Japan

ဂျပန်နိုင်ငံအနေဖြင့် ၂၀၃၀ ပြည့်နှစ်တွင် နိုင်ငံခြားတိုက်ရိုက်ရင်းနှီးမြှုပ်နှံမှုကို အမေရိကန်ဒေါ်လာ ၇၄၉ ဘီလီယံ ရရှိရန် မျှော်မှန်းဆောင်ရွက်သွားမည်

Last Updated:

ဂျပန်နိုင်ငံ၏ စီးပွားရေးဖွံ့ဖြိုးတိုးတက်မှုကို မြှင့်တင်နိုင်ရန်အတွက် ဂျပန်အစိုးရအနေဖြင့် ၂၀၃၀ ပြည့်နှစ်တွင် နိုင်ငံခြားတိုက်ရိုက်ရင်းနှီးမြှုပ်နှံမှုပမာဏကို ဂျပန်ယန်း ၁၀၀ ထရီလီယံ(အမေရိကန်ဒေါ်လာ ၇၄၉ ဘီလီယံ) ရရှိရန် ဆောင်ရွက်သွားမည်ဖြစ်ကြောင်း ပြောကြားထားပါသည်။

          ထိုသို့အစိုးရ၏ ရည်မှန်းချက်ပြည့်မီစေရန် စီမံချက်အသစ်ရေးဆွဲချမှတ်ဆောင်ရွက်သွားမည်ဖြစ်ပြီး အစိုးရ၏ ရည်မှန်းချက်အရ လက်ရှိနိုင်ငံခြားရင်းနှီးမြှုပ်နှံမှုပမာဏကို နှစ်ဆမြှင့်တင်သွားမည်ဖြစ်ပါသည်။ ဂျပန်နိုင်ငံ၏ နိုင်ငံခြားတိုက်ရိုက်ရင်းနှီးမြှုပ်နှံမှုပမာဏမှာ ၂၀၂၂ ခုနှစ် နှစ်ကုန်တွင် ယန်း ၄၆.၆ ထရီလီယံ(အမေရိကန်ဒေါ်လာ ၃၄၉ ဘီလီယံ) ရှိခဲ့ကြောင်း ဖော်ပြထားပါသည်။

          ဂျပန်နိုင်ငံအစိုးရအနေဖြင့် ဂျပန်နိုင်ငံကို သုတေသနနှင့်ထုတ်လုပ်မှုဗဟိုဌာနဖြစ်စေရေး ရည်မှန်းဆောင်ရွက်လျက်ရှိပါကြောင်း၊ လက်ရှိအချိန်တွင် ဂျပန်နိုင်ငံ၏ ယန်းငွေတန်ဖိုးကျဆင်းနေမှုကြောင့် ဂျပန်နိုင်ငံတွင် လုပ်ငန်းများရင်းနှီးမြှုပ်နှံဆောင်ရွက်ရာ၌ ယခင်ကထက် ကုန်ကျစရိတ်သက်သာစေမည်ဖြစ်သဖြင့် ပြည်ပမှလာရောက်ရင်းနှီးမြှုပ်နှံသူများကို ဆွဲဆောင်နိုင်မည်ဖြစ်ကြောင်း ဖော်ပြထားပါသည်။

          အစိုးရမှ ရေးဆွဲမည့်စီမံချက်အသစ်တွင် နိုင်ငံအတွက် မဟာဗျူဟာကျသည့် ရင်းနှီးမြှုပ်နှံမှုများဖြစ်သည့် တစ်ပိုင်းလျှပ်ကူးပစ္စည်း(Semiconductors)၊ ဒစ်ဂျစ်တယ်နည်းပညာ၊ ပြန်လည်ပြည့်ဖြိုးမြဲစွမ်းအင်ထုတ်လုပ်သည့် နည်းပညာများနှင့် ကျန်းမာရေးစောင့်ရှောက်မှု စသည့်ကဏ္ဍများတွင် ရင်းနှီးမြှုပ်နှံမှုများဆွဲဆောင်ရန် ဆောင်ရွက်သွားမည်ဖြစ်ပြီး လူ့စွမ်းအားအရင်းအမြစ်ဖွံ့ဖြိုးတိုးတက်စေရန်အတွက် အစိုးရ၊ ပုဂ္ဂလိကနှင့်ပညာရှင်များအကြား ပူးပေါင်းဆောင်ရွက်မှုများ ပြုလုပ်သွားမည်ဖြစ်ကြောင်း ဖော်ပြထားပါသည်။

          ဂျပန်နိုင်ငံတွင် လုပ်သားရှားပါးမှုကို ကြုံတွေ့နေရပြီး လုပ်သားအင်အား နည်းပါးလာသည့်အတွက် စီမံချက်အသစ်တွင် ပြည်ပမှကျွမ်းကျင်ပညာရှင်များကို ပိုမိုဆွဲဆောင်နိုင်ရေး၊ Digital Nomads ဟုခေါ်သည့် နေရာဒေသမရွေးတွင် နည်းပညာအသုံးပြု၍ အလုပ်လုပ်နိုင်သူများကို ဆွဲဆောင်နိုင်မည့်အစီအစဉ်များပါဝင်ကြောင်း ဖော်ပြထားပါသည်။

Source : Big News Network (26-4-2023)

(စီးပွားရေးသံမှူး၊ တိုကျိုမြို့)

 

 

Category: Japan