India (Delhi)

အိန္ဒိယသည် အရှေ့အလယ်ပိုင်းဒေသအား အခြေပြု၍ ကုန်သွယ်မှုမြှင့်တင်ရေး ကြိုးပမ်းဆောင်ရွက်လျက်ရှိ

Last Updated:

ဝန်ကြီးချုပ် နာရင်ဒြာမိုဒီသည် ၎င်း၏ UAE ခရီးစဉ်တွင် အိန္ဒိယနိုင်ငံ၏ ပြည်ပကုန်သွယ်မှုကို မြှင့်တင်ရန်အတွက် ဂိုဒေါင်သိုလှောင်ရုံ(Warehouse facility)ဖြစ်သည့် Bharat Mart ကို ဖွင့်လှစ်ပေးခဲ့ကြောင်း၊ ယင်းဖွင့်ပွဲအခမ်းအနားသို့ UAE ဒုတိယသမ္မတနှင့် ၀န်ကြီးချုပ် Sheikh Mohammed bin Rashid Al Maktoum လည်း တက်ရောက်ခဲ့ကြောင်း သိရှိရသည်။

Bharat Mart သည် အာရပ်စော်ဘွားများပြည်ထောင်စုတွင် တည်ထောင်ထားသည့် အိန္ဒိယ၏ ဂိုဒေါင်သိုလှောင်ရုံဖြစ်ပြီး အိန္ဒိယပို့ကုန်များနှင့် ၎င်းတို့၏ထုတ်ကုန်များကို တစ်မိုးတည်းအောက်တွင် ပြသနိုင်ရန်ဆောင်ရွက်ထားခြင်းဖြစ်ကြောင်းနှင့် တရုတ်၏ Dragon Mart နှင့်ဆင်တူကြောင်းသိရှိရပြီး အဆိုပါသိုလှောင်ရုံသည် 2025 ခုနှစ်တွင် စတင်လည်ပတ်နိုင်ဖွယ်ရှိကြောင်း၊ စက်ရုံသည် စတုရန်းမီတာ ၁ သိန်းကျော်ကျယ်ဝန်းမည်ဖြစ်ပြီး ဂိုဒေါင်သိုလှောင်ရုံများ၊ လက်လီအရောင်းဆိုင်များနှင့် တည်းခိုနေထိုင်ရေးအဆောက်အုံများပါဝင်ကြောင်း သိရှိရသည်။

Bharat Mart သည် အိန္ဒိယနှင့် အခြားနိုင်ငံများကြား ကုန်စည်ပို့ဆောင်မှုအချိန်နှင့် ကုန်ကျစရိတ်ကို လျှော့ချနိုင်လိမ့်မည်ဖြစ်ကြောင်းနှင့် အိန္ဒိယကုမ္ပဏီများ၏လုပ်ငန်းလည်ပတ်မှုများကို အာဖရိကနှင့် ဥရောပကဲ့သို့တိုက်ကြီးများနှင့် အမေရိကန်ပြည်ထောင်စုသို့ ချဲ့ထွင်ဆောင်ရွက်ခြင်းများကို အကူအညီဖြစ်စေမည်ဖြစ်ကြောင်း ကျွမ်းကျင်သူများက ပြောကြားလျက်ရှိသည်။

အိန္ဒိယ-ယူအေအီးဆက်ဆံရေး

ပြည်ပရေးရာဝန်ကြီးဌာန၊ အတွင်းဝန် Vinay Kwatra က အိန္ဒိယနှင့် ယူအေအီးကြား ကုန်သွယ်မှုသည် မကြာသေးမီနှစ်များအတွင်း မြင့်တက်လာခဲ့ပြီး ယူအေအီးနှင့်၎င်းတို့၏ ပူးပေါင်းဆောင်ရွက်မှုသည် အိန္ဒိယတွင် အပြည့်စုံဆုံးသော မိတ်ဖက်ဆက်ဆံရေးတစ်ခုဖြစ်ကြောင်း၊ အိန္ဒိယ-အရှေ့အလယ်ပိုင်း-ဥရောပစီးပွားရေးစင်္ကြံ(IMEC)ကို အိန္ဒိယ၏ G 20 ဥက္ကဋ္ဌတာဝန်ယူဆောင်ရွက်စဉ် 2023 ခုနှစ်က ကြေညာခဲ့ပြီးဖြစ်ကြောင်း၊  IMEC သည် အိန္ဒိယ၊ ယူအေအီး၊ ဆော်ဒီ အာရေဗျ၊ ဂျော်ဒန်၊ အစ္စရေးနှင့် ဥရောပတို့ကို ချိတ်ဆက်မည်ဖြစ်ကြောင်း ပြောကြားထားသည်။

ဝန်ကြီးချုပ်မိုဒီ၏ UAE ခရီးစဉ်နှင့်ပတ်သက်သည့် အထူးအကျဉ်းချုပ်ပြောကြားစဉ် Kwatra က အိန္ဒိယနှင့် ယူအေအီးတို့ကြား နားလည်မှုစာချွန်လွှာ ၁၀ ခုကို ခရီးစဉ်ကာလအတွင်း လက်မှတ်ရေးထိုးခဲ့ကြောင်း၊ အဆိုပါနားလည်မှုစာချွန်လွှာ(၁၀)ခုတွင် လျှပ်စစ်ဓာတ်အားချိတ်ဆက်မှုနှင့် ကုန်သွယ်မှုကဏ္ဍစာချွန်လွှာပါဝင်ပါကြောင်း၊ ယင်းအထူးနားလည်မှုစာချွန်လွှာ၏ရည်ရွယ်ချက်မှာ အိန္ဒိယ-ယူအေအီးမိတ်ဖက်ဆက်ဆံရေးတွင် စွမ်းအင်လုံခြုံရေးနှင့် စွမ်းအင်ကုန်သွယ်မှုဆိုင်ရာ အရေးကြီးသောနယ်ပယ်နှစ်ခုတွင် အိန္ဒိယ-ယူအေအီးပူးပေါင်းဆောင်ရွက်မှုကို အားကောင်းစေရန်ဖြစ်ကြောင်း ပြောကြားခဲ့သည်။

2022 ခုနှစ်တွင် အိန္ဒိယနှင့် UAE တို့သည် နှစ်နိုင်ငံကုန်သွယ်မှုကို ဒေါ်လာ 100 ဘီလီယံအထိ တိုးမြှင့်ရန်ရည်ရွယ်ချက်ဖြင့် လွတ်လပ်သောကုန်သွယ်မှုသဘောတူညီချက်ကို လက်မှတ်ရေးထိုးခဲ့ပြီး ယင်းသဘောတူညီချက်၏တစ်စိတ်တစ်ပိုင်းအနေဖြင့် ကုန်သွယ်မှုဆိုင်ရာငွေပေးချေမှုများတွင် ဒေါ်လာအစား ရူပီးငွေဖြင့် ပေးချေမှုများကိုခွင့်ပြုခဲ့ပြီး အရောင်း အဝယ်ကုန်ကျစရိတ်များကို လျှော့ချနိုင်ခဲ့ကြောင်း သိရှိရသည်။

သို့ဖြစ်ပါ၍ အိန္ဒိယနိုင်ငံသည် စွမ်းအင်လုံခြုံမှုရှိစေရေးနှင့် အရှေ့အလယ်ပိုင်းဒေသကို အခြေပြု၍ ဥရောပ၊ အာဖရိကနှင့် ဥရောပနိုင်ငံတို့နှင့် ကုန်သွယ်မှုမြှင့်တင်နိုင်ရေး ကြိုးပမ်းဆောင်ရွက်လျက်ရှိမှုအခြေအနေကို သိရှိနိုင်ရေး တင်ပြလိုက်ရပါသည်။

Source: Bharat Mart: All you need to know about India’s big Middle Eastern trade push, The Economic Times, February 14, 2024.

(မျိုးမြင့်မောင်၊ စီးပွားရေးသံမှူး၊ နယူးဒေလီမြို့)

Category: India (Delhi)