India (Delhi)

အိန္ဒိယအစိုးရမှ ပဲစဉ်းငုံအား ဈေးကွက်ပေါက်ဈေးအတိုင်းဝယ်ယူနေသော်လည်း ရောင်းချသူ နည်းပါးလျက်ရှိ

Last Updated:

ပဲစင်းငုံအရန်သိုလှောင်မှုများ ပြန်လည်ဖြည့်တင်းရန်အတွက် ဗဟိုအစိုးရက ဈေးကွက်ပေါက်ဈေးဖြင့် ဝယ်ယူရေးကြိုးပမ်းဆောင်ရွက်ချက်ကြောင့် ဈေးကွက်အတွင်း ဈေးနှုန်းမြင့်တက်ခဲ့သော်လည်း မျှော်မှန်းထားသကဲ့သို့ တောင်သူများက ရောင်းချမှုမရှိသည်ကို တွေ့ရှိရသည်ဟု ကုန်သည်လုပ်ငန်းရှင်များက ပြောကြားထားသည်။

အခြေခံတောင်သူလယ်သမားများက ပဲစဉ်းငုံအား ပုဂ္ဂလိကကုန်သည်များသို့ ရောင်းချနေသည်ကို တွေ့ရှိရသော်လည်း တောင်သူကြီးများက ရာသီသစ်သီးနှံအထွက်နှုန်းကျဆင်းမှုကြောင့် ပဲစဉ်းငုံဈေးနှုန်း ဆက်လက်ခိုင်မာဈေးကောင်းရရှိမည်ဟု မျှော်လင့်သောကြောင့် ရောင်းချခြင်းမပြုဘဲ ကိုင်ထားကြကြောင်း ကုန်သည်များက ပြောကြားထားသည်။

ပဲစင်းငုံဝယ်ယူရန် ဗဟိုအစိုးရ၏အေဂျင်စီတစ်ခုဖြစ်သည့် အိန္ဒိယနိုင်ငံအမျိုးသားစိုက်ပျိုးရေးသမဝါယမစျေးကွက်ရှာဖွေရေးအဖွဲ့ချုပ်(Nafed)သည် မဟာရက်ရှ်ထရာနှင့် ကာနာတာကာပြည်နယ်တို့တွင် ဝယ်ယူရေးစင်တာများဖွင့်လှစ်၍ ပုဂ္ဂလိကကုန်သည်များနှင့် ယှဉ်ပြိုင်ဝယ်ယူရန် ဈေးကွက်အတွင်းသို့ ပထမဆုံးအကြိမ်ဝင်ရောက်လာကြောင်း၊ သို့ရာတွင် ကုန်သွယ်မှုသတင်းရင်းမြစ်များအရ Nafed သည် ယခင်အပတ်အထိ ပဲစင်းငုံမက်ထရစ်တန် ၂၀၀၀ ခန့်သာ ဝယ်ယူရရှိခဲ့ကြောင်း သိရှိရသည်။

ပဲစဉ်းငုံအား အစိုးရသို့ရောင်းချရာတွင် အစိုးရကကျင့်သုံးသည့် စျေးနှုန်းဖော်မြူလာမှာ ယခင်သုံးရက်၏ ပျမ်းမျှစျေးနှုန်းကိုအသုံးပြုထားခြင်းနှင့် တင်းကျပ်သောအရည်အသွေးစံနှုန်းများ၊ လုပ်ထုံးလုပ်နည်းများသည် တောင်သူများ၏ အစိုးရထံသို့ ပဲစဉ်းငုံရောင်းချရန် စိတ်ဝင်စားမှုနည်းပါးသည့် အကြောင်းအရင်းတစ်ရပ်ဖြစ်ကြောင်း၊ အစိုးရ၏ဈေးနှုန်းသတ်မှတ်ချက်မှာ စျေးကွက်ပေါက်ဈေးထက် ၃ ရူပီးမှ ၄ ရူပီးအထိ လျော့နည်းသောကြောင့် တောင်သူများက အစိုးရအေဂျင်စီထက် ပုဂ္ဂလိကကုန်သည်များကိုသာ ပဲစင်းငုံရောင်းချရန်ရွေးချယ်ကြကြောင်း မဟာရက်ရှ်ထရာပြည်နယ်ရှိ ပဲကြိတ်ခွဲစက်လုပ်ငန်းရှင်တစ်ဦးဖြစ်သူ Rupesh Rathi က ပြောကြားထားသည်။

လက်ရှိတွင် ပဲစင်းငုံစျေးနှုန်းများသည် လက်ကားဈေးကွက်တွင် ၁ ကီလိုလျှင် ၁၀၀ ရူပီးခန့်ရှိပြီး အစိုးရ၏အနိမ့်ဆုံးပံ့ပိုးစျေးနှုန်း ၁ ကီလိုလျှင် ၇၀ ရူပီးထက် ၄၀ ရာခိုင်နှုန်းခန့်ပိုမိုကြောင်း၊ ပဲစင်းငုံကြိတ်ခွဲစက်များတွင် ကြိတ်ခွဲပြီးဖြစ်သည့် ပဲစဉ်းငုံ(ခွဲခြမ်း)ဈေးနှုန်းမှာ စက်ရုံပေါက်ဈေးအနေဖြင့် ၁ ကီလိုဂရမ်လျှင် ရူပီး ၁၄၀-၁၄၅ ဝန်းကျင်ရှိပြီး လက်လီဈေးကွက်တွင် ၁ ကီလိုဂရမ်လျှင် ၁၈၀ ရူပီးနှင့်အထက်ရှိကြောင်း သိရှိရသည်။

အစိုးရသည် ပဲစင်းငုံဝယ်ယူရေးအတွက် ရုန်းကန်နေရသော်လည်း စျေးကွက်တွင် ၎င်းတို့ဝင်ရောက်လာမှုကြောင့် ပဲစဉ်းငုံဈေးနှုန်းသည် ပြီးခဲ့သည့်နှစ်လအတွင်း ၁၅ ရာခိုင်နှုန်းခန့် တိုးလာကြောင်းနှင့် ယင်းကြောင့် ဈေးကွက်အတွင်းပဲစဉ်းငုံဈေးနှုန်းမှာလည်း ကျဆင်းရန်အလားအလာ မမြင်သေးကြောင်း အိန္ဒိယနိုင်ငံလုံးဆိုင်ရာ ပဲ၊ ကြိတ်ခွဲစက်လုပ်ငန်းရှင်များအသင်း၏ ဥက္ကဋ္ဌ Suresh Agarwal က ပြောကြားခဲ့သည်။

သို့ဖြစ်ပါ၍ အိန္ဒိယနိုင်ငံအတွင်း ပဲစဉ်းငုံဈေးကွက်အခြေအနေအား သိရှိနိုင်ရေး တင်ပြလိုက်ရပါသည်။

Source: Not many takers for govt drive to procure tur dal at market rates, The Economic Times, 7 February 2024.

(မျိုးမြင့်မောင်၊ စီးပွားရေးသံမှူး၊ နယူးဒေလီမြို့)

Category: India (Delhi)