Japan

ဂျပန်အစိုးရအနေဖြင့် နိုင်ငံ့လုံခြုံရေးအတွက် အရေးပါသည့် ရင်းနှီးမြှုပ်နှံမှုလုပ်ငန်းကဏ္ဍ ၉ ခုကို ကန့်သတ်သည့် စာရင်းတွင် ဖြည့်စွက်ထည့်သွင်းသွားမည်

Last Updated:

ဂျပန်အစိုးရအနေဖြင့် တစ်ပိုင်းလျှပ်ကူးပစ္စည်း(Semiconductor)နှင့် စွမ်းအင်သိုလှောင်နိုင်သည့်ဘက်ထရီ(Storage Battery)များအပါအဝင် နိုင်ငံအတွက်အရေးပါသည့် ရင်းနှီးမြှုပ်နှံမှုကဏ္ဍ ၉ ခုကို မေလ ၂၄ ရက်နေ့မှစတင်၍ ကန့်သတ်မှုများပြုလုပ်သွားမည်ဖြစ်ကြောင်း ၂၀၂၃ ခုနှစ် ဧပြီလ ၂၄ ရက်နေ့တွင် ထုတ်ပြန်ထားပါသည်။

          နိုင်ငံခြားသားရင်းနှီးမြှုပ်နှံသူများအနေဖြင့် အဆိုပါရင်းနှီးမြှုပ်နှံမှုလုပ်ငန်းကဏ္ဍ ၉ ခု တွင် ရင်းနှီးမြှုပ်နှံမှုပြုလုပ်ရန်အတွက် အစုရှယ်ယာ ၁ ရာခိုင်နှုန်းနှင့်အထက် ဝယ်ယူမည်ဆိုပါက ပြည်ပလွှဲပြောင်းမှုဆိုင်ရာဥပဒေအရ ကနဦးစိစစ်မှုများ ပြုလုပ်နိုင်ရန် ဂျပန်အစိုးရထံသို့ မဖြစ်မနေအစီရင်ခံတင်ပြရမည်ဖြစ်ကြောင်း ဖော်ပြထားပါသည်။

          တရုတ်နိုင်ငံ၏ လွှမ်းမိုးမှုမြင့်တက်လာသည်နှင့်အမျှ ဂျပန်နိုင်ငံအနေဖြင့် နိုင်ငံအတွက်အရေးပါသည့် လုပ်ငန်းကဏ္ဍများတွင် ထောက်ပံ့ဖြည့်ဆည်းမှုလုံခြုံခိုင်မာစေရန်အတွက် ဆောင်ရွက်လာခြင်းဖြစ်ကြောင်း ဖော်ပြထားပါသည်။

          အစိုးရမှ ထပ်မံထည့်သွင်းသွားမည့်စာရင်းတွင် စက်နှင့်စက်ပစ္စည်းထုတ်လုပ်သည့် စက်ရုပ်များ၊ ဓာတ်မြေဩဇာများ၊ Permanent Magnet များ၊ Metal 3-D printers နှင့် Marine Equipment များပါဝင်မည် ဖြစ်ကြောင်း ဖော်ပြထားပါသည်။

          စီးပွားရေးလုံခြုံမှုမြှင့်တင်နိုင်ရေးဥပဒေပါ ပြဌာန်းချက်တွင် အစိုးရက သတ်မှတ်ထားသည့် အရေးပါသောကဏ္ဍများတွင် ရင်းနှီးမြှုပ်နှံမှုပြုလုပ်မည်ဆိုပါက ထောက်ပံ့ဖြည့်ဆည်းမှုအခြေအနေ တည်ငြိမ်စေရေးအတွက် အစိုးရအနေဖြင့် ဘဏ္ဍာရေးဆိုင်ရာပံ့ပိုးမှုများ ဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်း ဖော်ပြထားပါသည်။

          အစိုးရ၏ ထုတ်ပြန်ချက်အရ ရင်းနှီးမြှုပ်နှံမှုလုပ်ငန်းကဏ္ဍ ၉ ခုအပါအဝင် နိုင်ငံအတွက်အရေးပါသည့် လုပ်ငန်းကဏ္ဍများအဖြစ် သတ်မှတ်ထားသည့်ကဏ္ဍများတွင် ရင်းနှီးမြှုပ်နှံမှုပြုလုပ်မည်ဆိုပါက အစိုးရထံ တင်ပြအတည်ပြုစိစစ်ချက် ရယူရမည်ဖြစ်ပါသည်။

Source : Mainichi Japan (24-4-2023)

(စီးပွားရေးသံမှူး၊ တိုကျိုမြို့)

Category: Japan