Japan

ဘဏ်တွင်အပ်နှံခြင်းအစား ရင်းနှီးမြှုပ်နှံမှုများ ပိုမိုဆောင်ရွက်ရန် ဂျပန်အစိုးရမှ တွန်းအားပေးဆောင်ရွက်သွားမည်

Last Updated:

ဂျပန်စတော့အိတ်ချိန်းဈေးကွက်တွင် ၂၀၁၄ ခုနှစ်၌ အချိန်ကာလအကန့်အသတ်ဖြင့် စတင်မိတ်ဆက်ခဲ့သည့် အခွန်ကင်းလွတ်ခွင့်ပြုမည့်အစီအစဉ်ပါဝင်သော Nippon Individual Savings Account (NISA) ကို ပြန်လည်ပြင်ဆင်ကာ ၂၀၂၄ ခုနှစ် ဇန်နဝါရီလတွင် အပြည့်အဝစတင်ဖော်ဆောင်ခြင်းဖြင့် ရင်းနှီးမြှုပ်နှံမှုအသစ်များ ဖိတ်ခေါ်သွားမည်ဖြစ်ကြောင်း ဖော်ပြထားပါသည်။ အဆိုပါအစီအစဉ်အရ စတော့ရှယ်ယာများ၊ ရင်းနှီးမြှုပ်နှံမှု များကို ရောင်းချခြင်းမှရရှိသည့် ဝင်ငွေအပေါ် ပေးဆောင်ရမည့်အခွန်အခများကို ကင်းလွတ်ခွင့်ပြုသွားမည်ဖြစ်ပါသည်။

အဆိုပါအစီအစဉ်ကို ဂျပန်အစိုးရ၏ Asset Income Doubling Plan အောက်မှ ဖော်ဆောင်ခြင်းဖြစ်ပြီး၊ Asset Income Doubling Plan ကို ပေါ်ထွန်းစစီးပွားရေးလုပ်ငန်းများ၏ စီးပွားရေးဖွံ့ဖြိုးတိုးတက်စေရန်နှင့် အဖွဲ့အစည်းများ၏ ဖွံ့ဖြိုးတိုးတက်မှုကို ဖြစ်ပေါ်စေမည့် ရန်ပုံငွေများပိုမိုရရှိစေရေး ရည်ရွယ်ဖော်ဆောင်ခဲ့ခြင်းဖြစ်ပါသည်။

ယခုနှစ်သည် အဆိုပါစီမံကိန်းပထမနှစ်ဖြစ်သည့်အလျောက် ဘဏ်တွင်အပ်နှံခြင်းအစား ရင်းနှီးမြှုပ်နှံမှုများဆောင်ရွက်ရန် တွန်းအားပေး၍ ဆောင်ရွက်သွားမည်ဖြစ်ကြောင်း ဝန်ကြီးချုပ် ဖူမီအို ခီရှိဒက ပြောကြားထားပါသည်။ ၂၀၂၂ ခုနှစ်တွင် ပြင်ဆင်ရေးဆွဲခဲ့သည့် Asset Income Doubling Plan အရ အစိုးရအနေဖြင့် Nippon Individual Savings Account (NISA) အရေအတွက်ကို ၃၄ သန်းအထိရရှိအောင် ဆောင်ရွက်သွားမည်ဖြစ်ကာ ရင်းနှီးမြှုပ်နှံမှုပမာဏကို ၅ နှစ်အတွင်း ယန်း ၅၆ ထရီလီယံရရှိရန် မျှော်မှန်းဆောင်ရွက်သွားမည်ဖြစ်ပါသည်။ NISA Account ဖွင့်လှစ်ခွင့်ပြုသည့်အချိန်မှစ၍ Account အသစ် ၁၇ သန်း ဖွင့်လှစ်ခဲ့ပြီး ရင်းနှီးမြှုပ်နှံမှု ယန်း ၂၈ ထရီလီယံအထိ ရရှိခဲ့ပြီးဖြစ်ကြောင်း‌ ဖော်ပြထားပါသည်။

Asset Income Doubling Plan တွင် ရည်မှန်းချက် ၃ ရပ်ပါရှိကာ ရည်မှန်းချက် ၁ အနေဖြင့် NISA Account အရေအတွက်ကို လက်ရှိ ၁၇ သန်းမှ ၃၄ သန်းအထိ ၅ နှစ်အတွင်း ရရှိရန်၊ ရည်မှန်းချက် ၂ အနေဖြင့် ရင်းနှီးမြှုပ်နှံမှုပမာဏကို လက်ရှိ ယန်း ၂၈ ထရီလီယံမှ ၅၆ ထရီလီယံရရှိရန်၊ တတိယရည်မှန်းချက်အနေဖြင့် ရည်မှန်းချက် ၁ နှင့် ၂ ပါအချက်များပြည့်မီရန် အလယ်အလတ်လူတန်းစားများကို ဦးတည်ဆောင်ရွက်သွားမည်ဖြစ်ပြီး ကာလရှည်ရည်မှန်းချက်များ ချမှတ်နိုင်ရေး မူဝါဒများရေးဆွဲဆောင်ရွက်သွားရန် ဖော်ပြထားပါသည်။

Nippon Individual Savings Account (NISA) တစ်ခုအတွက် Investment Trust များမှ တစ်နှစ်လျှင် အများဆုံးရင်းနှီးမြှုပ်နှံခွင့်ပြုကာ အခွန်ကင်းလွတ်ခွင့်ပြုမည့်ပမာဏမှာ ယန်း ၁.၂ သန်း၊ တစ်ဦးချင်း Account များအတွက် Growth Investment Account တစ်ခုလျှင် ယန်း ၂.၄ သန်း ၊ ရာသက်ပန်ရင်းနှီးမြှုပ်နှံမှုအများဆုံးပြုလုပ်၍ အခွန်ကင်းလွတ်ခွင့်ရှိမည့်ပမာဏမှာ NISA Account တစ်ခုအတွက် ယန်း ၁၈ သန်း သတ်မှတ်သွားမည် ဖြစ်ကြောင်း ဖော်ပြထားပါသည်။

NISA Account ကို အသက် ၁၈ နှစ်နှင့်အထက် ဂျပန်နိုင်ငံသားများအနေဖြင့် ဖွင့်လှစ်ဆောင်ရွက်နိုင်မည်ဖြစ်ပြီး Account သုံးစွဲသူများတိုးပွားလာစေရေးအတွက် Account အသစ်ပြုလုပ်သူများကို ဆွဲဆောင်မည့် အစီအစဉ်များလည်း ပြုလုပ်သွားမည်ဖြစ်ကြောင်း ဖော်ပြထားပါသည်။

Source : The Japan Times (25-4-2023)

(စီးပွားရေးသံမှူး၊ တိုကျိုမြို့)

 

Category: Japan