Japan

ဂျပန်နိုင်ငံတွင် ကိုဗစ်-၁၉ ဆိုင်ရာ ကန့်သတ်ချက်များကို မေလတွင် ဖြေလျှော့ပေးသွားမည်ဖြစ်၍ ခရီးသွားဧည့်သည်များ လာရောက်မှုပြန်လည်မြင့်တက်နိုင်

Last Updated:

ဂျပန်နိုင်ငံတွင် မေလ ၈ ရက်နေ့မှစတင်၍ ကိုဗစ်-၁၉ ကပ်ရောဂါဆိုင်ရာ ကန့် သတ်ချက်များကို ဖြေလျှော့ပေးသွားမည်ဖြစ်၍ ကိုဗစ်-၁၉ မဖြစ်ပွားမီကာလကဲ့သို့ ခရီးသွား ဧည့်သည်များ ပြန်လည်လာရောက်နိုင်ကြောင်း အစိုးရအနေဖြင့် ခန့်မှန်းထားပါသည်။

ဂျပန်နိုင်ငံသို့ ခရီးသွားဧည့်သည်များ လာရောက်ရာတွင် အနည်းဆုံး ကိုဗစ်ရောဂါကာကွယ်ဆေး ၃ ကြိမ်ထိုးပြီးကြောင်း(သို့မဟုတ်)ကိုဗစ်ကပ်ရောဂါကင်းစင်ကြောင်း ခရီးမသွားမီစစ်ဆေးချက် စသည့်အထောက်အထားများကို တင်ပြရန် သတ်မှတ်ခဲ့သော်လည်း ၂၀၂၃ ခုနှစ် မေလ ၈ ရက်နေ့မှစ၍ အဆိုပါကန့်သတ်ချက်များကို ဖြေလျှော့ပေးသွားမည်ဖြစ်ပါသည်။

အစိုးရအနေဖြင့် ခရီးသွားဧည့်သည်များ ဂျပန်နိုင်ငံတွင် သုံးစွဲငွေပမာဏကို ၂၀၂၅ ခုနှစ်တွင် တစ်ဦးလျှင် ယန်း ၂ သိန်း(အမေရိကန်ဒေါ်လာ ၁,၄၉၀)သို့ရောက်ရှိစေရန် ရည်မှန်းဆောင်ရွက်သွားမည်ဖြစ်ကြောင်း ထုတ်ပြန်ထားပါသည်။ အစိုးရအနေဖြင့် အရည်အသွေးရှိသည့် ဝန်ဆောင်မှုများပေးနိုင်ရေး အလေးထားဆောင်ရွက်သွားမည်ဖြစ်ကြောင်း၊ လက်ရှိတွင် ဂျပန်နိုင်ငံ၏ဒေသထွက်အထင်ကရအစားအသောက်များ၏ အနှစ်သာရများကို လေ့လာနိုင်ရန်အတွက် Gastronomy Tourism ကို မြှင့်တင်ဆောင်ရွက်လျက်ရှိပါကြောင်း၊ ၂၀၂၃ ခုနှစ် ပထမ ၃ လအတွင်း ဂျပန်နိုင်ငံသို့ ခရီးသွားဧည့်သည် ၄.၇၉ သန်းလာရောက်ခဲ့ပြီး၊ ကိုဗစ်-၁၉ ကပ်ရောဂါမတိုင်မီကာလတွင် လာရောက်ခဲ့သော ခရီးသွားဧည့်သည်အရေအတွက်၏ ၆၀ ရာခိုင်နှုန်း ရှိပါကြောင်း၊ အများဆုံးလာရောက်ခဲ့သည့် နိုင်ငံ/ဒေသများမှာ ကိုရီးယားသမ္မတနိုင်ငံ၊ ထိုင်း၊ ဟောင်ကောင်၊ အမေရိကန်နိုင်ငံနှင့် ထိုင်ဝမ်တို့ဖြစ်ပါကြောင်း ဖော်ပြထားပါသည်။

 ၂၀၂၃ ခုနှစ် ပထမ ၃ လအတွင်း လာရောက်ခဲ့သည့် ဧည့်သည်များမှာ ပျမ်းမျှအားဖြင့် တစ်ဦးလျှင် ယန်း ၂၁၂,၀၀၀ သုံးစွဲခဲ့ပါကြောင်း၊ ပြည်ပမှ လာရောက်ခဲ့သည့် ဧည့်သည်များ၏ သုံးစွဲမှုပမာဏမှာ ပျမ်းမျှအားဖြင့် ယန်း ၁၈၆,၀၀၀ ရှိပါကြောင်း၊ အကယ်၍  ၂၀၁၉ ခုနှစ်ကကဲ့သို့ ဧည့်သည် ၃၁.၈၈ သန်း ဝင်ရောက်ပြီး တစ်ဦးလျှင် ဂျပန်ယန်း ၂ သိန်းသုံးစွဲမည်ဆိုပါက ဂျပန်နိုင်ငံ၏ စုစုပေါင်းပြည်တွင်းထုတ်လုပ်မှုနှင့် ဝန်ဆောင်မှုတန်ဖိုး (GDP) ကို ၁.၂ ရာခိုင်နှုန်းတိုးတက်စေမည်ဖြစ်ကြောင်း ဖော်ပြထားပါသည်။

Source : The Japan Times (24-4-2023)

(စီးပွားရေးသံမှူး၊ တိုကျိုမြို့)

Category: Japan