင်ရာအပြောင်းအလဲများသည် ယခုလတွင် ကျင်းပခဲ့သည့် လုပ်ခလစာဆိုင်ရာ ညှိနှိုင်းအစည်းအဝေး၌ လစာနှုန်းထားတိုးမြှင့်မှုနှုန်းကို ၃၃ နှစ်အတွင်း အမြင့်ဆုံးနှုန်းဖြစ်သည့် ၅.၂၈ ရာခိုင်နှုန်းသို့ တိုးမြှင့်ရန် သဘောတူညီခဲ့ပြီးနောက် ထွက်ပေါ်လာခဲ့ခြင်းဖြစ်ပါသည်။
ဂျပန်ဗဟိုဘဏ်အနေဖြင့် ယခုချမှတ်သည့်မူဝါဒကို တည်ငြိမ်သောပုံစံဖြင့် ဆက်လက်ထိန်းသိမ်းထားနိုင်ရေး ဆောင်ရွက်သွားမည်ဖြစ်ကြောင်း၊ လက်ရှိ ဂျပန်ဗဟိုဘဏ်၏အတိုးနှုန်းသည် သတ်မှတ်နှုန်းထားဖြစ်သည့် ၂ ရာခိုင်နှုန်းသို့ ရောက်ရှိခြင်းမရှိသေးကြောင်း၊ ငွေကြေးဖောင်းပွမှုမှာ သတ်မှတ်နှုန်းထားထက် ၁ ရာခိုင်နှုန်းကျော်လွန်နိုင်မည်ဖြစ်ကြောင်း ခန့်မှန်းထားသည့်အတွက် အတိုးနှုန်းကို ၁ ရာခိုင်နှုန်းအောက်သတ်မှတ်မှသာ စီးပွားရေးဖွံ့ဖြိုးမှုကို ရရှိစေနိုင်မည်ဟု ဂျပန်ဗဟိုဘဏ်ဥက္ကဋ္ဌ Ueda က ပြောကြားခဲ့ကြောင်း ဖော်ပြထားပါသည်။
ဂျပန်ဗဟိုဘဏ်မှ ကျင့်သုံးခဲ့သော အလွန်ဖြေလျှော့သည့် ငွေကြေးမူဝါဒကြောင့် ယန်းငွေတန်ဖိုးအလွန်အမင်းကျဆင်းမှုကို ဖြစ်ပေါ်စေခဲ့ပြီး အိမ်ထောင်စုများအပေါ် ဝန်ထုပ်ဝန်ပိုးများဖြစ်စေခဲ့ကာ ငွေကြေးဖောင်းပွမှုလျှော့ချနိုင်ရေး ကြိုးပမ်းမှုအပေါ်လည်း ဖိအားများဖြစ်ပေါ်စေခဲ့ကြောင်း ဖော်ပြထားပါသည်။ ဂျပန်ဗဟိုဘဏ်မှ မူဝါဒပြောင်းလဲခဲ့ပြီးနောက် ယန်းငွေတန်ဖိုးမှာ အမေရိကန် ၁ ဒေါ်လာလျှင် ၁၄၉.၃၀ ယန်းရှိရာမှ ၁၅၀ ယန်းသို့ တန်ဖိုးကျဆင်းခဲ့ကြောင်း ဖော်ပြထားပါသည်။ အမေရိကန်ဗဟိုဘဏ်အနေဖြင့် အတိုးနှုန်းကို ယခုနှစ်အတွင်း လျှော့ချသတ်မှတ်ခဲ့ခြင်းကြောင့် အမေရိကန်ဒေါ်လာနှင့် ယန်းငွေလဲလှယ်နှုန်းအပေါ် ဖိအားများလျော့နည်းစေခဲ့သည်ဟု စီးပွားရေးပညာရှင်များက သုံးသပ်ထားကြောင်း ဖော်ပြထားပါသည်။
သုံးသပ်တင်ပြချက်
ဂျပန်နိုင်ငံအနေဖြင့် ကမ္ဘာ့စီးပွားရေးအင်အားကြီးမားသည့် နိုင်ငံများအနက် Negative Interest Rate သတ်မှတ်ထားသည့် တစ်ခုတည်းသောနိုင်ငံဖြစ်ပြီး နိုင်ငံ့ငွေကြေးတည်ငြိမ်မှုရှိစေရေးအတွက် ဖြေလျှော့သည့်ငွေကြေးမူဝါဒ(Monetary Policy)ဖြင့် ထိန်းညှိဆောင်ရွက်ခဲ့ပါသည်။ ဂျပန်အစိုးရအနေဖြင့် အခြေခံလစာတိုးမြှင့်မှုနှုန်းထားများအား ငွေကြေး ဖောင်းပွမှုနှုန်းနှင့်အညီ တိုးမြှင့်ပေးနိုင်ရေး စီးပွားရေးလုပ်ငန်းများအား တွန်းအားပေးဆောင်ရွက်လျက်ရှိသည်ကို တွေ့ရှိရပါသည်။ ယခုအခါ လုပ်ခလစာများတိုးမြှင့်ရန်အတွက် လုပ်ခလစာဆိုင်ရာ ညှိနှိုင်းအစည်းအဝေးတွင် သဘောတူညီမှုရရှိပြီးဖြစ်သကဲ့သို့ ဂျပန်နိုင်ငံ၏ငွေကြေးဖောင်းပွမှုနှုန်းသည်လည်း သတ်မှတ်နှုန်းထားဖြစ်သည့် ၂ ရာခိုင်နှုန်းနီးပါးကို ပြန်လည်ရောက်ရှိခဲ့သည့်အတွက် ဂျပန်ဗဟိုဘဏ်အနေဖြင့် Negative Interest Rate Policy ကို အဆုံးသတ်ခဲ့ခြင်းဖြစ်ကြောင်း သုံးသပ်ရပါသည်။
Source: The Nikkei Asia(၁၉-၃-၂၀၂၄)
(သူဇာဖြိုး၊ စီးပွားရေးသံမှူး၊ တိုကျိုမြို့)