U. A. E

ယူအေအီးနိုင်ငံ၊ ဒူဘိုင်းမြို့တွင် ၃ ရက်ကြာပြသသည့် ဂျပန်ကျိုတိုကုန်သွယ်မှုပြပွဲသို့ လာရောက်လည်ပတ်သူ ၂၀,၀၀၀ ကျော်ရှိရန်ခန့်မှန်း

Last Updated:

ယူအေအီးနိုင်ငံသည် ၂၀၂၃ ခုနှစ် ပထမ ၁၁ လအတွင်း ဂျပန်နိုင်ငံ၏ ပို့ကုန်တန်ဖိုး အမေရိကန်ဒေါ်လာ ၈ ဘီလီယံတန်ဖိုးရှိ ကုန်စည်များကိုအရှေ့အလယ်ပိုင်းသို့ တင်ပို့သည့် ထိပ်တန်းနေရာတစ်ခုဖြစ်ပါသည်။

ကျိုတိုဂျပန်အစိုးရနှင့် ဒူဘိုင်းအစိုးရတို့ ပူးပေါင်းကျင်းပသည့် ကျိုတိုကုန်သွယ်မှုပြပွဲကို ဒူဘိုင်းမြို့ရှိ စီးပွားရေးနှင့် ခရီးသွားလာရေးဌာန(DET)က ဒူဘိုင်းကမ္ဘာ့ကုန်သွယ်ရေးစင်တာတွင် ပြပွဲလာဧည့်သည်များအတွက် တနင်္လာနေ့က ဖွင့်လှစ်ခဲ့ပါသည်။ ပြပွဲကို သုံးရက်အတွင်း လာရောက်ကြည့်ရှုသူ ၂၀,၀၀၀ ကျော်ကိုဆွဲဆောင်နိုင်မည်ဟုခန့်မှန်းထားပြီး ပြပွဲကို Dubai Chambers ၏ ညွှန်ကြားရေးမှူးချုပ် Mohammed Ali Rashid Lootah နှင့်ကျိုတိုအစိုးရ၏ ဒုတိယအုပ်ချုပ်ရေးမှူး Akimasa Yamashita တို့က ဖွင့်လှစ်ပေးခဲ့ပါသည်။ ခရီးသွားလုပ်ငန်းနှင့်ကူးသန်းရောင်းဝယ်ရေးဈေးကွက်အတွက် Dubai Corporation ၏ အမှုဆောင်အရာရှိချုပ် Issam Kazim၊ Sheikh Manaa bin Hashir Al Maktoumနှင့် ပြပွဲကို စီစဉ်သည့် Maico Enterprise Inc.၏ အမှုဆောင်အရာရှိချုပ် Mai Sakaue၊ နှစ်နိုင်ငံမှ တာဝန်ရှိသူများ၊ စီးပွားရေးလုပ်ငန်းရှင်များနှင့် ရင်းနှီးမြှုပ်နှံသူများအများအပြားတို့ တက်ရောက်ခဲ့ကြပါသည်။

Lootah မှ ပြောကြားရာတွင် Japan Kyoto Trade Exhibition သည် ဒူဘိုင်းနှင့် ဂျပန်ရှိ စီးပွားရေးနယ်ပယ်အသီးသီးတွင် နှစ်နိုင်ငံဆက်ဆံရေးခိုင်မာစေရန်အတွက် စံပြလမ်းကြောင်းတစ်ခုဖြစ်ပြီး ဒူဘိုင်းကုန်သည်များသည် ဂျပန်ရင်းနှီးမြှုပ်နှံမှုများကို ယူအေအီးသို့ဆွဲဆောင်ရာတွင် အကျိုးစီးပွားဖြစ်ထွန်းရေးကို အလေးထားကြောင်းနှင့် ဒူဘိုင်းကုန်သည်ကြီးများအသင်းတွင် မှတ်ပုံတင်ထားသော ဂျပန်ကုမ္ပဏီများမှာ ၂၀၂၃ ခုနှစ်တစ်ခုတည်းတွင် ဂျပန်ကုမ္ပဏီအသစ် ၁၁၉ ခုကို ထပ်မံပေါင်းထည့်ခဲ့ပြီး နှစ်ကုန်တွင်စုစုပေါင်းအရေအတွက် ၃၁၀ သို့ ရောက်ရှိသွားကြောင်း ၎င်းက ထပ်လောင်းပြောကြားခဲ့ပါသည်။

ပြပွဲတွင်ပါဝင်သည့်ကဏ္ဍများမှာ ဂျပန်အဖွဲ့အစည်းများ၊ ကုမ္ပဏီများနှင့် အမှတ်တံဆိပ်များ၊ နည်းပညာ၊ မော်တော်ယာဉ်၊ ကာတွန်း၊ ဗီဒီယို၊ ဂိမ်းများ၊ အစားအသောက်နှင့် အဖျော် ယမကာများအပါအဝင် အမျိုးမျိုးသောစီးပွားရေးလုပ်ငန်းကဏ္ဍများမှ ဖြစ်ပါသည်။

Japan Kyoto Trade Exhibition သည် အရှေ့အလယ်ပိုင်းဒေသတွင် နှစ်စဉ်ကျင်းပပြုလုပ်လျက်ရှိပြီး ဂျပန်စီးပွားရေးလုပ်ငန်းများမှ ၎င်းတို့၏ထုတ်ကုန်များနှင့်ဝန်ဆောင်မှုများကို ပြသသည့် ပြပွဲတစ်ရပ်တစ်ခုဖြစ်ကာ ယူအေအီးအခြေစိုက်စီးပွားရေးအဖွဲ့အစည်းများအား စူးစမ်းရှာဖွေရန် နည်းလမ်းအသစ်များဖြင့် စုစည်းတင်ဆက်ပေးခြင်းဖြစ်ကြောင်း ပွဲစီစဉ်သူများက ပြောကြားခဲ့ပါသည်။

ကျိုတိုမြို့သည် ဂျပန်နိုင်ငံရှိသမိုင်းဝင်မြို့တစ်မြို့ဖြစ်ပြီး ဂျပန်ယဉ်ကျေးမှု၏ဗဟိုချက်အဖြစ် တည်ရှိပါသည်။ ရာစုနှစ်များတစ်လျှောက် ကျိုတိုသည် အထည်အလိပ်နှင့် ကြွေထည်များကဲ့သို့သော ရိုးရာလက်မှုပညာများအပြင် ဂျပန်အစားအစာနှင့် မတ်ချာလက်ဖက်ရည်ကဲ့သို့သော ရိုးရာအစားအစာများ၊ ikebana(ပန်းခင်းကျင်းခြင်း)နှင့် လက်ဖက်ရည်ပွဲကဲ့သို့သော ယဉ်ကျေးမှုဓလေ့ထုံးတမ်းများနှင့်အတူ ရှင်သန်ပျိုးထောင်လာခဲ့သည့် မြို့တစ်မြို့ဖြစ်ပါသည်။

ထို့အပြင်၊ ကျိုတိုမြို့သည် semiconductors၊ decarbonisation နည်းပညာများနှင့် ရုပ်ရှင်များ၊ ကာတွန်းနှင့် ဂိမ်းများကဲ့သို့သော နယ်ပယ်များတွင် ဦးဆောင်ကုမ္ပဏီများနှင့်အတူ နယ်ပယ်ပေါင်းစုံမှ ထိပ်တန်းကုမ္ပဏီများနှင့်အတူ ခေတ်မီစက်မှုလုပ်ငန်းအမျိုးမျိုးတို့ တည်ရှိရာနေရာလည်းဖြစ်ပါသည်။ စိစစ်သန့်စင်ထားသော ရိုးရာနည်းပညာများနှင့် ကျိုတို၏ ခေတ်မီဆန်းပြားသော ယဉ်ကျေးမှုအမွေအနှစ်များသည် နယ်ပယ်အသီးသီးတွင် လုပ်ကိုင်နေသောကုမ္ပဏီများ၏ ကမ္ဘာလုံးဆိုင်ရာ အောင်မြင်မှုကို အထောက်အကူဖြစ်စေကြောင်း ဖော်ပြထားပါသည်။

ဂျပန်ပြည်ပကုန်သွယ်ရေးအဖွဲ့၏ မကြာသေးမီကထုတ်ပြန်ထားသော စာရင်းဇယားများအရ ယူအေအီးနိုင်ငံသည် ဂျပန်နိုင်ငံ၏ပို့ကုန်များအတွက် အရှေ့အလယ်ပိုင်းဒေသတွင် ထိပ်တန်းနိုင်ငံတစ်ခု ဖြစ်လာခဲ့ပါသည်။ ၂၀၂၃ ခုနှစ် ဇန်နဝါရီလမှ နိုဝင်ဘာလအထိ ကာလအတွင်း တန်ဖိုးအားဖြင့် အမေရိကန်ဒေါ်လာ ၈ ဘီလီယံတန်ဖိုးရှိကာ နှစ်နိုင်ငံဆက်ဆံရေးကို ကောင်းမွန်သောအဆင့်သို့ ရောက်ရှိစေရန် ပို့ဆောင်ပေးခဲ့ကြောင်းကို အဆိုပါသတင်းဌာနမှ ဖော်ပြထားပါသည်။

ယူအေအီးနိုင်ငံသို့ ဂျပန်မှတင်ပို့မှုသည် ထိုကာလအတွင်း ဂျပန်၏စုစုပေါင်းတင်ပို့မှု၏ ၃၉.၅ % ဖြစ်ပြီး ခန့်မှန်းခြေအားဖြင့် အမေရိကန်ဒေါ်လာ ၂၀ ဒသမ ၄ ဘီလီယံခန့်ရှိပါသည်။ Mai Sakaue က ဂျပန်ကို ကိုယ်စားပြုသည့် ဤပထမဆုံးသော B2B ညှိနှိုင်းမှုပွဲအတွက် လေးစားရသည့် မိတ်ဖက်များနှင့် ပေါင်းစည်းရခြင်းအား ဝမ်းမြောက်ကြောင်း၊ ပြပွဲသည် ကမ္ဘာလုံးဆိုင်ရာစင်မြင့်ပေါ်တွင် ဂျပန်နိုင်ငံ၏ တက်ကြွစွာထိတွေ့ဆက်ဆံမှုကို ကိုယ်စားပြုပြီး အသီးအပွင့်များသော လုပ်ငန်းအစပျိုးမှုများကို ဖော်ဆောင်ပေးသည့် ဒူဘိုင်းတွင် အောင်မြင်သောမိတ်ဆက်မှုများကို ၎င်းတို့မှ မျှော်လင့်ပါကြောင်း၊ ဒူဘိုင်းသည် ၎င်းတို့၏ နိုင်ငံတကာစီးပွားရေးလုပ်ငန်းများအတွက် အကောင်းဆုံး launchpad တစ်ခုဖြစ်ပြီး Japan Kyoto Trade Exhibition သည် ကုန်သွယ်မှုဆက်ဆံရေးတိုးမြှင့်ရန်၊ စီးပွားရေးတိုးတက်မှုကို လှုံ့ဆော်ရန်နှင့် အရှေ့အလယ်ပိုင်းတွင် ဆန်းသစ်တီထွင်မှုကို မြှင့်တင်ရန် ကတိကဝတ်ကို သက်သေအဖြစ် ရပ်တည်နေပါကြောင်း ပြောကြားခဲ့ပါသည်။

Source: khaeejtimes.com

(နန္ဒာစိုးမြင့်၊ စီးပွားရေးသံမှူး၊ ဒူဘိုင်းမြို့)

Category: U. A. E