Russia

ရုရှားနိုင်ငံ၏ နိုင်ငံခြားကုန်သွယ်မှုပိုငွေ ၁၂၆.၉ ဘီလီယံသို့ ကျဆင်းခဲ့သော်လည်း အာရှနိုင်ငံများနှင့် ကုန်သွယ်မှုမှာ မြင့်တက်လျက်ရှိ

Last Updated:

၂၀၂၃ ခုနှစ် ဇန်နဝါရီလမှ နိုဝင်ဘာလအထိ ၁၁ လတာကာလအတွင်း  ရုရှားနိုင်ငံ၏ နိုင်ငံခြားကုန်သွယ်မှုပိုငွေသည် ၂၀၂၂ ခုနှစ် အလားတူကာလနှင့်နှိုင်းယှဉ်ပါက အမေရိကန်ဒေါ်လာ ၃၁၀.၁ ဘီလီယံမှ ၁၂၆.၉ ဘီလီယံသို့ ကျဆင်းသွားခဲ့ကြောင်း၊ သို့သော် အာရှနိုင်ငံများနှင့်ကုန်သွယ်မှုပမာဏမှာ မြင့်တက်လျက်ရှိကြောင်း ရုရှားဖက်ဒရယ်အကောက်ခွန်ဝန်ဆောင်မှု(Federal Customs Service)မှ ထုတ်ပြန်ကြေညာထားပါသည်။

ဖော်ပြပါကာလအတွင်း ရုရှားပို့ကုန်မှာ အမေရိကန်ဒေါ်လာ ၅၃၈.၉ ဘီလီယံမှ ၃၈၅.၉ ဘီလီယံသို့ ကျဆင်းသွားခဲ့ပြီး သွင်းကုန်မှာ အမေရိကန်ဒေါ်လာ ၂၂၈ ဘီလီယံမှ ၂၅၉ ဘီလီယံအထိ မြင့်တက် ခဲ့သည်။

ရုရှားနိုင်ငံမှ အာရှနိုင်ငံများသို့ တင်ပို့မှုမှာ အမေရိကန်ဒေါ်လာ ၂၅၇.၁ ဘီလီယံမှ ၂၇၆.၁ ဘီလီယံအထိ တိုးတက်ခဲ့ပြီး သွင်းကုန်မှာ အမေရိကန်ဒေါ်လာ ၁၂၈.၉ ဘီလီယံမှ ၁၆၉.၉ ဘီလီယံအထိ မြင့်တက်ခဲ့သည်။ ဥရောပနိုင်ငံများသို့ တင်ပို့မှုမှာ အမေရိကန်ဒေါ်လာ ၂၄၈.၃ ဘီလီယံမှ ၇၈.၄ ဘီလီယံသို့ ကျဆင်းသွားခဲ့ပြီး သွင်းကုန်မှာ အမေရိကန်ဒေါ်လာ ၈၀.၇ ဘီလီယံမှ ၇၁.၇ ဘီလီယံသို့ ကျဆင်းခဲ့သည်။

အာဖရိကနိုင်ငံများနှင့် ကုန်သွယ်မှုမှာလည်း တိုးမြင့်လာခဲ့သည်။ ပို့ကုန်သည် အမေရိကန်ဒေါ်လာ ၁၂.၉ ဘီလီယံမှ ၁၉.၈ ဘီလီယံအထိ တိုးလာပြီး သွင်းကုန်မှာ အမေရိကန်ဒေါ်လာ ၂.၈ ဘီလီယံမှ ၃ ဘီလီယံအထိ တိုးလာခဲ့သည်။ မြောက်နှင့် တောင်အမေရိကနိုင်ငံများသို့ ရုရှားတင်ပို့မှုမှာ အမေရိကန်ဒေါ်လာ ၁၈.၈ ဘီလီယံမှ ၁၁.၄ ဘီလီယံသို့ ကျဆင်းခဲ့ပြီး သွင်းကုန်မှာ အမေရိကန်ဒေါ်လာ ၁၅.၂ ဘီလီယံမှ ၁၃.၇ ဘီလီယံသို့ ကျဆင်းခဲ့သည်။

ရုရှားနိုင်ငံ၏ နိုင်ငံခြားကုန်သွယ်မှုပမာဏအရ ဥရောပနိုင်ငံများနှင့် ကုန်သွယ်မှုပမာဏသည် သိသိသာသာကျဆင်းသွားခဲ့ပြီး အာရှနိုင်ငံများနှင့် ကုန်သွယ်မှုပမာဏသည် မြင့်တက်လာခဲ့ကြောင်း တွေ့ရှိရသဖြင့် အနာဂတ်တွင်လည်း အာရှနိုင်ငံများနှင့် ကုန်သွယ်မှုပမာဏသည် ဆက်လက်မြင့်တက်နိုင်ခြေရှိကြောင်း သုံးသပ်ရပြီး မြန်မာနိုင်ငံအနေဖြင့်လည်း ရုရှားနိုင်ငံနှင့် ကုန်သွယ်မှုအလားအလာကောင်းများရှိနေပါကြောင်း သုံးသပ်ရပါသည်။

Source :    https://tass.ru/ekonomika/19741401

(ခွန်မျိုးသူ၊ စီးပွားရေးသံမှူး၊ မော်စကိုမြို့)

Category: Russia