India (Kolkata)

အိန္ဒိယ MSMEs အား ကမ္ဘာနှင့် ရင်ဘောင်တန်းနိုင်ရန် အချိန်နှင့်တစ်ပြေးညီ လုံလောက်သော ဘဏ္ဍာငွေကြေး၊ နည်းပညာနှင့် သင့်လျော်သော လေ့ကျင့်သင်ကြားမှုများ ပံ့ပိုးဆောင်ရွက်ပေးရန်မှာ အစိုးရ၏ ဦးစားပေးမူဝါဒတစ်ရပ်ဟု အိန္ဒိယဘဏ္ဍာရေးဝန်ကြီးပြောကြား

Last Updated:

အိန္ဒိယ အသေးစား၊ အငယ်စားနှင့် အလတ်စားစီးပွားရေးလုပ်ငန်းများ(MSMEs)အား ကမ္ဘာနှင့် ရင်ဘောင်တန်းနိုင်ရန် အချိန်နှင့်တစ်ပြေးညီ လုံလောက်သော ဘဏ္ဍာငွေကြေး၊ နည်းပညာနှင့် သင့်လျော်သော လေ့ကျင့်သင်ကြားမှုများကို ပံ့ပိုးဆောင်ရွက်ပေးရန်မှာ အစိုးရ၏ ဦးစားပေးမူဝါဒတစ်ရပ်ဖြစ်ပါကြောင်း အိန္ဒိယဘဏ္ဍာရေးဝန်ကြီးဌာန ဝန်ကြီး Nirmala Sitharaman မှ ယခုလ ၁ ရက်နေ့က ကျင်းပပြုလုပ်သော (၆)ကြိမ်မြောက် ရသုံးမှန်းခြေငွေစာရင်းအစည်းအဝေးတွင် ထုတ်ဖေါ်ပြောကြားခဲ့သည်။

သို့သော် အငယ်စားစီးပွားရေးလုပ်ငန်းများအတွက် ချေးငွေရရှိမှု၊ နည်းပညာမွေးစားရယူခြင်း သို့မဟုတ် အခွန်(GST)တို့နှင့်ပတ်သက်သော မည်သည့်ထုတ်ပြန်ကြေညာချက်အသစ်ကိုမျှ ထည့်သွင်းပြောကြားသွားခြင်းမရှိဟု Financial Express သတင်းဌာနက ဖော်ပြထားသည်။

MSMEs များကို အဆင်ပြေချောမွေ့စေမည့် စည်းမျဉ်းဥပဒေပတ်ဝန်းကျင်တစ်ခုရရှိရေးသည် အစိုးရမှ ကျင့်သုံးဆောင်ရွက်လျက်ရှိသည့် မူဝါဒအစုအပေါင်း (Policy mix) ၏ အရေးကြီးသော အခြေခံမူတစ်ရပ်ဖြစ်ကြောင်း ၎င်းက ဖြည့်စွက်ပြောကြားခဲ့သည်။

MSME များသည် အလုပ်အကိုင်အခွင့်အလမ်းများစွာကို ဖန်တီးပေးနိုင်သည့်အတွက် လွန်စွာအရေးပါကြောင်း၊ ၎င်းတို့၏အခန်းကဏ္ဍကို အသိအမှတ်ပြုပြီး၊ စိမ်းလန်းသော စီးပွားရေးအဆောက်အအုံတစ်ခုဖြစ်လာရန် အလေ့အကျင့်ကောင်းများ ပြုစုပျိုးထောင်ပေးရန်နှင့် ကမ္ဘာနှင့်ရင်ဘောင်တန်းနိုင်ရန်အတွက် ၎င်းတို့၏လိုအပ်ချက်ကို ထည့်သွင်းစဉ်းစားပေးသည့်မူဝါဒပတ်ဝန်းကျင်ကောင်းတစ်ခုအား အရေးတကြီးလိုအပ်လျက်ရှိသည်ဟု Primus Partners တွဲဖက်တည်ထောင်သူနှင့် အုပ်ချုပ်မှုဒါရိုက်တာ Kanishk Maheshwari က ပြောကြားခဲ့သည်။

နိုင်ငံ၏ စီးပွားရေးတိုးတက်ရန်၊ အလုပ်အကိုင်နှင့် ဖွံ့ဖြိုးမှုကို အားပေးမြှင့်တင်ရန်အတွက် သုတေသနနှင့် ဖွံ့ဖြိုးရေးလုပ်ငန်းများတွင် အသုံးပြုနိုင်မည့် နှစ်(၅၀)အတိုးမဲ့ချေးငွေ ရန်ပုံငွေတစ်ရပ်ကို ထူထောင်သွားမည့်အကြောင်း ဝန်ကြီး Sitharaman ပြောကြားခဲ့သည်။ အဆိုပါနှစ်ရှည်ချေးငွေရန်ပုံငွေသည် ပုဂ္ဂလိကကဏ္ဍအတွက် သုတေသနနှင့် ဖွံ့ဖြိုးရေးလုပ်ငန်းများ၊  ဆန်းသစ်တီထွင်မှုများကို အားပေးမြှင့်တင်ရန်ဖြစ်ပြီး၊ အတိုးနှုန်းသက်သာသော သို့မဟုတ် အတိုးမဲ့ကာလရှည်ချေးငွေများကို ဖန်တီးပေးရန်ဖြစ်ကြောင်း ၎င်းက ပြောကြားခဲ့သည်။

အစိုးရ၏အဆိုပါရန်ပုံငွေကြောင့် အိန္ဒိယ SMEs/ MSMEs နှင့် ထွန်းသစ်စလုပ်ငန်းများအပါအဝင် စက်မှုလက်မှုကဏ္ဍတစ်ခုလုံးရှိ လုပ်ငန်းများအနေဖြင့် ထုတ်လုပ်မှုအရည်အသွေးများတိုးတက်ကောင်းမွန်ကာ အပြန်အလှန်အားဖြင့် ပို့ကုန်များကို ပိုမိုတိုးတက်ကောင်းမွန်လာစေမည်ဖြစ်ကြောင်း JSA Advocates and Solicitors ၏ စီးပွားရေးအတိုင်ပင်ခံ Nitin Potdar က ပြောကြားခဲ့သည်။

အိန္ဒိယအစိုးရအနေဖြင့် လာမည့်ဘဏ္ဍာနှစ်၏ ဘတ်ဂျက်(ရသုံးမှန်းခြေစာရင်း)တွင် ငွေလုံးငွေရင်းအသုံးစရိတ်ကို ရူပီး ၁၁ ဒသမ ၁ ထရီလီယံအထိ တိုးမြှင့်သုံးစွဲသွားမည့်အပေါ် နိုင်ငံ၏ဈေးကွက်များအပေါ် အကျိုးသက်ရောက်မှုသိသိသာသာဖြစ်ပေါ်လာပြီး၊ အထူးသဖြင့် ကုန်သည်များကို အကျိုးကျေးဇူးရှိစေလိမ့်မည်ဟု အိန္ဒိယနိုင်ငံလုံးဆိုင်ရာ ကုန်သည်အဖွဲ့ချုပ်(Confederation of All India Traders-CAIT) က ပြောကြားခဲ့သည်။

အဆိုပါငွေလုံးငွေရင်းအသုံးစရိတ်တိုးအား မြှင့်လိုက်ခြင်းကြောင့် စီးပွားရေးအခွင့်အလမ်းများကို တိုးမြင့်လာစေမည့် စီမံကိန်းများစွာကို အရှိန်အဟုန်မြှင့်တင်ပေးမည်ဖြစ်ကာ အလုပ်အကိုင်အခွင့်အလမ်းများစွာကို ဖန်တီးပေးနိုင်လိမ့်မည်ဟု CAIT ၏ အမျိုးသားရေးဆိုင်ရာ ဥက္ကဌ B.C. Bhartia နှင့် အတွင်းရေးမှူးချုပ် Praveen Khandelwal တို့က ပြောကြားခဲ့သည်။

သုံးသပ်တင်ပြချက်

အိန္ဒိယနိုင်ငံ၏ လာမည့်ဘဏ္ဍာနှစ် ဘတ်ဂျက်တွင် ငွေလုံးငွေရင်းအသုံးစရိတ်အား ရူပီး ၁၁ ဒသမ ၁ ထရီလီယံအထိ တိုးမြှင့်သုံးစွဲသွားမည်ဖြစ်ပြီး၊ သုတေသနနှင့် ဖွံ့ဖြိုးရေးလုပ်ငန်းများတွင် အသုံးပြုနိုင်မည့် နှစ် (၅၀) အတိုးမဲ့ သို့မဟုတ် အတိုးနှုန်းသက်သာသော ချေးငွေရန်ပုံငွေတစ်ရပ်ကို ထူထောင်သွားမည့်အကြောင်း သိရှိရပါသည်။ သို့သော် MSMEs များအတွက် သီးခြားရည်ရွယ်သော အစီအစဉ်များ မပါရှိသည်ကို တွေ့ရပါသည်။

သို့သော်လည်း သွယ်ဝိုက်အားသောဖြင့် ထုတ်ကုန်ပစ္စည်းများအရည်အသွေးတိုးတက်ကောင်းမွန်လာကာ MSME ကုန်သည်လုပ်ငန်းရှင်များကို ယှဉ်ပြိုင်နိုင်စွမ်းပိုမိုရရှိစေပြီး၊ ပို့ကုန်များတိုးတက်တင်ပို့လာနိုင်စေပါသည်။ ယင်းမှတစ်ဆင့် အလုပ်အကိုင်ဖန်တီးမှုများစွာကို ပြုလုပ်နိုင်လိမ့်မည်ဟု ကုန်သည်အသင်းအဖွဲ့နှင့် ကျွမ်းကျင်သူတို့၏ ခန့်မှန်းချက်များကို သိရှိနိုင်ရေး တင်ပြလိုက်ရပါသည်။

ရည်ညွှန်းချက်။         Financial Express သတင်းဌာန၊ “Budget 2024: Timely finance, tech, training for MSMEs important policy priority for govt, says”၊ ၂၀၂၄ ခုနှစ်၊ ဖေဖော်ဝါရီလ ၁ ရက်။

(ကောင်းထွဋ်အောင်၊  စီးပွားရေးသံမှူး၊  ကော်လ်ကတ္တားမြို့)

Category: India (Kolkata)